အပိုင်း ၂၆၁ : ရက်ရောလှစွာသော ပေးကမ်းစွန့်ကြဲခြင်း

398 59 0
                                    

အပိုင်း ၂၆၁ : ရက်ရောလှစွာသော ပေးကမ်းစွန့်ကြဲခြင်း

ကွေနွားဘုရင်သည် ကောင်းကင်တွင် ရပ်နေသော လင်းဖုန်းအား၊ လေးနက်စွာဖြင့် စိုက်ကြည့်နေ၏။ လင်းဖုန်းသည် ဘာမှထူးခြားသည့်ပုံ ပေါက်မနေသော်လည်း၊ ကွေနွားဘုရင်သည် နည်းနည်းလေးမှ မပေါ့ဆရဲခဲ့ပေ။

အခြားမည်သည့် အကြောင်းအရာများကို ထည့်မတွက်လျှင်ပင်၊ သူ၏မိစ္ဆာစွမ်းအားများကို အစွမ်းကုန် အသုံးပြုထားသည်ကို တည်ငြိမ်အေးဆေးစွာဖြင့် ရင်ဆိုင်နေသော လင်းဖုန်းအား၊ ကွေနွားဘုရင်သည် လုံးဝလျှော့မတွက်ရဲခဲ့ပေ။

"ဘယ်သူက လာရဲသလဲ?" ကွေနွားဘုရင်သည် လေးနက်စွာဖြင့် မေးလိုက်သည်၊ သူ၏ အသံမှာ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဟိန်းနေ၏။

သို့သော်လည်း လင်းဖုန်း၏ အာရုံမှာ ကွေနွားဘုရင်အပေါ်တွင် ရောက်မနေခဲ့ချေ။ သူ၏အကြည့်သည် ကွေနွားဘုရင်၏ ခန္ဓာကိုယ်အောက်မှ မြေပြင်အကွက်တစ်ခုအပေါ်တွင် ကျရောက်နေခဲ့၏။ ထိုနေရာတွင် ၂မီတာ-၃မီတာခန့်ရှိသော အပင်ပေါက်လေး တစ်ခုကို စိုက်ပျိုးထား၏။ သူသည် ကွေနွားဘုရင်၏ ဧရာမ ခန္ဓာကိုယ်ကြီးနှင့် နှိုင်းယှဉ်ခဲ့လျှင်၊ သွားကြားထိုးတံတစ်ခုနှင့် တူနေပေသည်။

ထိုအပင်ပေါက်လေးသည် အသန့်စင်ဆုံး သံမဏိကဲ့သို့ မည်းနက်နေ၏။ သေးသွယ်သော ပင်စည်မှနေ၍ ရွက်နုပျိုများ ပေါက်နေကြသည်။ သို့သော်လည်း သူတို့သည် ရွှေရောင်ဖျော့ဖျော့ လင်းလက်နေကြ၏။

လင်းဖုန်းသည် သူ၏ခေါင်းကို ညိတ်လိုက်သည်။ "လက်စသတ်တော့၊ ဆာရိုသံမဏိ သစ်ပင်ဆိုတာ ဒီလိုကိုး!"

သူ့ထံမှ စိတ်ဝိညာဉ် စွမ်းအင်တို့ကို သေချာစွာ စူးစမ်းလေ့လာပြီးနောက်တွင်၊ အတွေးတစ်ခု ပေါ်လာခဲ့သည်။ "ဒီစိတ်ဝိညာဉ် စွမ်းအင်က မိစ္ဆာစွမ်းအင် အဖြစ်ကို မပြောင်းသေးဘူး။ ဒါကဘာကို ဆိုလိုနေသလဲဆိုတော့၊ ဒီဆာရိုသံမဏိ သစ်ပင်က မိစ္ဆာအဖြစ်ကို မပြောင်းသေးဘူး။ သူက သူ့ရဲ့ ကိုယ်ပိုင် အသိစိတ်နဲ့ အတွေးတွေကို မဖန်ဆင်းနိုင်သေးဘူး။ အပင်တစ်ပင် ဘဝနဲ့သာ ရှိသေးတယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now