အပိုင်း ၆၃၃ : နံရံတိုင်းတွင် နားများရှိသည်

285 38 1
                                    

စာစဥ် ၃၄ : အပိုင်း ၃

အပိုင်း ၆၃၃ : နံရံတိုင်းတွင် နားများရှိသည်

လင်းဖုန်းသည် သူ၏အရှေ့မှ မျက်မဲ့အား ကြည့်လိုက်ကာ ပြောလိုက်သည်။ "ဒီစက်လုံးက ဟင်းလင်းပြင် လျှပ်စီးကပ်ဘေးကို ဆင့်ခေါ်ပေးပြီး မင်းကို အခြေတည်ဝိညာဥ် ဖော်ဆောင်နိုင်ဖို့ အကူအညီ ပေးခဲ့ပေမဲ့ မင်းရဲ့ ကျင့်ကြံမှုတွေ အများစုက မင်းရဲ့ကိုယ်ပိုင် နားလည်မှုကနေ ရလာတာမလား"

မျက်မဲ့က သူ၏ခေါင်းကို ညိတ်လိုက်သည်။ "ဟုတ်ပါတယ်။ ကျုပ်က သူတို့အားလုံးကို ကျုပ်ကိုယ်ကျုပ် နားလည်အောင် လုပ်ခဲ့တာပါ။ ဒါပေမဲ့ ဒါ့အပြင် ကျုပ်က အသုံးဝင်မယ်လို့ ထင်ရတဲ့ သဘောတရား အချို့ကိုလည်း အာရုံခံခဲ့မိသေးတယ်"

ဒါသည်လည်း သဘာဝကျပေသည်။ အောက်မှစက်လုံးသည် မရင့်ကျက်သေးသော်လည်း သူ့တွင် ကောင်းကင်နှင့် မြေကြီးတို့၏ လမ်းစဥ်နှင့် ကြမ္မာပန်းတိုင်၏ အစစ်အမှန် အဓိပ္ပာယ်တို့ ပါဝင်နေပေသည်။

လင်းဖုန်းသည် ဘေးပတ်ပတ်လည်တွင် ကူးခတ်နေကြသော ရွှေရောင်မျက်စိနှင့် အနက်ရောင် ငါးများကို ကြည့်လိုက်ကာ ပြောလိုက်သည်။ "မင်းက မင်းမျိုးနွယ်စုတွေကို သင်ကြားပေးဖို့ ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မင်းရဲ့ နည်းစနစ်တွေကို နားလည်မှုဟာ အနှစ်မချုပ်ရသေးပဲ စနစ်တကျ မစုစည်းထားရလို့ ဖြစ်တယ်။ မင်းရဲ့ မျိုးနွယ်တွေက စနစ်တကျ မလေ့လာခဲ့ရတဲ့အတွက် ရလဒ်တွေက မကောင်းခဲ့ခြင်း ဖြစ်တယ်"

"မင်းလိုမျိုး ထူးချွန်ထက်မြက်ပြီး ကြမ္မာပန်းတိုင်ရှိတဲ့သူတစ်ယောက် မပေါ်လာသရွေ့ မင်းက ဆက်ခံသူ တစ်ယောက်ကို မွေးထုတ်ဖို့ ဆိုတာက ခက်ခဲနေဦးမှာပဲ"

မျက်မဲ့သည် ခေတ္တမျှ စဥ်းစားလိုက်ကာ ပြောလိုက်သည်။ "ဒါက အကျိုးအကြောင်း ဆီလျှော်ပါတယ်။ ခင်ဗျားပြောတာမှန်တယ်။ ဒီသဘောတရာတွေ အများစုက ကျုပ်ဘာသာကျုပ် တစ်ယောက်တည်း နားလည်ထားတာ။ ဒါပေမဲ့ သူတို့ကို ကျုပ်နားလည်သလို ပြန်ပြီးတော့ မရှင်းပြတတ်ဘူး"

လင်းဖုန်းက ပြုံးလိုက်သည်။ "တကယ်လို့ မင်းက ဆန္ဒရှိရင် နည်းစနစ် အမျိုးမျိုးကို နားလည်နိုင်ဖို့ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းကို ဝင်နိုင်ပါတယ်။ ပြီးတာနဲ့ ငါကမင်းကို သင်ကြားပေးနိုင်တယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now