အပိုင်း ၆၅ (နေအိမ်ဟောင်း)

3.3K 450 9
                                    

[Zawgyi]

အဖွားကြီးကျန်းက လူကြီးမင်းယွီရဲ့ရှုပ်ထွေးတဲ့အကြည့်ကြောင့် သူမနှလုံးသား အေးခဲလာတာကို ခံစားမိတယ်။ သူ မပြောသင့်တာတခုခု ပြောမိမှာကို ကြောက်ရွံ့တာကြောင့် အသက်ပြင်းပြင်းရှူပြီး သူ့ကိုအော်လိုက်တယ်။
"ထပ်မရှိတော့ဘူး ဒီလောက်ပဲရှိတယ်။ အိမ်မှာ ပိုက်ဆံတွေ တောင်ပုံရာပုံရှိနေတာမဟုတ်ဘူး ။ ဆေးဖိုးကို ၁၀ လျန်ကျော်သုံးပြီးမှတော့ ပိုက်ဆံကဘယ်လောက်များ ကျန်နိုင်ဦးမှာလဲ"
လူအိုမကြီးက သူမစိတ်ထဲကဝရုန်းသုန်းကား အခြေအနေကိုဖုံးဖိဖို့ သူမရဲ့ကျယ်လောင်တဲ့အသံကို အသုံးပြုခဲ့တယ်ဆိုတာ ရှောင်ချောင်းပြောနိုင်တယ်။ အိမ်မှာပိုက်ဆံတွေ ထပ်ရှိနေတယ်ဆိုတာကို သူမသိတယ်။ သို့သော်လည်း သူတို့မိသားစုတွေ ချောချောမွေ့မွေ့ ခွဲထွက်နိုင်သရွေ့ တခြားအရာတွေအပေါ် စကားများဖို့မလိုအပ်တော့ဘူး။ ဒါပေမယ့် အဖွားကြီးကျန်းက လူတိုင်းကို လှည့်စားနေတာကို မလိုချင်တာကြောင့်
"ထပ်မရှိတော့ဘူးဆို မရှိတော့ဘူးပေါ့ ဘာလို့အော်ဟစ်နေတာလဲ! သေချာမသိတဲ့သူဆိုရင် အဖွားတစ်ခုခု ဝှက်ထားတယ်လို့ထင်နေတော့မှာပဲ"
"တခုခုကိုဝှက်ထားတယ်? ငါက ဘာကိုဖုံးကွယ်ဖို့လိုမှာလဲ။ ကောင်မစုတ် အကြီးတွေကို ဘယ်လိုခံပြောရမယ်ဆိုတာပဲ ညည်းသိတာလား။ မနက်ခင်းတုန်းက ညည်းကို တကယ်ရောင်းလိုက်သင့်တယ်"
အဖွားကြီးကျန်းရဲ့ ခက်ထန်နဲ့မျက်နှာထားနဲ့ မဲ့ရွဲ့လိုက်တယ်။ ရွာလူကြီးနဲ့ ကျန်တဲ့မိသားစုအကြီးအကဲတွေသာ ဒီမှာမရှိခဲ့ရင် သူမက သည်းခံမနေဘဲ လူကြီး လူကြီးမှန်းမသိတတ်တဲ့ ကောင်မရဲ့ပါးကို ရိုက်ပစ်လောက်တယ်။
ငါ့ယွီမိသားစုရဲ့မြေးနဲ့မြေးမလေးတွေကို ရောင်းမယ်လို့ ဘယ်သူပြောနေတာလဲ
ဒီမနက်ခင်း မရင်းနှီးတဲ့မိန်းမကြီးတယောက်က လူကြီးမင်းယွီအိမ်မှာ ရှိနေပြီး ကောလဟာလတွေအရ သူမက မြို့မှာကုန်ကူးတဲ့ အမျိုးသမီးကြီးဖြစ်သည်။ နံရံတိုင်းမှာနားတွေရှိတာကြောင့် အဖွားကြီးကျန်းနဲ့ အမျိုးသမီးလီက အမွှာတွေကို ရောင်းဖို့ကြိုးစားတယ်ဆိုတာ တစ်ရွာလုံးသိပြီးသားဖြစ်တယ်။
အကြီးဆုံးဖြစ်သဖြင့် ယွီလီချွမ်းက သူမကို ခက်ထန်စွာ ကြည့်နေပေမယ့် သိက္ခာရှိပြီး ခံ့ညားတဲ့ပုံပေါ်တယ်။ သို့သော်လည်း လူတိုင်းက အဖွားကြီးကျန်းရဲ့အပေါက်ဆိုးမှုကို အထင်အမြင်သေးကြတယ်။
အဆုံးမှာ အဖွားကြီးကျန်းကဝုန်းဒိုင်းကြဲပြီး ခုနှစ်အိမ်ကြားရှစ်အိမ်ကြား အော်ငိုခဲ့တာကြောင့်
ယွီရှောင်ချောင်းမိသားစုက ၂ လျန်သာရရှိခဲ့တယ်။ အဲ့ဒီညမှာ လူကြီးမင်းယွီက အနွေးကုတင်ရဲ့ ခေါင်းရင်းမှာထိုင်ပြီး သူရဲ့ဆေးလိပ်တံကို သောက်နေရင်း အဖွားကြီးကျန်းရဲ့ မျက်နှာလိုမျက်နှာရ ပန်းနုသွေးဇာတ်ခင်းနေတာကို စိတ်မဝင်စားတဲ့မျက်လုံးနဲ့ လှည့်ကြည့်လိုက်တယ်။
အဖွားကြီးကျန်းက သက်ပြင်းချလိုက်ပြီး ပြောခဲ့တယ်။
