ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

547 77 0
                                    

1
Chapter 145

အကောင်းဆုံးမျက်နှာသစ်သရုပ်ဆောင်ဆုကို ကြော်ငြာပြီးနောက် အကောင်းဆုံးဒါရိုက်တာဆုကြော်ငြာရမည့်အလှည့်သို့ရောက်လာသည်။

အကောင်းဆုံးဒါရိုက်တာဆုရှင်မှာ သေချာပေါက် ဒါရိုက်တာချန်းပင်ဖြစ်သည်။

ယခင်နှစ်တွင် ဒါရိုက်တာချန်းမှာ အကောင်းဆုံးဒါရိုက်တာဆုနှင့်လွှဲချော်ခဲ့ရသော်လည်း ဤနှစ်တွင်မူ ပရိသတ်များနှင့်ရုပ်ရှင်လောကသားများ၏ မှန်းချက်နှင့်နှမ်းထွက်ကိုက်အောင် ဆုကိုထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိခဲ့သည်။

ထို့အပြင် အကောင်းဆုံးရုပ်ရှင်ဆုကိုလည်း 'တိမ်မြှုပ်နေသော' ရုပ်ရှင်ကားကပင် ရရှိသွား၏။

ကံမကောင်းစွာဖြင့် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုနှင့် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုအတွက် ဆန်ကာတင်စာရင်းဝင်ထားသော ဖုယင်းယွီနှင့်လုချီတို့နှစ်ယောက်လုံး ဆုမရခဲ့ချေ။

ဤအခြေအနေကို ဖုယင်းယွီစိတ်ထဲတွင်ကြိုတင်ပြင်ဆင်ထားသောကြောင့် ထူးထူးခြားခြားမခံစားရချေ။ ဒီတစ်နှစ်မရလည်း နောက်နှစ်တွေမှာပိုကြိုးစားဖို့အခွင့်အရေးရှိသေးသည် မဟုတ်လား။

လုချီကမူ အနည်းငယ်မျက်နှာပျက်ယွင်းသွားသည်မှလွဲ၍ အခြားတုံ့ပြန်မှုမရှိ။ သရုပ်ဆောင်ပိုင်းတွင်သူ့ထက်သာလွန်ပြီးစီနီယာကျသောမင်းသားကြီးက အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကိုရရှိသွားသောကြောင့် သူကျေနပ်ပါသည်။ အခြေအနေကိုအလိုက်သင့်လေးလက်ခံနိုင်သည်။

နားနေခန်းတွင်အားလုံးအနားယူနေကြစဥ်တွင် ခဲ့ကျင်းယန်က ဆွေ့ဆွေ့ကိုပွေ့ဖက်ကာဂုဏ်ပြုစကားပြောလာ၏။

"ပါပါးသမီးလေးကတော်လိုက်တာ ဘယ်သူ့ကိုမှစိတ်မပျက်စေရဘူး တကယ့်ကိုအတော်ဆုံးပဲ"

"မမဖုနဲ့ကိုကိုလုချီတို့လည်းတော်ပါတယ်...ပါပါးရဲ့"

ဆွေ့ဆွေ့ပြောမှ သူ့အားစိုက်ကြည့်နေကြသော ဖုယင်းယွီနှင့်လုချီကို ခဲ့ကျင်းယန်သတိထားမိသည်။

သို့သော် သူဂရုမစိုက်ပေ။ ဘယ်သူရရ၊ မရရ သူနှင့်မဆိုင်။ ဆွေ့ဆွေ့ကိုဂုဏ်ပြုအားပေးဖို့အကြောင်းတစ်ခုတည်းကြောင့် သူဒီနေရာသို့ရောက်နေခြင်းပင်။ ထိုနှစ်ယောက်ကိုနှစ်သိမ့်စကားပြောပေးရအောင်လည်း သူနှင့်ရင်းနှီးလှသည် မဟုတ်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now