Chapter 521

1.1K 151 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Zaw

Book(40)

Chapter-8

(တောင်းပန်တာပဲ လိုချင်တယ်)

"ဟားဟား... မြို့ပိုင်အရှင်သခင်က ဒီနေရာကို ကိုယ်တိုင်ရောက်ရှိလာခဲ့တာပဲ....."

လူတစ်ယောက်က မြေပြင်ပေါ်သို့ ဆင်းသက်လာခဲ့သည်။ တန်ချန်ကျီမှလွဲ၍ မည်သူဖြစ်နိုင်မည်နည်း။

ရန်ရှင်းချွန်းက ထိုစကားကို ပြန်မပြောခဲ့ဘဲ တည်ငြိမ်သောအသံဖြင့် ပြောဆိုလိုက်၏။ "မင်းတို့တွေက ထွက်မသွားကြသေးဘူးလား... မင်းတို့ကို ငါက ကိုယ်တိုင်လိုက်ပို့ပေးရမှာလား....."

မှော်ဆေးပညာရှင်များက ထိုစကားကို ကြားချိန်တွင် မှင်တက်သွားခဲ့ကြပြီးနောက် ကပျာကယာပင် အဓိကခန်းမအတွင်းမှ ထွက်ခွာသွားခဲ့ကြသည်။

မသက်ဆိုင်သော လူအားလုံးက ထွက်ခွာသွားခဲ့၏။ ဤနေရာရှိ လေထုအခြေအနေက အလွန်ထူးဆန်းသွားခဲ့ပေသည်။

ရန်ရှင်းချွန်း၊ တန်ချန်ကျီ၊ ချောင်ကျန်း၊ ကျူးကျင့်နှင့် ကျန်လူအားလုံးက ယီယွမ်ကို ထွင်းဖောက်မြင်လိုဟန်ဖြင့် ပြိုင်တူကြည့်နေခဲ့ကြ၏။

အင်အားကြီးပုဂ္ဂိုလ်များ၏ မျက်ဝန်းများကို ရင်ဆိုင်ရသည့်တိုင် ယီယွမ်က အနည်းငယ်မျှပင် မကြောက်ရွံ့ခဲ့ဘဲ တည်တည်ငြိမ်ငြိမ်ပင် ပြောဆိုလိုက်သည်။ "စီနီယာတို့အားလုံး ပူးပေါင်းပြီးတော့ ကျုပ်လိုဂျူနီယာလေးကို အနိုင်ကျင့်မလို့လား....."

လူတိုင်း၏ မျက်နှာအမူအရာက ထူးဆန်းသွားခဲ့ကြ၏။

ဂျူနီယာဆိုတာ ဒီလိုဟာမျိုးလား.....

အဆင့်(7)က မေးခွန်းနှစ်ဆယ်ကို ဒီလောက်လွယ်လွယ်နဲ့ ဖြေဆိုနိုင်ခဲ့တာကို ဂျူနီယာတစ်ယောက်လို့ တကယ်သတ်မှတ်ရဦးမှာလား.....

"ဟားဟား... ဘာလို့အဲဒီလိုဖြစ်ရမှာလဲ... ညီငယ်လေးယီ... ငါက ဝူရွှမ်ရဲ့ အကြောင်းကြားချက်ကို ရရှိခဲ့လို့ ဒီနေရာကို ကျေးဇူးတင်စကားပြောဖို့ ရောက်ရှိလာခဲ့တာပါ... ဒီကျားနဂါးအင်အား စိတ်ဝိညာဉ်ဆေးလုံးကို ငါက ဆယ်စုနှစ်ပေါင်းများစွာ လေ့လာခဲ့ပေမဲ့ အဆင့်တက်သွားနိုင်တဲ့ အချက်ကို မရှာနိုင်ခဲ့ပါဘူး... ဒီနေ့ မင်းလက်ထဲမှာ အဲဒီဖြေရှင်းချက်ကို ရရှိမယ်လို့ ငါတကယ်ပဲ ထင်မထားခဲ့ဘူး....." တန်ချန်ကျီက အသာပြုံး၍ မေးမြန်းလိုက်သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now