"မိသားစုခွဲထွက်ဖို့ဆွေးနွေးတုန်းက မုဆိုးကျောက်ပေးတဲ့ လျန်၃၀၀ ကိုမထုတ်တဲ့အတွက် ရှင် ကျွန်မကို အပြစ်တင်နေတာ သိပါတယ်။ ဒါပေမယ့် အဲ့ဒါလည်း ကျွန်မတို့မိသားစု ကောင်းဖို့အတွက် လုပ်နေတာလေ။ အတိတ်မှာတုန်းက ဒုတိယသားက အလုပ်ကြိုးစားပြီး လုပ်နိုင်စွမ်းရှိလို့ မိသားစုက သူ့ပေါ်မှာ မှီခိုနေရတယ်လို့ ရှင်တွေးနေတာလေ။ ဒါပေမယ့် သူ ဒဏ်ရာရနေတာမို့ အခု ငါတို့တစ်မိသားစုလုံးရဲ့ မျှော်လင့်ချက်တွေအားလုံးက တတိယသားရဲ့ပုခုံးပေါ်ရောက်နေပြီ။ ဆရာက တတိယသားရဲ့အားထုတ်မှုတွေကို အမြဲမချီးကျူးဘူးလား။ နောက်နှစ် စာမေးပွဲပြီးလို့ သူအဲ့တာကို အောင်ခဲ့ရင် ဆရာက သူ့ကို အထူးပညာရပ်သင်ကျောင်းရဲ့ ကျော်ကြားတဲ့ပညာရှင် ဆရာယွမ်ဆီမှာ ထောက်ခံပေးလိမ့်မယ်။ ကျွန်မ လိုက်စုံစမ်းကြည့်တော့ ပညာရှိယွမ်က အရင်မင်းဆက်တုန်းက နယ်အဆင့်စာမေးပွဲ၊ မြို့တော်အဆင့်စာမေးပွဲနဲ့ အင်ပါယာအဆင့်စာမေးပွဲတွေမှာ ပထမရခဲ့တဲ့ ရှားပါးတဲ့ပါရမီရှင်တဲ့။ သူ့ရဲ့အထူးပညာရပ်သင်ကျောင်းက ပညာသင်ဆုရကျောင်းသားတွေ ဘယ်လောက်အောင်တယ်ဆိုတာ မပြောနဲ့ဦး အင်ပါယာအဆင့်စာမေးပွဲမှာ ဒုတိယနဲ့တတိယရတဲ့ ပညာသင်ဆုရကျောင်းသားတွေကို မွေးထုတ်ပေးတာတဲ့။ အဖိုးကြီး ငါတို့တတိယသားမှာ ကောင်းမွန်တဲ့ကံနဲ့ အင်ပါယာအဆင့်စာမေးပွဲ အောင်နိုင်တဲ့အလားအလာရှိတယ်လို့ သူတို့မပြောခဲ့ဘူးလား။ ငါတို့ ဒီအခွင့်အလမ်းကို လုံးဝလက်လွှတ်မပေးနိုင်ဘူး"
လူကြီးမင်းယွီရဲ့မျက်နှာထားက သိသိသာသာ ကောင်းလာတာ မြင်တော့ အမျိုးသမီးကျန်းက ဆက်နားချတယ်။
"ဒီ လျန်၃၀၀က ဒုတိယသားရဲ့ခြေထောက်နဲ့ အလဲအလှယ်ဖြစ်ပေမယ့် တွေးကြည့်လိုက်! တတိယသားက အဲ့တာကိုအခုသုံးပြီး အနာဂတ်ကျ သူ့က တရားအရာရှိဖြစ်ပြီး ဝင်ငွေရလာတဲ့အခါ ငါတို့ ဒုတိယမျိုးဆက်ခွဲကို နည်းနည်း ထပ်ပေးလို့ရတယ်။ ဒါကအဆင်မပြေဘူးလား!"
လူကြီးမင်းယွီက သူပါးစပ်မှာ ဆေးလိပ်တံကို ကိုက်ထားပေမယ့် အချိန်တော်တော်ကြာ အဲ့တာကို မရှိုက်ခဲ့ဘူး။ အဆုံးမှာ သူက သက်ပြင်းချပြီး ပြောလိုက်တယ်။
"ငါက သာ့ဟိုင်အမေပေါ်မှာ တာဝန်မကျေခဲ့ဘူး။ ဒီကလေးနှစ်ယောက်ကို ငါမစောင့်ရှောက်ခဲ့တဲ့အပြင် သာ့ဟိုင် သူ့ဘဝကို စွန့်ပြီးရခဲ့တဲ့ ပိုက်ဆံကိုတောင် ငါခိုးခဲ့တယ် အာ.."
လူကြီးမင်းယွီက သေတဲ့ဝိညာဉ်ကို တွေးနေတာကို အဖွားကြီးကျန်းမြင်တဲ့အခါ သူမရဲ့နှလုံးမှာ မနာလိုတဲ့ ပေါက်ကွဲမှုကိုခံစားရတယ် ။သို့သော်လည်း ဒီ ၃၀၀ လျန်အတွက် သူမက သူမဘာသာချုပ်ထိန်းထားပြီး လူအိုကြီးနဲ့ စကားမများခဲ့ဘူး။ သူမလက်ထဲမှာ တင်းကျပ်စွာကိုင်ထားတဲ့ လျန်၃၀၀နဲ့ ပိုက်ဆံဖြုန်းမယ့် ဒုတိယသားတစ်မိသားစုလုံးကလည်း နှင်ထုတ်ခံထားရတာကြောင့် သူမပါးစပ်ထဲက ချိုမြိန်တဲ့အရသာက ပျားရည်ထက်တောင် ပိုအရသာရှိနေတယ်။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now