ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

746 79 0
                                    

Chapter 97

'တိမ်မြှုပ်နေသော' ရုပ်ရှင်ကားက သူကြည့်ခဲ့ဖူးသော အိုင်ပီကားများနှင့်အလွန်ကွာခြားသည်ကို သဘောပေါက်သိရှိသွားပြီးနောက် ကျောက်ချီမင်းတစ်ယောက် ထိုရုပ်ရှင်ကိုသာမာန်ကာလျှံကာ အပေါ်ယံမျှမကြည့်တော့ဘဲ အစမှအဆုံးအသေအချာစိတ်နှစ်ပြီးကြည့်ရန်ဆုံးဖြတ်လိုက်သည်။

သူက ဦးထုပ်အနက်ရောင်ကိုခပ်ငိုက်ငိုက်ဆောင်းကာ သာမာန်လူတစ်ယောက်ကဲ့သို့ရိုးရိုးရှင်းရှင်းသာဝတ်စားဆင်ယင်ထား၏။ ရုပ်ရှင်အနုပညာအသိုင်းအဝိုင်းမှ ဝေဖန်ရေးသမားများနှင့်သမ္ဘာကြီးများကိုတွေ့သော်လည်း သူတကူးတကသွားပြီး နှုတ်ဆက်မနေပေ။ ဤနေရာသို့သူရောက်နေခြင်း၏အဓိကအကြောင်းရင်းမှာ အတန်းဖော်ဟောင်းဖြစ်သည့်လုယွမ်ကျစ်၏မျက်နှာကိုထောက်၍သာဖြစ်သည်။

ပရိုမိုးရှင်းဆင်းရာတွင် ပရိသတ်များအား မျှော်လင့်ချက်ကြီးကြီးမားမားပေးထားသည့် ဤရုပ်ရှင်ကားကြီးက မှန်းချက်နှင့်နှမ်းထွက်မကိုက်လျှင် ဝေဖန်ရေးသမားများအတွက်အခွင့်အရေးကောင်းတစ်ခုဖြစ်လာပေဦးမည်။ ရုပ်ရှင်ကားကောင်းများ ရှားပါးလာသည့်ခေတ်တွင်သူလည်းသိပ်ပြီးမျှော်လင့်မထားပေ။

သို့သော် ဤရုပ်ရှင်ကားကြီး၏ပထမပိုင်းဇာတ်ဝင်ခန်းကိုကြည့်လိုက်မိသည်နှင့် သူအထင်အမြင်သေးလွန်းနေခဲ့မှန်း သဘောပေါက်သွားသည်။ ဒါရိုက်တာချန်းက ဖြစ်ကတတ်ဆန်းရိုက်ကူးတတ်သည့်သူတစ်ယောက်မဟုတ်မှန်း သူသိပေ၏။

'တိမ်မြှုပ်နေသော' ရုပ်ရှင်ကားကြီးကို လူအင်အား ၊ ငွေအင်အားအပြည့်ဖြင့် သေချာအချိန်ပေးပြီးရိုက်ကူးထားမှန်းကို တစ်ချက်ကြည့်ရုံဖြင့်သိနိုင်သည်။

ဤရုပ်ရှင်နှင့်ပတ်သတ်၍ သူ့ထင်မြင်ယူဆချက်များမှားသွားခဲ့သည်။ အိုင်ပီရုပ်ရှင်ကိုအခြေခံပြီးရိုက်ကူးထားသောကြောင့် အထင်မကြီးခဲ့သည်မှာအမှန်ပင်။ သူ၏တလွဲထင်မြင်ချက်ကျေးဇူးကြောင့် ရုပ်ရှင်ကားကောင်းတစ်ကားကိုလက်လွှတ်မိခါနီးဖြစ်သွားခဲ့၏။

သူဆောင်းထားသောဦးထုပ်ကြောင့် ရုပ်ရှင်ကိုသေချာအာရုံမစိုက်နိုင်ကာစိတ်ရှုပ်လာသောကြောင့် ကျောက်ချီမင်းတစ်ယောက် ဦးထုပ်ကိုချွတ်ပစ်လိုက်သည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now