အခန်း ၃၄၈

39 3 0
                                    

နောက်တစ်နေ့မနက်

ဒီတစ်ခါမှာတော့ Lucius က Poliana ထက်အရင် နိုးလာခဲ့သည်.

မနေ့ညက ဧကရာဇ်အိပ်ချိန်သိပ်မရလိုက်ပေ. Poliana က သူ့ဘေးနားမှာ အိပ်ပျော်နေတယ်ဆိုတဲ့ အချက်နဲ့တင်... သူက အရမ်းပျော်ရွှင်နေပြီး သူက ဒီအချိန်အခိုက်အတန့်လေးကို တစ်စက္ကန့်လေးမှ အလဟဿမဖြစ်စေချင်ပေ.

Poliana ဆီ နေရောင်ကျမှာစိုးတာကြောင့် Lucius က အိပ်ယာလိုက်ကာစကို တိတ်တဆိတ်ဆွဲချလိုက်သည်. သူက အသံလုံးဝမထွက်အောင် အကောင်းဆုံးကြိုးစားခဲ့ပေမဲ့ Poliana က အအိပ်ဆတ်သူဖြစ်တာကြောင့် သူမ မျက်လုံးတွေက ပွင့်လာသည်. Lucius က သူမကို မနက်ခင်းနှုတ်ဆက်အနမ်းပေးဖို့ ကြိုးစားလိုက်ပေမဲ့ Poliana က ကျယ်လောင်စွာနဲ့ သန်းဝေလိုက်တာကြောင့် ရပ်တန့်သွားခဲ့သည်. သူမက လက်မောင်းတွေကို ဆန့်တန်းကာ သူမကျောပြင်ကိုလဲ ခပ်ပြင်းပြင်းထုလိုက်သည်.

အရင်တုန်းက သူမတို့အတူအိပ်ခဲ့တုန်းကတော့ သူမက အမူးလွန်နေတာကြောင့် အရက်နာကျခဲ့တဲ့အပြင် ကိုယ်လက်တွေပါ ကိုက်ခဲနာကျင်ခဲ့ပေမဲ့ အခုတော့... Poliana က သူမခန္ဓာကိုယ်အစိတ်အပိုင်းအားလုံး ကောင်းကောင်းမွန်မွန်ရှိနေတာကို ခံစားလို့ရနေသည်.

သူတို့က တစ်ယောက်နဲ့ တစ်ယောက်ကြည့်နေကြသည်. Poliana က သူ့ကို စိုက်ကြည့်နေတာကြောင့် Lucius က ရှက်သွေးဖြာသွားကာ အဝေးကို အကြည့်လွှဲလိုက်သည်.

သူက သူမကို မေးလိုက်သည်.

"မင်း အဆင်ပြေရဲ့လား?"

"ဟုတ်ကဲ့. အရှင်ရော ဘယ်လိုနေလဲ?"

"ငါတော့ အရမ်းနေလို့ကောင်းတာပဲ"

"..."

"..."

အဲ့နောက်တော့

တိတ်ဆိတ်မှုတွေက ကြီးစိုးလာသည်.

သူတို့က ရင်းနှီးသူတွေဖြစ်တာကြောင့် ပုံမှန်အတိုင်းဆိုရင်တော့ တိတ်ဆိတ်နေရင်တောင်မှပဲ သက်တောင့်သက်သာရှိနေတတ်ကြပေမဲ့ တစ်ညတာအတူကုန်ဆုံးခဲ့ပြီးတဲ့နောက်မှာတော့.... သူတို့က အနေရမခက်ပဲ မနေနိုင်ကြပေ. ဒီလိုတိတ်ဆိတ်နေတာကို ဆက်ပြီး သည်းမခံနိုင်တော့တဲ့သူက ဧကရာဇ်ဖြစ်သည်. သူက ချောင်းဟန့်ကာ မီးဖိုပေါ်ကို ရေနွေးအိုးတင်လိုက်သည်. Lucius က စားပွဲခုံဘက်ကိုလျှောက်သွားကာ လက်ဖက်ခြောက်ရွေးနေရင်း အလုပ်များဟန်ဆောင်လိုက်သည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now