Chapter 596

1K 126 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(45)

Chapter-13

(ကျယ်ပြန့်သော ကောင်းကင်ဘုံဘုရား၏ ပိုင်ရှင်သစ်)

ဤပုံပြင်မှာ နှစ်ပေါင်းငါးသောင်းကြာကတည်းက တည်ရှိနေခဲ့ခြင်းဖြစ်သည်။

လောင်ထန့်က အကျဥ်းချုံး ရှင်းပြလိုက်ခြင်းသာ ဖြစ်သော်လည်း ယီယွမ်က သူနားထောင်နေချိန်၌ ထိုအရာကို အကျဥ်းချုံးဟူ၍ တွေ့ရှိခဲ့ခြင်းမရှိပေ။

ယီယွမ်၏ အသိဉာဏ်နှင့် အတွေ့အကြုံက ဤအရာထက် အများကြီးပိုမိုမြင့်မားပေ၏။ ထို့ကြောင့် လောင်ထန့်၏ ထိုကိစ္စများအပေါ် အကြမ်းဖျဥ်းပြောဆိုမှုက မည်မျှအထိ တုန်လှုပ်စရာကောင်းသည်ကို သူက လုံးဝပင် သိရှိနေခဲ့သည်။

"ဒါ​ဆိုရင် စီနီယာဖန့်ထျန်းက….." ယီယွမ်က မေးမြန်းလိုက်၏။

လောင်ထန့်က သူ၏ခေါင်းကို ခါယမ်း၍ ပြောဆိုခဲ့သည်။ "အဲဒီအဖိုးကြီးက ကျယ်ပြန့်သော ကောင်းကင်ဘုံကျောက်တိုင်ကို ဒီမှာထားရစ်ခဲ့ပြီးတော့ သူထွက်သွားတဲ့နေရာကို မသိရဘူး… ပြီးတော့ ငါကလည်း အဲဒီတိုက်ပွဲမှာ သေစေလောက်တဲ့ အဆိပ်မိသွားခဲ့လို့ ဒီအခြေအနေကို ပြောင်းလဲသွားခဲ့တာပဲ… ကျယ်ပြန့်သော ကောင်းကင်ဘုံဘုရားထဲမှာ ပုန်းအောင်းနေလို့ မဟုတ်ခဲ့ရင် ငါက အရိုးစုဖြစ်သွားတာ ကြာမြင့်နေလောက်ပြီ….."

ယီယွမ်က ခေါင်းကိုအသာညိတ်လိုက်၏။ ကြည့်ရသည်မှာ လွန်ခဲ့သော နှစ်ပေါင်းငါးသောင်းအကြာက တိုက်ပွဲကြီးမှာ ပုံမှန်မဟုတ်သည်အထိ ပြင်းထန်လှပေသည်။ လောင်ထန့်ကဲ့သို့သော ပုဂ္ဂိုလ်တစ်ယောက်ပင် ဤသို့သနားစဖွယ် အခြေအနေဖြင့် အဆုံးသတ်သွားခဲ့၏။

"ဒါဆိုရင်… စီနီယာဖန့်ထျန်းက… နတ်တန်ခိုးရှင်အဆင့် ပုဂ္ဂိုလ်ကြီးတစ်ယောက်လား….." ယီယွမ်က စိတ်လှုပ်ရှားနေဟန်ဖြင့် မေးမြန်းလိုက်သည်။

"ဟားဟား… နတ်တန်ခိုးရှင်အဆင့်ကို ဘာလို့လွယ်လွယ်ရောက်နိုင်မှာလဲ… ဒီကောင်းကင်ရဲ့အောက်မှာ နတ်တန်ခိုးရှင်အဆင့် ပုဂ္ဂိုလ်တွေကို နောက်ထပ်တစ်ကြိမ် မွေးဖွားပေးနိုင်ဖို့ မဖြစ်နိုင်ဘူး….." လောင်ထန့်က သက်ပြင်းတစ်ခုချ၍ ပြောဆိုခဲ့၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)حيث تعيش القصص. اكتشف الآن