ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

710 81 0
                                    

Chapter 118

ကုဆွေ့ဆွေ့က မူကြိုကျောင်းနှင့်ပတ်သတ်ပြီး အလွန်မျှော်လင့်ထားခဲ့သည်။ သို့သော် တကယ်တမ်းလက်တွေ့တွင် အစစအရာရာကသူမနှင့်အလွန်စိမ်းသက်နေသည်။ ထို့ကြောင့် အနည်းအများဆိုသလို သက်တောင့်သက်တောင်းရှိမနေပေ။ ဤသို့သောမရင်းနှီးသည့်ပတ်ဝန်းကျင်တွင် သူမသိသောလူတစ်ယောက်ကိုတွေ့လိုက်ရသည်က အတော်လေးစိတ်သက်သာရာရသွားစေ၏။

မည်သို့ပင်ဆိုစေ သူမနှင့်စကားပြောပေးမည့် အတူဆော့ကစားပေးမည့်အဖော်တစ်ယောက်လောက်တော့ရှိသွားသည် မဟုတ်လား။

ဘေးတွင်ထိုင်နေသောချင်ဇီချန်းမှာလည်း စိတ်ထဲတွင်ဆွေ့ဆွေ့ကဲ့သို့ပင်တွေးနေမိသည်။ အခြေအနေတစ်ခုလုံးကအနည်းငယ်ကို့ရိုးကားရားနိုင်သော်လည်း သူ့အားမကြောက်မရွံ့ချဥ်းကပ်လာသောဆွေ့ဆွေ့နှင့်သူငယ်ချင်းဖြစ်ချင်မိပါ၏။ ဘယ်လောက်ပဲအပြင်ပန်းတွင်လူကြီးဆန်ကာတည်ငြိမ်နေပါစေ သူလည်းကလေးတစ်ယောက်ပင်ဖြစ်သည်လေ။

ထို့ကြောင့် ရွေးချယ်စရာမရှိသောဘေးကျပ်နံကျပ်အခြေအနေတစ်ခုတွင် သူတို့နှစ်ယောက် ရှေ့လျှောက်သူငယ်ချင်းအဖြစ်နေသွားရုံမှလွဲ၍ အခြားရှောင်လွှဲစရာကိစ္စမရှိပေ။

မူကြိုကျောင်းကအခြားအတန်းများထက်ကျောင်းဆင်းချိန်စောသည်။ ဖုန့်ယောင်ချင်းမှာ ဆွေ့ဆွေ့ကိုသူမကိုယ်တိုင် ကားမောင်းပြီးသွားကြိုချင်သော်လည်း ဤအချိန်ကရုံးဆင်းချိန်ဖြစ်နေသောကြောင့် ယာဥ်ကြောပိတ်ဆို့မှုနှင့်ကြုံရနိုင်၏။

ထို့ကြောင့် လေ့ကျင့်ခန်းလည်းလုပ်ဖြစ်သွားအောင် ခြေလျင်သာသွားကြိုလိုက်သည်။ အိမ်မှဆယ်မိနစ်ခန့်လမ်းလျှောက်လျှင်ကျောင်းသို့ရောက်နိုင်၏။

အင်ပါယာမူကြိုကျောင်းသို့စောရောက်နေသောကြောင့် ဖုန့်ယောင်ချင်းလည်းဟိုဟိုဒီဒီစူးစမ်းနေမိသည်။ ထိုစဥ်တွင် ကိုယ်စားလှယ်လုယွမ်ကျစ်က အကောင်းစားဇိမ်ခံကားနှင့်ရောက်ချလာပြီး မလှမ်းမကမ်းတွင်ကားပါကင်ထိုးနေသည်ကိုတွေ့လိုက်ရသည်။

ထို့နောက်အခြားကျောင်းသားမိဘများလည်းတဖွဲဖွဲရောက်လာကြသည်။ သူ့ထက်ငါအပြိုင်ကားအကောင်းဆုံးများနှင့်လာကြိုကြသောမိဘများကိုကြည့်ရင်း ဖုန့်ယောင်ချင်းတစ်ယောက် သိမ်ငယ်စိတ်များအလိုလိုဝင်လာမိသည်။ ယနေ့တွင်လည်း ကိုယ်စားလှယ်လုယွမ်ကျစ်ကဆွေ့ဆွေ့ကိုကားနှင့်လာကြို၍တော်သေး၏။ မဟုတ်လျှင် ဆွေ့ဆွေ့မျက်နှာငယ်ရပေဦးမည။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now