Chapter 477

1.2K 148 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(37)

Chapter-5

(ခံတပ်လွတ်ဗျူဟာ)

"အ… အရှင်အဖွဲ့အရှင်သခင်… ဘာဖြစ်သွားတာလဲ….." ကျူးမင်ယွီက ဟဲမင်သဲကို တွန့်ဆုတ်စွာဖြင့် မေးမြန်းလိုက်သည်။

ဤမြင်ကွင်းက အလွန်ထူးဆန်းလှပေ၏။ နေ့ခင်းကြောင်တောင်မှာပင် မျက်လုံးပေါင်း ထောင်ချီသောင်းချီ၍ ကြည့်နေသည့်ကြားမှ အကျဉ်းသားများက သဲလွန်စပင် မကျန်ခဲ့တော့ဘဲ ပျောက်ကွယ်သွားခဲ့ကြသည်။

"ထွက်သွားစမ်း… အသုံးမကျတဲ့အကောင်….." ဟဲမင်သဲက ကြိမ်းမောင်းလိုက်ပြီး ကျူးမင်ယွီကို လက်ဝါးတစ်ချက်ဖြင့် ရိုက်ထုတ်လိုက်ပေရာ ကျူးမင်ယွီက လွင့်စင်သွားခဲ့၏။

ကျူးမင်ယွီကို ဤကိစ္စအတွက် အပြစ်တင်၍မရကြောင်းကို သူက သိရှိပေသည်။ သူကဲ့သို့သော နှောင်းပိုင်းအဆင့် စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် သိုင်းပညာရှင်တစ်ယောက်ပင် မည်သည့်အရာမှ မသိလိုက်ရဘဲ မဟာဝင်္ကပါ အတွင်းသို့ ကျရောက်သွားခဲ့ရာ ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် သိုင်းပညာရှင်ဖြစ်သည့် ကျူးမင်ယွီကို ထည့်တွက်စရာပင် မလိုအပ်ပေ။

သို့သော် လက်ရှိအချိန်၌ ဟဲမင်သဲက ဒေါသများ အဆုံးစွန်အထိ ထွက်နေခဲ့ပြီဖြစ်၍ ဒေါသပေါက်ကွဲရန် ပစ်မှတ်တစ်ခု လိုအပ်နေခဲ့၏။ ထိုအချိန်၌ ကျူးမင်ယွီက အလိုက်မသိဘဲ ရှေ့သို့ရောက်လာခဲ့ခြင်း ဖြစ်သည်။ သူ့ကို ခက်ခဲကြမ်းတမ်းသော ကံတရားက ကျီစယ်သွားခဲ့ခြင်း ဖြစ်၏။

ထို့ပြင် ဤသို့သော ကိစ္စမျိုးက တစ်စုံတစ်ယောက်ကို အပြစ်တင်ရန် လိုအပ်ပေသည်။ ယခုအချိန်၌ ကျူးမင်ယွီက အကျဉ်းသားများကို စောင့်ကြပ်ရန် တာဝန်ရှိနေခဲ့၏။ ယခု အကျဉ်းသားများ ပျောက်ဆုံးသွားခဲ့ပြီဖြစ်ရာ သူက အပြစ်ပုံချခံစရာတစ်ခု ဖြစ်သွားခဲ့ပေသည်။

"မင်း… ငတုံးကောင်… အကျဉ်းသားတွေကိုတောင် စောင့်မကြည့်နိုင်ဘူးလား… ငါကမင်းကို ဘယ်နေရာမှာ သုံးရမှာလဲ….." ဟဲမင်သဲက လေသံမာမာဖြင့် ပြောဆိုလိုက်၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now