အခန်း ၂၃၁ ။ ‌ပြောင်းရွှေ့ရန် ခွင့်ပြုချက်

637 98 0
                                    

အခန်း ၂၃၁ ။ ‌ပြောင်းရွှေ့ရန် ခွင့်ပြုချက်

"ငါ့ရဲ့တွက်ချက်မှုတွေက အမြဲတမ်းတော့ မတိကျပါဘူး" နတ်ဆိုးနတ်ဘုရားက ရှန်းရင်ကို လှမ်းကြည့်ပြီး တစ်စုံတစ်ရာက သူ့မျက်စိထဲ ဖြတ်ပြေးသွားတယ်။

"နောက်ပိုင်းဖြစ်သမျှက ငါ့တွက်ချက်မှုအပြင်မှာ ဖြစ်ခဲ့တာပဲ၊ အဲဒါကြောင့် ငါဟွေ့လင်ကို ရွေးခဲ့တာ၊ သူက ရုပ်သေးရုပ်သက်သက်ပဲ၊ တခြားမဟုတ် ကျီချန်ရဲ့ နတ်ဆိုးချီနဲ့ ဖြစ်တည်လာခဲ့တာ၊ သူမက မတော်တဆ မေ့ပျောက်မြစ်ထဲဝင်မိသွားပြီး ဝိညာဉ်ရသွားခဲ့တယ်၊ သူမက ဘယ်တုန်းကမှ သုံးလောကရဲ့အစိတ်အပိုင်း မဟုတ်ခဲ့ဘူး၊ အဲဒါကြောင့် သူ ငါ့ကို အင်အားတောင်းချိန် ဆန္ဒကို ဖြည့်ဆည်းပေးခဲ့တာပဲ"

ဒါဆို ပြိုင်ပွဲနေ့မှာ ဟွေ့လင်ရဲ့ကျောက်စိမ်းဆွဲကြိုးထဲ ပေါ်လာခဲ့တဲ့ အဖြူရောင်အလင်းနဲ့ ရှန်းရင်နောက် လိုက်နေတဲ့ အရှိန်အဝါက တကယ်ပဲ နတ်ဆိုးနတ်ဘုရားပေါ့။

ဒါပေမဲ့ ဟွေ့လင်ကရော သူမဘယ်သူလဲဆိုတာ ဟိုးအစတည်းက သိပြီးပြီလား။

ရှန်းရင်ပေါ် အမြဲကန့်လန့်တိုက်နေတာ အံ့ဩစရာ မဟုတ်တော့ဘူး။ သူမသာ တကယ်ပဲကျီချန့် နတ်ဆိုးချီက ဖြစ်လာခဲ့တာဆိုရင် နတ်ဆိုးနတ်ဘုရားရဲ့အစွမ်းကို ဆန့်ကျင်တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး။

"‌ဒါပေမဲ့ အမတဘုံနဲ့ နတ်ဆိုးဘုံက အမြဲ ရန်ဖြစ်နေခဲ့ကြတာ၊ ဘုံနှစ်ခုကြား တိုက်ပွဲဖြစ်ပွားပြီး ဝိညာဉ်တွေ ပိုကြွေလွင့်စေမှာ မကြောက်ဘူးလား" ယိချင်းက ရုတ်တရက် မေးလာတယ်။

သူနဲ့ မနီးမဝေးကလူကို လှမ်းကြည့်ပြီး မျက်မှောင်ကြုတ်လိုက်တယ်။ ဆရာ့ကြောင့်သာ မဟုတ်ရင် နတ်ဆိုးဘုံနဲ့ အမတဘုံ တိုက်ပွဲဖြစ်ပွားနေတာ ကြာလောက်ပြီ။ ဘုံတွေကို ပေါင်းစည်းလို့ ဘာထူးမှာလဲ။

"ကောင်းကင်မျိုးနွယ်တွေက နတ်ဆိုးဘုံကို သီးသန့်ခွဲခြားခဲ့ချိန် သူတို့ကဒါကိုရှောင်ဖို့ ကြိုးစားနေခဲ့တာ မဟုတ်ဘူးလား၊ တခြားနတ်ဆိုးတွေအားလုံးကို ဖန်တီးခဲ့တဲ့ ရှေးဟောင်းနတ်ဆိုးနတ်ဘုရားအနေနဲ့ သူတို့ကို ကယ်တင်နေတာလား၊ ဒါမှမဟုတ် သေတွင်းထဲ တွန်းပို့နေတာလား"

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Where stories live. Discover now