ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

643 59 0
                                    

Chapter 121

"ဆွေ့ဆွေ့အခြေအနေဘယ်လိုလဲ ဇာတ်ညွှန်းဖတ်ကြည့်သေးလား ဒီနေ့တစ်ယောက်တည်းဖတ်ရမှာနော်"

ဒါရိုက်တာလုကျန်းဟွေက ဆွေ့ဆွေ့ကို စသလိုနောက်သလိုဖြင့်မေးလိုက်၏။

"ဇာတ်ညွှန်းကိုသမီးအကြိမ်ကြိမ်ဖတ်ပြီးပြီ အလွတ်တောင်ရနေလောက်ပြီ"

ကုဆွေ့ဆွေ့၏ ပင်ကိုယ်စရိုက်မှာ အတော်လေးပွင့်လင်းရိုးရှင်းသည်။ ပြောစရာရှိသည်များကို ပွင့်ပွင့်လင်းလင်းနှင့်တည့်တိုးပြောတတ်သည်။ စိတ်ထဲတွင်သိမ်းမထားတတ်ပေ။

ရိုးသားပွင့်လင်းပြီးချစ်စဖွယ်ကောင်းလွန်းသော ကလေးငယ်လေးကိုကြည့်ရင်း နံဘေးတွင်ထိုင်နေသည့် လက်ထောက်ဒါရိုက်တာနှစ်ယောက်မှာ မအောင့်အီးနိုင်တော့ဘဲ အသံထွက်ရယ်မိသွား၏။

"အဲဒါဆိုရင် ခဏနေကျရင်ဇာတ်ညွှန်းဖတ်ရတော့မှာ ဆွေ့ဆွေ့တစ်ယောက်တည်းအကူမလိုဘဲဖတ်နိုင်တာသေချာရဲ့လား"

လုကျန်းဟွေ့က အတည်ပေါက်နှင့်ထပ်မေးလိုက်သည်။ ဆွေ့ဆွေ့အရွယ်ကလေးသရုပ်ဆောင်များက စာသိပ်မဖတ်နိုင်သေးသောကြောင့် ဇာတ်ညွှန်းဖတ်သည့်အချိန်တိုင်းအခက်တွေ့ရတတ်သည်။ ရိုက်ကူးရေးဝန်ထမ်းတစ်ဦးကအမြဲတမ်းကူဖတ်ပေးရသောကြောင့် အချိန်ကြန့်ကြာတတ်၏။

"ဟုတ်ကဲ့...သမီးတစ်ယောက်တည်းဇာတ်ညွှန်းကိုသေသေချာချာဖတ်နိုင်ပါတယ် မေမေကဒီနေ့သမီးကိုဖတ်ကူဖို့အဖော်လိုက်လာမယ်ပြောတာတောင် သမီးကလက်မခံတာပါ"

"ဟုတ်ပြီ...အဲဒါဆိုရင် ဆွေ့ဆွေ့လေးရဲ့စွမ်းရည်ကို ဘိုးဘိုးကစောင့်ကြည့်နေမယ်နော်"

သရုပ်ဆောင်အတော်များများကဇာတ်ညွှန်းဖတ်ရာတွင်ချောချောမွေ့မွေ့ကျွမ်းကျွမ်းကျင်ကျင်နှင့်အထေ့အငေါ့မရှိဘဲဖတ်နိုင်ကြသည်။ သို့သော် လုကျန်းဟွေကထိုအချက်များကိုစိတ်မဝင်စားပေ။ သူစိတ်ဝင်စားသည်မှာ ခံစားချက်အသက်ဝင်အောင် ဖတ်နိုင်ခြင်းဖြစ်၏။

အစည်းအဝေးခန်းမထဲတွင်ခုံတန်းရှည်ကြီးတစ်ခုရှိနေသည်။ ထိုခုံတန်းပေါ်တွင်ကတ်နှစ်ခုကိုတင်ထားသည်။ ကတ်အသေးလေးမှာ ယနေ့လာ ရောက်သူများ၏အမည်များကိုရေးထားသည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now