ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

776 82 2
                                    

Chapter 103

ကုဆွေ့ဆွေ့က ထိုသို့ပြောပြီးနောက် မျက်မှောင်ကြုတ်ကာ အနည်းငယ်စိတ်ရှုပ်ထွေးနေပုံရသည်။ ခွေးလေးကိုပွေ့ချီနိုင်ရန် အစားမည်မျှစားရဦးမည်နည်းဟုစဥ်းစားနေပုံရ၏။

ကုဆွေ့ဆွေ့၏စကားကြောင့် ခဲ့ကျင်းယန်လည်း စိတ်မောသွားကာ သက်ပြင်းချနေမိသည်။

ဆွေ့ဆွေ့က ထိုခွေးဝတုတ်လေးကို အလွန်ပွေ့ချီချင်နေပုံရသည်။

ဝကစ်နေသောခွေးလေးက နေ့တိုင်းအစားစားနိုင်လွန်းသည်။ အစာကျွေးသည့်အချိန်တိုင်း တစ်ဝတစ်ပြဲစားသောကြောင့် ကိုယ်အလေးချိန်မှာတဖြေးဖြေးတိုးလာပြီး သူလိုလူကြီးတစ်ယောက်ပင် မနည်းပွေ့ချီနေရသည်။ ဆွေ့ဆွေ့ကဲ့သို့ ပိန်ပိန်သွယ်သွယ်သုံးနှစ်အရွယ်ကလေးလေးက ပွေ့ချီနိုင်မည်မဟုတ်ပေ။

ခဲ့ကျင်းယန်က ကလေးငယ်၏ခေါင်းလေးကို ပွတ်သပ်ကာ အပြုံးလေးဖြင့်ပြောလိုက်သည်။

"ဆွေ့ဆွေ့...ခွေးလေးကိုချီချင်တယ်ဆိုရင် တကယ်အစားများများစားရမယ်နော် အဲဒါမှ အားပိုရှိလာပြီး အရပ်လည်းပိုရှည်လာမှာ"

သို့သော် ဝတုတ်ကောင်ကိုမူ ဒီ့ထက်ပိုဝမလာအောင် အစားများများမစားခိုင်းရန်သူဆုံးဖြတ်လိုက်၏။

ဆွေ့ဆွေ့က ခဲ့ကျင်းယန်၏အိမ်တွင် နေ့လည်မွန်းလွဲပိုင်းလောက်ရောက်သည်အထိ ကစားနေခဲ့သည်။ ညနေလေးနာရီခွဲသို့ရောက်လာချိန်တွင် ကုဆွေ့ဆွေ့ကနာရီကိုတစ်ချက်လှမ်းကြည့်ကာ လက်ထောက်မမနှင့်အိမ်ပြန်ရန်ပြင်လိုက်သည်။

မေမေက သူမနှင့်အတူညစာစားရန် အိမ်တွင်စောင့်နေလောက်ချေပြီ။

ရှီးရှီးက ဥာဏ်ကောင်းသောခွေးလေးဖြစ်သည်။ ဤရက်ပိုင်းအတွင်း သူ့သခင်ငယ်လေး၏ လှုပ်ရှားမှုများကို ရင်းနှီးကျွမ်းဝင်နေပြီဖြစ်သည်။ သခင်ငယ်လေးက မတ်တပ်ထရပ်ပြီး တံခါးမကြီးဆီသို့လျှောက်သွားသည်ကိုမြင်လိုက်ရာ မကြာခင်အိမ်ပြန်တော့မည်မှန်းသူသဘောပေါက်သည်။ ထို့ကြောင့် အိမ်မပြန်စေရန် ရှီးရှီးကဆွေ့ဆွေ့၏ဘောင်းဘီစကိုကိုက်ဆွဲပြီး တားထားသည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now