အပိုင်း ၅၁၃ - ၅၁၄ - ၅၁၅

381 50 0
                                    

စာစဥ် ၂၈ : အပိုင်း ၃

အပိုင်း ၅၁၃ : ငြိမ်နေရတာ ကြာပြီးနောက် အစွမ်းကုန် ပေါက်ကွဲခြင်း

"ကျုပ်က ကိစ္စအတော်များများကို တကယ်မသိပါဘူး" ရှောင်ယန်က သူ၏ ပုခုံးများကို တွန့်လိုက်သည်။ "ဥပမာ၊ ခင်ဗျားက ဒီလောက် အတင့်ရဲရအောင် ဘယ်က ယုံကြည်မှုတွေ ရလာသလဲ ဆိုတာကို မသိဘူး။ ခင်ဗျားက အတော်ကို ရူးမိုက်လွန်းလို့ ကိုယ့်နာမည်ကိုတောင် မမှတ်မိလောက်တော့ဘူး၊ ဟုတ်တယ်မလား"

ရှောင်ယန်သည် ကျင်းဟွမ်အမတ်အား အကဲခတ်လိုက်ကာ အကြင်နာ ကင်းမဲ့စွာနှင့် ပြောလိုက်သည်။ "ခင်ဗျားက လျှမ်ပန်းရဲ့ တရားမဝင်သားဆိုတဲ့ ကောလဟာလတွေက မှန်နေတယ်လို့တော့ မပြောနဲ့နော်။ တကယ်လို့ မှန်နေတယ် ဆိုရင်တောင်၊ ခင်ဗျားလုပ်တော့မယ့် ပြဿနာတွေအတွက် လျှမ်ပန်းက ခင်ဗျားကို ကာကွယ်ပေးမှာ မဟုတ်ဘူး"

ကျင်းဟွမ်အမတ်သည် ငယ်စဥ်ကတည်းက အောင်မြင်မှုများစွာ ရရှိခဲ့သည်။ ထို့ကြောင့်သူသည် ဆုလာဘ်ပေါင်း မြောက်မြားစွာတို့ကို ရရှိခဲ့သည်။ သူသည် တော်ဝင်မိသားစုများသာ ဝတ်ဆင်ခွင့်ရှိသည်၊ တော်ဝင် အဆောင်အယောင်ကိုပင် ဝတ်ဆင်ခွင့် ရရှိခဲ့၏။ မဟာကျိုး အင်ပါယာ အတွင်း၌၊ အချင်းချင်း ဝေဖန် ပြောဆိုနေမှုများ ရှိနေကြသည်။ အချို့သောသူများက သူသည် လျှမ်ပန်း၏ တရားမဝင်သား ဟူ၍ပင် ပြောနေကြ၏။

လျှမ်ပန်းသည် ထိုကောလဟာလများကို ငြင်းဆန်ခြင်း မပြုပဲ၊ ကျင်းဟွမ်အမတ်ကလည်း သူတို့အား ပြန်လည် မဖြေရှင်းခဲ့ပေ။

ရှောင်ယန်က သူ့အားကြည့်လိုက်သည်။ "တကယ်လို့ မိစ္ဆာဖီးနစ် မျိုးနွယ်စုကို ရန်စတဲ့သူက လျှမ်ယွမ်သာ ဖြစ်ခဲ့မယ်ဆိုရင်၊ ဒါက ကြီးမားတဲ့ ပြစ်မှု ဖြစ်နေဦးမှာပဲ။ အနိမ့်ဆုံး ပြစ်ဒဏ်က အိမ်ရှေ့မင်းသား ရာထူးကနေ ဖယ်ရှားပစ်မှာ ဖြစ်ပြီး၊ နောက်ထပ် ကြီးမားတဲ့ ပြစ်ဒဏ်တွေကလည်း စောင့်နေဦးမယ်"

ကျင်းဟွမ်အမတ်၏ အနောက်မှ အခြေတည်ဝိညာဥ် အဆင့် ကျင့်ကြံသူ နှစ်ယောက်တို့နှင့် အခြား ကျင့်ကြံသူများသည်၊ ရှောင်ယန်၏ စကားကို ကြားရပြီးအနောက်တွင် မသက်မသာ ဖြစ်သွားကြသည်။ သူတို့သည် သူ့အား တင်းမာစွာဖြင့် ကြည့်လိုက်ကြကာ၊ သူတို့၏ လူသတ်လိုစိတ်များအား ကြောက်မက်ဖွယ်ရာ ထုတ်လွှတ်လိုက်ကြသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now