အပိုင်း ၃၄၆ : အချက်သုံးချက်

414 51 0
                                    

အပိုင်း ၃၄၆ : အချက်သုံးချက်

ရှောင်ယန်၏ စကားကို ကြားပြီးသွားသောအခါ၊ လင်းဖုန်း၏ မျက်လုံးအစုံသည် တောက်ပသွားခဲ့သည်။ "အိုး? သူက ဘယ်သူလဲဆိုတာ သိသလား?"

ရှောင်ယန်က သူ၏ခေါင်းအား ခါလိုက်သည်။ "မသေချာဘူး။ ဒီလူရဲ့ ကျင့်ကြံမှု အဆင့်က အရမ်းမြင့်တယ် ဆိုတာကိုပဲ ပြောနိုင်တယ်။ သူနဲ့သာ တိုက်ခိုက်ရမယ်ဆိုရင်၊ ကျွန်တော်က ဘာမှ တုံ့ပြန်နိုင်မှာ မဟုတ်ဘူး။ ဘာအကွက်မှ မထုတ်ခဲ့ရပေမဲ့, ကျွန်တော့်မှာက အဲ့ဒီခံစားချက် ရှိနေတယ်"

လင်းဖုန်းသည် ထိုစကားကို ကြားသောအခါ သူ၏ခေါင်းအား ဖြည်းညင်းစွာဖြင့် ညိတ်လိုက်သည်။ "အင်၊ အနည်းဆုံးတော့ သူက အခြေတည်ဝိညာဉ် နောက်ဆုံး အဆင့်မှာ ရှိလိမ့်မယ်"

ရှောင်ယန်သည် ရွှေရောင်ဗဟိုချက် အလယ်အလတ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူက နန်းမင် အကြွင်းမဲ့ မီးတောက်အား မကျင့်ကြံနိုင်ပဲ ဒုက္ခမတွေ့သေးစဉ် အချိန်က၊ သူ၏ အကြွင်းမဲ့မီးတောက် နှစ်မျိုး ပူးပေါင်းထားခြင်းသည်၊ အခြေတည်ဝိညာဉ် စဦးပိုင်း အဆင့်မှ ကျင့်ကြံသူ တစ်ယောက်အား ကောင်းကောင်း လွှမ်းမိုးထားနိုင်၏။ အခြေတည်ဝိညာဉ် အလယ်အလတ် အဆင့်မှ ကျင့်ကြံသူ တစ်ယောက်သည်ပင်လျှင်၊ သူ့အား အလေးအနက်ထား၍ ရင်ဆိုင်ရမည် ဖြစ်သည်။

သူ့အား ဖိနှိပ်ထားဖို့ဆိုလျှင် ကောင်းကင်နှင့်မြေကြီး အသွင်သဏ္ဌာန် မှော်ကျိန်စာအား လေ့ကျင့်ထားပြီးသော၊ အခြေတည်ဝိညာဉ် နောက်ဆုံး အဆင့်မှ ကျင့်ကြံသူတစ်ယောက် လိုအပ်ပေမည်။

သို့သော်လည်း ရှောင်ယန်သည် ထိုအခြေတည်ဝိညာဉ် နောက်ဆုံး အဆင့်မှ ကျင့်ကြံသူအား၊ ယှဉ်ပြိုင်တိုက်ခိုက်မည်ဆိုလျှင် ဖြစ်နိုင်သေးသည်။

သူက မည်သည့်တိုက်ခိုက်မှုများ မပြုလုပ်ရသေးခင်တွင်ပင် မည်သည့်အခွင့်အရေးမှ မရှိနိုင်ဟု ဆိုနေလျှင်၊ ထိုသူသည် အလွန်ကိုမှ အစွမ်းထက်သော အခြေတည်ဝိညာဉ် အဆင့်မှ ကျင့်ကြံသူတစ်ယောက် ဖြစ်ပေလိမ့်မည်။

ရှောင်ယန်သည် သူ၏ခေါင်းအား တစ်ဆတ်ဆတ်နှင့် ညိတ်လိုက်သည်။ "ကျွန်တော်ကလည်း ဒီလိုပဲ ထင်တယ်ဗျ။ သူက ကျွန်တော့်ကို ကျန်းအာနား ခေါ်သွားပေးမယ်လို့ပဲ ပြောခဲ့တယ်။ ပြီးတာနဲ့ စကားတစ်ခွန်းမှ မပြောတော့ဘူး။ ကျန်းအာအနား ရောက်သွားပြီးတော့လည်း၊ သူက အလျှင်အမြန်ပဲ ပြန်ထွက်သွားခဲ့တယ်။ ကျန်းအာကလည်း သူကဘယ်သူဆိုတာကို ကျွန်တော့်ကို မပြောပြဘူး။ သူမက မပြောချင်ဘူးဆိုတော့လည်း၊ ကျွန်တော်က အတင်းအကျပ်ကြီး မေးမနေတော့ဘူး"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now