Chapter 599

2K 163 3
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(46)

Chapter-2

(စေတနာ့ဝန်ထမ်း လုပ်ဆောင်ရန် တာဝန်ယူခြင်း)

"မင်းဘာပြောလိုက်တာလဲ… ကျယ်ပြန့်သော ကောင်းကင်ဘုံဘုရားက… ပျောက်ကွယ်သွားပြီ ဟုတ်လား….." ချင်ဟုန်ထောင်က ထခုန်လုမတတ် ဖြစ်သွားခဲ့၏။

နင်ရီရှန်းနှင့် ကျင့်ရွှမ်တို့၏ မျက်နှာအမူအရာများက အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။ သူတို့၏ အကြည့်များက ယီယွမ်ဆီသို့ စူးစိုက်ရောက်ရှိလာခဲ့ပြီး သူ၏ရှင်းပြချက်ကို စောင့်နေခဲ့ကြ၏။

ဤနေရာရှိ အခြားသူများက ထိတ်လန့်တုန်လှုပ်နေကြသော်လည်း သူတို့၏ အမူအရာများက နင်ရီရှန်းတို့ သုံးဦးကဲ့သို့ ပြင်းထန်ခြင်းမရှိကြပေ။

ထိုအထဲမှလူအနည်းငယ်၏ မျက်နှာ၌ သူတို့၏ကံမကောင်းမှုကို ဝမ်းသာနေဟန်များ ပေါ်ပေါက်နေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ကျယ်ပြန့်သော ကောင်းကင်ဘုံဘုရားက အဖွဲ့သုံးဖွဲ့နှင့်သာ သက်ဆိုင်ပေ၏။ ထိုအရာက ပျောက်ကွယ်ခြင်း ရှိမရှိဆိုသည်မှာ သူတို့နှင့် သက်ဆိုင်မှု ကြီးကြီးမားမား မရှိပေ။

"အဖိုး… ယီယွမ်ထွက်လာပြီးမကြာခင် ကျွန်တော်တို့က ကျယ်ပြန့်သော ကောင်းကင်ဘုံလျှို့ဝှက်နယ်မြေကနေ ထွက်လာတော့မလို့ လုပ်နေတဲ့အချိန်မှာပဲ ရုတ်တရက်ကြီး မြေပြင်က တုန်ခါသွားပြီးတော့ တောင်တွေပြိုကျလာခဲ့တယ်… ကျယ်ပြန့်သော ကောင်းကင်ဘုံလျှို့ဝှက်နယ်မြေက မြေပြင်ကနေ ကြွတက်လာခဲ့ပြီး အဝေးကို ပျံသန်းသွားခဲ့တယ်….." ချင်ယန်းက အခြားသူများ မပြောခင် ပြောဆိုလိုက်သည်။

နင်ရီရှန်းနှင့် ကျင့်ရွှမ်တို့က သူတို့၏ တပည့်များကို ကြည့်လိုက်ကြ၏။ ကောထောင်ချွင်နှင့် ရင်ယန်းဟွာတို့က ခေါင်းကိုအသာညိတ်ပြခဲ့သည်။

အဖွဲ့ကြီးသုံးဖွဲ့ တပည့်ခေါင်းဆောင်များက အတူတကွ ထောက်ခံခဲ့ပေရာ ထိုသို့ဖြစ်သွားခဲ့သည်မှာ သေချာသလောက်နီးပါး ဖြစ်ပေ၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Место, где живут истории. Откройте их для себя