ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

710 72 0
                                    

Chapter 99

အသည်းအသန်အင်တာဗျူးလုပ်ချင်နေသော သတင်းမီဒီယာသမားများကို ခွာထုတ်ပြီးနောက် လုယွမ်ကျစ်က ကုဆွေ့ဆွေ့ကိုမြေအောက်ကားပါကင်တွင်အသင့်ရပ်ထားသော ကားအနက်ရောင်လေးဆီသို့ဂရုတစိုက်ခေါ်သွားသည်။

ကားတံခါးဖွင့်လိုက်သည်နှင့် ကုဆွေ့ဆွေ့က ကားအနောက်ခန်းတွင်ဝင်ထိုင်၏။ မိခင်ဖြစ်သူကိုတွေ့လိုက်ရသည့်အခါ သူမကပျော်ရွှင်စွာဖြင့် ရင်ခွင်ထဲသို့တစ်ကိုယ်လုံးပစ်ဝင်လိုက်တော့သည်။

ဖုန့်ယောင်ချင်းလည်း 'တိမ်မြှုပ်နေသော' ရုပ်ရှင်၏ ယနေ့ပွဲဦးထွက်ပြပွဲကိုတက်ရောက်ခဲ့သည်။ သူမ၏သမီးလေး ပထမဆုံးပါဝင်သရုပ်ဆောင်ထားသော ရုပ်ရှင်ကားကြီးကို လက်မလွှတ်နိုင်ပေ။

ဆွေ့ဆွေ့က ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့သားတစ်ဦးဖြစ်သောကြောင့် ရှေ့ဆုံးတန်းတွင်အခြားသရုပ်ဆောင်များနှင့်အတူထိုင်ရသည်။ ဖုန့်ယောင်ချင်းကမူ ကိုယ်စားလှယ်လုယွမ်ကျစ်ကြိုတင်စီစဥ်ပေးထားသော အလယ်တန်းလောက်တွင်ထိုင်သည်။

အစပိုင်းတွင် သမီးဖြစ်သူသရုပ်ဆောင်ထားသောကြောင့်သာ ဖုန့်ယောင်ချင်းစိတ်ဝင်တစားကြည့်ခြင်းဖြစ်၏။ သို့သော် ဇာတ်လမ်းစသည်နှင့်အမျှ ဇာတ်ရှိန်တဖြေးဖြေးတက်လာကာ သူမကိုယ်တိုင်ဇာတ်လမ်း၏စည်းချက်ကာရံအတိုင်းပျော်ဝင်နှစ်မြှုပ်သွားခဲ့သည်။

ရုပ်ရှင်များကိုနှစ်ခြိုက်လေ့မရှိသည့်သူမလိုလူတစ်ယောက်ပင် 'တိမ်မြှုပ်နေသော' ရုပ်ရှင်ကားကြီးက အနုပညာလက်ရာဖန်တီးမှုကောင်းမွန်လှသော ဇာတ်လမ်းတစ်ပုဒ်ဖြစ်ကြောင်း ကောက်ချက်ချနိုင်သည်။

"မေမေရေ...ကြားလိုက်လားဟင် ရုပ်ရှင်ရုံထဲမှာ လူတိုင်းကသမီးကိုချီးကျူးနေကြတာ"

ကုဆွေ့ဆွေ့က မိခင်ဖြစ်သူအား စိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်သည်။ ဖုန့်ယောင်ချင်းအနားသို့ရောက်လာလျှင် ဆွေ့ဆွေ့ကအခြားလူရှေ့တွင်ထက် ပို၍ကလေးဆန်နေတတ်ပြီး စိတ်ထဲရှိသမျှကို သတိလက်လွတ်ထုတ်ပြောတတ်၏။

ရုပ်ရှင်ထဲတွင် သူမသမီးငယ်လေး၏ထူးချွန်ပြောင်မြောက်လှသောသရုပ်ဆောင်ချက်များနှင့်ရုံထဲတွင်ကြားခဲ့ရသောချီးကျူးစကားများကိုပြန်တွေးမိလိုက်သောအခါ ဖုန့်ယောင်ချင်းတစ်ယောက် စိတ်သက်သာရာရသွားသလို တစ်ဆက်တည်း ဆွေ့ဆွေ့အတွက်လည်း အလွန်ဂုဏ်ယူနေမိ၏။ ထို့ကြောင့် ကိုယ်ကိုအရှေ့သို့ညွတ်ကိုင်းကာ သမီးငယ်လေး၏ပါးပြင်ကိုငုံ့နမ်းလိုက်သည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now