အခန်း ၃၇၆ ။ သွေဖည်တစ္ဆေများ၏ မြို့တိုက်ခိုက်မှု

274 52 0
                                    

အခန်း ၃၇၆ ။ သွေဖည်တစ္ဆေများ၏ မြို့တိုက်ခိုက်မှု

ထျန်းဟန်က နှစ်ယောက်ကို မြို့အပြင် ခေါ်လာပြီး တောင်ဘက်အရပ်တစ်လျှောက် ဆက်လက် လျှောက်လှမ်းနေတယ်။ ဟုတ်တယ်၊ လမ်းလျှောက်နေတာ အစက သူ့အိမ်က မြို့အစွန်မှာတင်လို့ ပြောခဲ့ပေမဲ့ သူတို့စလမ်းလျှောက်တာနဲ့ တစ်နာရီနီးပါးလမ်းလျှောက်ခဲ့ရပြီး တောအုပ်ထူကြီးထဲ တန်းဝင်လာတယ်။ တစ်ဖက်လူက ရပ်ဖို့အရိပ်အယောင်မပြ။

"ကျုပ်အိမ်က ဒီတောအုပ်ထဲမှာတင်လေ၊ သိပ်မဝေးတော့ဘူး၊ တစ်နာရီအတွင်း ရောက်လိမ့်မယ်"

ထျန်းဟန်က အင်မတန်သဘာဝကျစွာပြောတယ်။

ရှန်းရင် ။ ။ "..."

ယိချင်း ။ ။ "..."

နှစ်ယောက်ရဲ့ ခြေလှမ်းတွေ တောင့်တင်းသွားတယ်။ မျက်နှာပြင်ဖွင့်ချိန်ကလွဲ အဲလောက်အကြာကြီး တစ်ခါမှ လမ်းမလျှောက်ဖူးတဲ့ ရှန်းရင် ရုတ်တရက် သူမလက်ထဲက အဆာသွတ်မုန့်ကို သူ့မျက်နှာပေါ် ရိုက်ချင်သွားတယ်။

သူပြောတော့ နီးတယ်ဆို။

"ဆရာ..." ယိချင်းက သူမအတွေးတွေကို နားလည်တဲ့ပုံ။ သူက ရှေ့တက်ကာ သူမရှေ့ ဆောင့်ကြောင့်ထိုင်ချလိုက်တယ်။

"ကျွန်တော်ချီပေးပါ့မယ်"

"အိုး" ရှန်းရင် လက်ထဲက အဆာသွတ်မုန့်ကိုဖယ်ပြီး အင်မတန်သဘာဝကျစွာ စားဖိုမှူးကျောကို မှီလိုက်တယ်။

ယိချင်း တစ်ခဏ တောင့်တင်းသွားတယ်။ ရုတ်တရက် သူ့ကျောကို လာထိတဲ့အပူလှိုင်းက သူ့နှလုံးသားအောက်ခြေထိ ဆင်းသွားတဲ့ အနွေးဓာတ်လှိုင်းတစ်ခု ဖြစ်လာသလိုပဲ။ သူက တစ်ခဏ တန့်သွားပြီးမှ တည်တည်ငြိမ်ငြိမ်ထရပ်ကာ သူတို့ရှေ့က ထျန်းဟန်‌ဆီ လျှောက်ခဲ့တယ်။

ထျန်းဟန်က ဒီထူးဆန်းတဲ့ ဆရာတပည့်အတွဲကို ကြည့်ပြီး တစ်ခုခုလွဲနေတယ် ခံစားရပေမဲ့ ဘာလဲမသိ။ သူ သိပ်တော့အာရုံမထားဘဲ လမ်းဆက်လျှောက်နေရင်း အဲမြို့အခြေအနေကို ယိချင်းဆီ စမိတ်ဆက်ပေးလိုက်တယ်။

အဲတော့မှပဲ နှစ်ယောက်သားက သူတို့ဆီက ဒီလောကလေးရဲ့ အခြေအနေအကြောင်း နားလည်ရတယ်။ သူတို့ ခန့်မှန်းထားသလိုပဲ ဒီကဝိညာဉ်ချီက ပါးတယ်။ အမတကျင့်ကြံခြင်းဆိုတဲ့ အသုံးအနှုန်းတောင် လုံးဝမရှိသလိုပဲ။ အမတကျင့်ကြံခြင်းဂိုဏ်းလည်း မရှိဘူး။ စိတ်တန်ခိုးတာအိုနည်းလမ်းတွေကိုပဲ လေ့ကျင့်ကြတဲ့ စိတ်တန်ခိုးကျင့်ကြံသူတွေပဲရှိတယ်။ သူတို့က ကျင့်ကြံဖို့အတွက် ဝိညာဉ်ချီကိုလည်း သုံးပေမဲ့ စိတ်တန်ခိုးကျင့်ကြံသူတွေသိတာက မကောင်းဆိုး‌ဝါးတွေကို နှင်ထုတ်ဖို့နဲ့ အန္တရာယ်ရှောင်ရှားဖို့   ပေါ့တန်တန် မှော်အတတ်တွေပဲသိတာ။ သူတို့က အမတကျင့်ကြံသူတွေလိုမျိုး ထာတရအသက်ရှင်ခြင်းကို မရှာဖွေကြဘူး။

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Where stories live. Discover now