ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

727 69 1
                                    

Chapter 111

အခြားလူများ ပျော်သည်မပျော်သည်ကို ကုဆွေ့ဆွေ့မသိသလို ဂရုလည်းမစိုက်ပေ။ မည်သို့ပင်ဖြစ်စေ ဂုဏ်ပြုညစာ စားပွဲတွင်ဝါးတီးဆွဲရသောကြောင့် ဆွေ့ဆွေ့တစ်ယောက် အပျော်ကြီးပျော်နေမိ၏။

ဂုဏ်ပြုညစာ စားပွဲကြီးတွင် လူကြီးများစွာတက်ရောက်လာကြသောကြောင့် သေးသေးကွေးကွေးလေးဖြစ်နေသော ကုဆွေ့ဆွေ့တစ်ယောက် အခန်းထောင့်နားလေးတွင် ခပ်ကျုံ့ကျုံ့လေးထိုင်နေမိသည်။ မည်သူကမှ သူမလို ကလေးသရုပ်ဆောင်တစ်ယောက်ကို အာရုံမစိုက်ကြချေ။

လက်ထောက်မမယူလာပေးသော ကိတ်မုန့်ကိုသာစားနေရင်း ကုဆွေ့ဆွေ့ကျေနပ်နေမိသည်။

ကိတ်မုန့်စားကာအအေးသောက်နေရင်း ရုတ်တရက်ဆိုသလို သူမရင်းနှီးနေသောမျက်နှာပိုင်ရှင်ကို လူအုပ်ထဲတွင်လှမ်းတွေ့လိုက်ရသည်။ သေသေချာချာကြည့်လိုက်မှ 'ပါးကိုက်နားကိုက်' ရုပ်ရှင်ရိုက်ကွင်းတွင်ဆွေ့ဆွေ့တွေ့ဖူးနေကျ သရုပ်ဆောင်မမကျီမင်းဖြစ်နေ၏။

ထိုမမကျီမင်းကို စတွေ့သည့်အချိန်ကတည်းက ဆွေ့ဆွေ့သဘောမကျပေ။ မကောင်းသောအငွေ့အသက်များနှင့်မလိုမုန်းထားသည့်အရိပ်အယောင်များကို ခံစားနေမိသည်။ ဘာကြောင့်ရယ်မှန်းတော့မသိ။ ထိုမမကိုမြင်လိုက်တိုင်း ဆွေ့ဆွေ့၏မျက်ခုံးတို့အလိုလိုတွန့်ချိုးသွားမိသည်။

ဆွေ့ဆွေ့ကြည့်နေတုန်းမှာပင် မမကျီမင်းက စားပွဲဝိုင်းတစ်ခုဆီသို့လျှောက်သွားပြီး စားပွဲပေါ်တွင်တင်ထားသောခွက်ထဲသို့ တစ်ခုခုထည့်လိုက်သည်ကို တွေ့လိုက်ရသည်။ ဆွေ့ဆွေ့၏စိတ်ထဲတွင် သိချင်စိတ်တို့ပြင်းပြလာရသည်။

"မမရှန်ယွမ်...သမီးကို အဲ့စားပွဲဝိုင်းကခွက်လေးယူပေးလို့ရမလား"

ဆွေ့ဆွေ့ကိုယ်တိုင်ယူကြည့်ချင်သော်လည်း အရပ်မမှီသောကြောင့် မမရှန်ယွမ်ကို အကူအညီတောင်းလိုက်သည်။

ရှန်ယွမ်လည်း ဆွေ့ဆွေ့ပြောသည့်အတိုင်းစားပွဲပေါ်ရှိခွက်ကိုလှမ်းယူမည်အပြုတွင် ခွက်ထဲရှိ သောက်စရာအမျိုးအမည်ကိုမြင်လိုက်ရချိန်တွင် ချက်ချင်းပြန်ချလိုက်သည်။ ဝိုင်ခွက်ကို ဆွေ့ဆွေ့က ဖျော်ရည်ထင်နေပုံရသည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now