အပိုင်း ၂၅၆ : အရေးအကြီးဆုံး ကိစ္စ

451 62 0
                                    

အပိုင်း ၂၅၆ : အရေးအကြီးဆုံး ကိစ္စ

"မင်းဂရုစိုက်ဖို့ အချက်သုံးချက်ရှိတယ်" လင်းဖုန်းက ရှောင်ယန်ကို ကြည့်လိုက်ရင်း သေချာပြောလိုက်သည်။ "ပထမ၊ မင်းက မီးတောက်တွေကို ပေါင်းစည်းရာမှာ မကျွမ်းကျင်သေးဘူး။ ဒါကြောင့် မင်းထင်သလို အသုံးမချရဘူး။ ဒါက မင်းကောင်းကောင်း မကျွမ်းကျင်သေးတဲ့ မပြည့်စုံသေးတဲ့ နည်းစနစ် တစ်ခုဖြစ်တာကို မင်းကလည်း သဘောပေါက်နေမှာပါ"

ရှောင်ယန်က ခေါင်းညိတ်လိုက်သည်။ ထိုထင်မြင်ချက်ကို သူကလည်း သဘောတူ၏။ သူ၏လက်ရှိ ကျင့်ကြံမှု အဆင့်နှင့်ဆိုသော်၊ အကြွင်းမဲ့ မီးတောက်နှစ်ခုကို ပေါင်းစည်းခြင်းသည် ကြိုးတန်းပေါ်တွင် လမ်းလျှောက်နေရခြင်းနှင့် တူနေ၏။ အကယ်၍ တစ်ခုခု လွဲချော်သွား၍ မီးတောက်များကို ပေါင်းစည်ရာတွင် ကျရှုံးခဲ့လျှင်၊ သူသည် သူ့ကိုယ်သူ ယဇ်ပူဇော်သကဲ့သို့ ဖြစ်နေလိမ့်မည်။

အကြွင်းမဲ့မီးတောက် နှစ်ခုကို ပေါင်းစည်းခြင်းသည် သူ၏ အန္တိမ လူသတ်တိုက်ကွက်ဖြစ်သည်။ လုံးဝလိုအပ်သော အချိန်မဟုတ်လျှင်၊ သူက အသုံးပြုလိမ့်မည် မဟုတ်ချေ။

လင်းဖုန်းက လက်နှစ်ချောင်းကို ထောင်ပြလိုက်၏။ "ဒီအချက်ကို ဖြေရှင်းဖို့ နည်းလမ်းနှစ်ခုရှိတယ်။ ပထမတစ်ခုက ပေါင်းစည်းတဲ့ မီးတောက်တွေရဲ့ စွမ်းအားကို လျှော့ချဖို့ပဲ။ ပထမ တစ်ခုကို မဟာသူရိယ အကြွင်းမဲ့ မီးတောက်ကိုသုံးပြီး၊ ကျန်တစ်ခုကို မင်းရဲ့ကိုယ်ပိုင် မှော်စွမ်းအင်နဲ့ ဖန်တီးထားတဲ့ မီးတောက်ကို အသုံးပြုရမယ်။ ဒါဆိုရင် မီးတောက်တွေရဲ့ တည်ငြိမ်မှုနဲ့ လုံခြုံမှုက တိုးတက်လာလိမ့်မယ်။ ဒါပေမဲ့ အကျိုးသက်ရောက်မှုကတော့ ကျသွားမှာပေါ့"

ရှောင်ယန်က ခေါင်းညိတ်လိုက်သည်။ "ဆရာပြောတာ မှန်တယ်။ ငရဲပြည်က ရောင်ခြည်နတ်ဆိုး မီးတောက်က သိပ်ကြမ်းလွန်းတယ်။ သူတစ်ခုတည်းဆိုရင် အသုံးပြုလို့ ရသေးပေမဲ့၊ တခြားမီးတောက်နဲ့ ပေါင်းလိုက်ပြီဆိုရင် အန္တရာယ်က အဆပေါင်းများစွာ တက်သွားတယ်"

လင်းဖုန်းက ဆက်ပြောလိုက်သည်။ "ဒုတိယ နည်းလမ်းက မင်းရဲ့ ကျင့်ကြံမှု အဆင့်ကို မြှင့်တင်ဖို့ပဲ။ မင်းက ရွှေရောင်ဗဟိုချက် နောက်ဆုံး အဆင့်ကို ရောက်သွားပြီးရင်၊ မင်းရဲ့ မီးတောက်နှစ်ခုကို ပေါင်းစည်းခြင်းရဲ့ အောင်မြင်မှုနှုန်းက ၇၀ ရာခိုင်နှုန်းကျော်လောက် ရှိမယ်လို့ ဆရာက ခန့်မှန်းထားတယ်ကွ"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now