အခန်း ၃၅၃ ။ မိစ္ဆာနတ်ဘုရားပျောက်ဆုံးမှု
အဲတော့မှပဲ သုံးယောက်သား ရှင်းရှင်းလင်းလင်း မြင်လိုက်ရတာက ကောင်းကင်ဘုံတစ်ခုလုံး အရောင်မရှိတဲ့ ပန်းချီကားချပ်လိုမျိုး အဖြူအမည်း ခပ်မှောင်မှောင်နေရာအဖြစ် ပြောင်းလဲနေတာပဲ။ တစ်ခါကပြာလဲ့တဲ့ ကောင်းကင်က မှန်ကွဲစလိုမျိုး ကျိုးပဲ့ပြီး တဖြည်းဖြည်းချင်း ပျောက်ကွယ်နေတယ်။ တစ်ခါက အင်မတန်ကျယ်ပြောတဲ့ ကောင်းကင်ဘုံက ခုတော့ စတုရန်းမီတာအနည်းငယ်သာ ရှိနေတဲ့နေရာကလွဲ ဟင်းလင်းပြင်ကြီး ဖြစ်လာလေရဲ့။
"ဘာဖြစ်ခဲ့တာလဲ" ကူယွဲ့ မြင်ကွင်းကိုကြည့်ကာ မျက်နှာမှာ ထိတ်လန့်မှုအပြည့်။
"ဒီနေရာက ပြိုလဲနေပြီ" ယိချင်း ရှေ့ကိုတက်လာကာ သူ့ကောင်းကင်စိတ်အာရုံကို ထုတ်ပြီး နေရာကို သေချာအာရုံခံပြီးမှ ပြန်လှည့်ကြည့်လာတယ်။
"မိစ္ဆာနတ်ဘုရား ဒီမှာမရှိဘူး"
ဒါမိစ္ဆာနတ်ဘုရားရဲ့ ကောင်းကင်ဘုံ။ ပြောရရင်တော့ သူ့သီးသန့်ဆန်းကြယ်ဘုံလိုမျိုးမို့ ပြဿနာ မရှိသင့်ဘူး။ အကယ်၍... သူ တစ်ခုခု မဖြစ်သရွေ့ပေါ့
"ဒီကောင်းကင်ဘုံက ကောင်းကင်လောကနဲ့ ဆက်စပ်နေတာ၊ ဆက်ပြိုလဲနေရင် ကောင်းကင်လောကကိုပါ သေချာပေါက်ထိခိုက်မှာပဲ" ယိချင်းက သူတို့ကို သတိပေးလိုက်တယ်။ သူ သူ့ဓားကို ခေါ်ကာကူယွဲ့ကိုကြည့်ပြီး ပြောတယ်။
"ဓာတ်ကြီးငါးပါးအင်းကွက်ချဖို့ ညာဘက်သွားလိုက်မယ်"
ကူယွဲ့ ခေါင်းညိတ်လိုက်တယ်။
"ကောင်းပြီ၊ ငါဒီမှာ အင်းကွက်ချလိုက်မယ်"
ဓာတ်ကြီးငါးပါးအင်းကွက်က ဓာတ်ကြီးငါးပါးရဲ့ချီဓာတ်ကိုဆွဲဆောင်နိုင်တယ်။ ဆန်းကြယ်ဘုံတွေရဲ့ ဝင်ပေါက်တွေအကုန်လုံး ဒီအင်းကွက်ကို လိုအပ်တယ်။ ဒါက ဆန်းကြယ်ဘုံတစ်ခုကို တည်ငြိမ်စေနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းပဲ။
နှစ်ယောက်သား တစ်ပြိုင်နက်တည်း ဂါထာဖန်တီးလိုက်တယ်။ ချက်ချင်းပဲ အဖြူရောင်အင်းကွက် အလင်းတန်းလှိုင်းကြီးတစ်ခု ပေါ်လာပြီး မြန်ဆန်စွာ လွင့်ပျောက်နေတဲ့မြင်ကွင်းက တဖြည်းဖြည်း အရှိန်နှေးသွားတယ်။ ဒါပေမဲ့ ကောင်းကင်ကလာတဲ့ အက်ကွဲသံတွေက ပိုလို့တောင် ပြင်းထန်စွာ အက်ကွဲနေတယ်။ ဒါက ဘယ်လိုပဲဖြစ်ဖြစ် မိစ္ဆာနတ်ဘုရားရဲ့ ကောင်းကင်ဘုံလေ။ ယိချင်း၊ ကူယွဲ့တို့ရဲ့အရှိန်အဝါနဲ့မကိုက်ညီဘူး။ သူတို့အစွမ်းတွေ ထိုးသွင်းမှုက ပြိုကျမှုကိုပဲ တကယ်တော့ အရှိန်မြှင့်တင်လိုက်တာ။
YOU ARE READING
ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)
FantasyBook 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ် Book 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ်