အပိုင်း ၃၁၁ : ရှောင်ယန်ထံမှ ပေးပို့လာသော သတင်း

479 45 0
                                    

အပိုင်း ၃၁၁ : ရှောင်ယန်ထံမှ ပေးပို့လာသော သတင်း

လင်းဖုန်းသည် ရှောင်ယန်ထံမှ သတင်းမကြားရသည်မှာ၊ သူစတင်ထွက်ခွာ သွားပြီးကတည်းက ဖြစ်သည်။

သို့သော်လည်း လင်းဖုန်းသည် ရှောင်ယန်နှင့် ပတ်သတ်၍ စိတ်မပူနေခဲ့ပေ။ ကောင်းကင်ဘုံ၏ မစခြင်းကို ခံနေရသော သူကဲ့သို့ လူမျိုးသည်၊ ကိုယ်ကသာ သူများအား ခြိမ်းခြောက်နိုင်မည် ဖြစ်၍၊ ပြောင်းပြန်ဖြစ်နိုင်မည် မဟုတ်ချေ။ အကယ်၍ သူက အနိုင်အကျင့် ခံရလျှင်ပင်၊ နောက်ပိုင်းတွင်သူက အတိုးနှင့်ပေါင်း၍ လက်စားပြန်ချေမည် ဖြစ်သည်။

လင်းဖုန်း၏ ရင်ထဲတွင် ရှောင်ယန်က မည်မျှ ပြဿနာ ရှာလာနိုင်သည်ကို၊ ကျိတ်၍ တွေးတောနေခဲ့သည်။

အကယ်၍ တကယ့်အန္တရာယ်နှင့် ကြုံတွေ့ခဲ့ရမည်ဆိုလျှင်၊ လင်းဖုန်းက ရှောင်ယန်အား ပေးထားသော အဆောင်လက်ဖွဲ့ တစ်ခုရှိသည်။ ထိုအဆောင်လက်ဖွဲ့အား ဖိချေလိုက်မည် ဆိုပါက၊ လင်းဖုန်းသည် သူ၏ တည်နေရာကို သိရှိနိုင်မည် ဖြစ်ပြီး၊ ချက်ချင်းပင် လေဟာနယ်ကို ဆွဲဖြဲကာ ရှောင်ယန်ဆီသို့ ရောက်သွားနိုင်၍၊ သူ၏ တပည့်ကြီးအား အကူအညီ ပေးနိုင်မည် ဖြစ်သည်။

လင်းဖုန်းသည် ရှောင်ယန်၏ သတင်းအား ရုတ်တရက် ရရှိခဲ့သည့်အတွက်၊ အတန်ငယ် အံ့အားသင့်နေခဲ့သည်။ သူသည်လည်း အသံလွှင့် ကျောက်တုံးအား ခွဲချေလိုက်ကာ၊ သူ၏ မှော်စွမ်းအင်များကို အသုံးချလိုက်၍၊ နှစ်ဦးနှစ်ဘက်သား အပြန်အလှန် ဆက်သွယ်လိုက်ကြ၏။

အပြင်ပိုင်းတွင်မူ လင်းဖုန်းသည် သူ၏ မူလနေရာတွင်သာ မလှုပ်မယှက် ရပ်နေခဲ့၍၊ ပုန်းကွယ်နေသော နဂါးချောက် အတွင်းမှ နောက်ထပ်ပြိုင်ပွဲ အသစ်တစ်ခုကို အာရုံစိုက်ကာ ကြည့်နေခဲ့သည်။

ဆက်သွယ်မှုများ ရရှိသွားသည်နှင့်၊ လင်းဖုန်းက ဘာတစ်ခွန်းမှ မပြောရသေးခင်တွင်ပင်၊ တစ်ဘက်ခြမ်းမှ ရှောင်ယန်သည် အလောသုံးဆယ် ဖြစ်လှစွာနှင့် မေးလိုက်သည်။ "ဆရာ၊ ဒဏ္ဍာရီလာ အကြွင်းမဲ့ မီးတောက် ခုနှစ်မျိုး အနက်မှာ၊ ငရဲပြည်က ရောင်ခြည်နတ်ဆိုး မီးတောက်ရယ်၊ မဟာသူရိယ အကြွင်းမဲ့ မီးတောက်ရယ်၊ သန့်စင်သောယန် အကြွင်းမဲ့ မီးတောက်ရယ် အပြီးမှာ၊ ကျန်တဲ့ မီးတောက်တွေက ဘယ်လိုမျိုးပုံစံ ရှိသလဲဗျ"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now