ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

717 76 0
                                    

Chapter 102

'တိမ်မြှုပ်နေသော' ရုပ်ရှင်ဇာတ်ကားကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရုံတင်ပြသသည့်ခြောက်ရက်မြောက်နေ့တွင် ရုံဝင်ငွေမှာ1ဘီလီယံအထိတိုးသွားခဲ့သည်။

ဆယ့်ရှစ်ရက်မြောက်နေ့တွင်မူ ရုံဝင်ငွေတစ်1.5ဘီလီယံကျော်အထိရရှိပြီး အမြင့်ဆုံးရုံဝင်ငွေရရှိသည့် ရုံကြီးကားအဖြစ်စံချိန်တင်သွားခဲ့၏။

လက်အောက်ခံအဖြစ်သိမ်းသွင်းခံရသော တိုင်းပြည်၏မင်းသမီးငယ်လေး လင်းယာဇာတ်ကောင်နေရာတွင် သရုပ်ဆောင်သည့်ကုဆွေ့ဆွေ့က ပြောင်မြောက်လှသော သူမ၏သရုပ်ဆောင်စွမ်းရည်ကြောင့် ပရိသတ်များစွာ၏ရင်ကိုလှုပ်ခတ်သွားစေနိုင်ခဲ့သည်။

ရုပ်ရှင်ထုတ်လွှင့်ပြသနေချိန်တွင် ကုဆွေ့ဆွေ့၏Weibo Follower အရေအတွက်မှာ ရှစ်သန်းအထိတိုးသွားခဲ့ပြီး တစ်ရက်လျှင်လူတစ်ထောင်နှုန်းဖြင့် ယနေ့အထိဆက်လက်တိုးနေတော့သည်။

ညတွင်းချင်းတစ်ဟုန်ထိုးအောင်မြင်ကျော်ကြားသွားသော ကုဆွေ့ဆွေ့ကြောင့်လုယွမ်ကျစ်လည်း အလုပ်တစ်ပုံကြီးတိုးလာရသည်။ သူ့ဆီသို့နေ့တိုင်းလိုလို ကုဆွေ့ဆွေ့အားကမ်းလှမ်းထားသည့် ဇာတ်ညွှန်းများ ကြော်ငြာများရှိနေတတ်၏။

သို့သော် ဆွေ့ဆွေ့အားကမ်းလှမ်းလာသည့်ဇာတ်ညွှန်းအများစုကို လုယွမ်ကျစ်လှန်လှော်ကြည့်လိုက်ရာတွင် 'တိမ်မြှုပ်နေသော' ရုပ်ရှင်မှမင်းသမီးလေးလင်းယာဇာတ်ရုပ်နှင့် ပုံစံတူများသာဖြစ်သောကြောင့် ဘေးသို့ဖယ်ထားလိုက်သည်။ ဆွေ့ဆွေ့အား ပုံစံတူဇာတ်ကောင်များသာ ထပ်တလဲလဲရိုက်ခိုင်းနေပါလျှင် ပိုက်ဆံသာရပြီး မည်သည့်တိုးတက်မှုမှရှိလိမ့်မည်မဟုတ်ပေ။

အမှတ်တံဆိပ်ကြော်ငြာများအတွက်မူ လုယွမ်ကျစ်က သေသေချာချာပြန်လည်စီစစ်သည်။ အဆုံးတွင် navf ကလေးအ၀တ်အစားအမှတ်တံဆိပ်မှလွဲ၍ အခြားကမ်းလှမ်းချက်များကိုပယ်ချခဲ့၏။

'တိမ်မြှုပ်နေသော' ရုပ်ရှင်၏ ရုံဝင်ငွေက တစ်နေ့တစ်ခြားပိုပိုပြီးမြင့်တက်လာသော ရုံဝင်ငွေအများဆုံးရုပ်ရှင်အဖြစ်စံချိန်ချိုးထားသော 'ပျော်ရွှင်ဖွယ်နေ့လေး' ရုပ်ရှင်ကိုကျော်တက်သွားသဖြင့် ကုဆွေ့ဆွေ့၏အနုပညာကြေးသည်လည်း ထပ်တူမြင့်တက်သွားခဲ့သည်။ ထို့ကြောင့် လုယွမ်ကျစ်က navf အမှတ်တံဆိပ်ကို သုံးနှစ်အတွင်း အနုပညာကြေးလေးသန်းနှင့်စာချုပ်ချုပ်ရန်ကမ်းလှမ်းလိုက်သည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now