ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

713 86 0
                                    

Chapter 86

ညနေငါးနာရီခန့်တွင် ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့တို့စီးနင်းလိုက်ပါလာသည့် လေယာဥ်ကအင်ပါယာမြို့တော်လေဆိပ်တွင် အချိန်မီဆိုက်ရောက်လာသည်။

ကိုယ်စားလှယ်လုယွမ်ကျစ်က သူတို့နှစ်ဦးအား လေယာဥ်ကွင်းတွင် လူကိုယ်တိုင်လာကြိုသည်။

ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့တို့နှစ်ယောက်သား လေယာဥ်ပေါ်မှဆင်းကာ ကားထဲသို့ဝင်ထိုင်လိုက်သည်နှင့် ကားနောက်ခန်းတွင်မိန့်မိန့်ကြီးထိုင်နေသည့် ချစ်လှစွာသောကိုယ်စားလှယ်ကြီးကို တွေ့လိုက်ရသောကြောင့် ခဲ့ကျင်းယန်၏စိတ်ထဲတွင်စနှိုးစနှောင့်ဖြစ်သွားရသည်။

အစပိုင်းတွင် နားပူနားဆာလုပ်လွန်းသည့် ကိုယ်စားလှယ်ကိုရှောင်ရအောင် ရိုက်ကူးရေးခရီးစဥ်မှပြန်ရောက်ရောက်ချင်း အိမ်ပြန်ကာနှစ်ရက်ခန့်အနားယူလိုက်ရန် ခဲ့ကျင်းယန်စီစဥ်ထားခဲ့သည်။ သို့သော် မထင်မှတ်ထားစွာဖြင့် လုယွမ်ကျစ်က လေဆိပ်တွင် လူကိုယ်တိုင်လာကြိုသည်တဲ့လား။

ဘုမသိဘမသိကလေးငယ်ကုဆွေ့ဆွေ့ကမူ မတွေ့ရတာကြာပြီဖြစ်သည့် ဦးဦးလုယွမ်ကျစ်ကိုတွေ့လိုက်ရသောကြောင့် အပျော်လွန်ကာ အပြေးလေးသွားဖက်တော့သည်။

သူ့အားရွှင်ပျစွာပြုံးပြနေသည့်ကလေးငယ်ကြောင့် လုယွမ်ကျစ်၏ဆူပူကြိမ်းမောင်းမည့်အစီအစဥ်မှာလည်း ကြက်ပျောက်ငှက်ပျောက်ပင်။ 

"ဆွေ့ဆွေ့...ယွင်နန်မှာ ရိုက်ကူးရေးနှစ်ရက်သွားလုပ်တာ...ပျော်ခဲ့ရဲ့လား"

"အင်း....အရမ်းပျော်ခဲ့တာဦးရဲ့"

"ဆွေ့ဆွေ့လေး...ကင်မရာမန်းနဲ့အတူလူစုကွဲပြီး တောထဲမှာလမ်းပျောက်သွားတယ်ဆို ဟုတ်လား"

"ဟမ်...ဒါပေမဲ့ ဦးဦးတစ်ယောက်က သမီးတို့ကိုအန္တရာယ်ကင်းကင်းနဲ့ပြန်ပို့ပေးပါတယ် မစိုးရိမ်ပါနဲ့ သမီးဘာမှမဖြစ်ပါဘူး"

ကုဆွေ့ဆွေ့နှင့်လုယွမ်ကျစ်တို့ အပြန်အလှန်အမေးအဖြေလုပ်ပြီးအလွမ်းသယ်နေကြသည့်မြင်ကွင်းကိုကြည့်ရင်း ခဲ့ကျင်းယန်မျက်မှောင်ကြုတ်မိသည်။ ထိုအကြောင်းများကို လက်ထောက်ဆီမှသိပြီးနှင့်လောက်ပြီဖြစ်သော်လည်း လုယွမ်ကျစ်က ခရီးပန်းလာသောကလေးကို တမင်သက်သက် ဒုက္ခပေးပြီးလာမေးနေသေးသည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now