အပိုင်း ၃၉၁ - ၃၉၂

445 48 0
                                    

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၂ : အပိုင်း ၁

အပိုင်း ၃၉၁ : ကြီးမြတ်သော ခေါင်းဆောင်အသစ်

လင်းဖုန်းသည် ယုကျင်းတောင်ထိပ်မှ မဟူရာကောင်းကင် ရတနာသစ်ပင်၏ အပေါ်တွင်၊ ငြိမ်သက်စွာထိုင်နေခဲ့၏။ သူသည် ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါ အတွင်းမှ၊ ခက်ထန်သော တိုက်ပွဲများကို အာရုံမစိုက်ထားခဲ့ပေ။ သူ၏ သံမဏိသစ်ပင် ကိုယ်ပွားသည်ပင်လျှင် တောင်ထိပ်ပေါ်သို့ ရောက်လာခဲ့သည်။

ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါ အတွင်းတွင် ပိတ်ထားသော၊ ယုရိလွမ်နှင့် အခြေတည်ဝိညာဥ် နောက်ဆုံး အဆင့်မှ ကျင့်ကြံသူ သုံးယောက်တို့မှလွဲ၍၊ လင်းဖုန်းသည် ယုရှီးလင် အပါအဝင် ကျန်အခြေတည်ဝိညာဥ် အဆင့်မှ ကျင့်ကြံသူ လေးယောက်တို့အား မည်သို့မှ မပြုလုပ်ခဲ့ပေ။ သူတို့အား ဝင်္ကပါအတွင်း၌သာ ထည့်ထားခဲ့သည်။

ခက်ထန်လှသော တိုက်ပွဲတစ်ခု အပြီးတွင်၊ ဝင်္ကပါအတွင်းမှ တိုက်ပွဲသည် အဖြေပေါ်လာခဲ့ပြီ ဖြစ်သည်။

မျက်စိများကိုမှိတ်၍ အနားယူနေသော လင်းဖုန်းသည်၊ ရုတ်တရက် သူ၏မျက်လုံးများအား ဖွင့်လိုက်ကာ ပြုံးလိုက်၏။ သူသည် ဝင်္ကပါအတွင်းသို့ လှမ်းကြည့်လိုက်သည်။

ဝင်္ကပါအတွင်းမှ အလင်းရောင်များသည် ပြိုးပြိုးပြက်ပြက် တောက်ပလာခဲ့ကာ၊ အတွင်းမှ ပုံရိပ်တစ်ခုက ထွက်လာခဲ့၏။ သူ၏ ခြေလှမ်းများမှာ ဒယီးဒယိုင် ဖြစ်နေခဲ့၍၊ ခန္ဓာကိုယ်မှာ တုန်ခါနေခဲ့၏။ သူသည် လွန်စွာအားနည်းနေသောပုံ ပေါက်နေခဲ့၏။

သို့သော်လည်း သူ၏ မျက်လုံးအစုံမှာ တစ်ခါမှ မမြင်ဖူးသော စွမ်းအားများဖြင့်၊ အလွန်အမင်း တောက်ပနေခဲ့သည်။

"ဆရာ!" ရှီထျန်းဟောင်သည် ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါ အတွင်းမှ ထွက်ပေါ်လာခဲ့သည်။ သူသည် လင်းဖုန်းအား ကြည့်လိုက်ကာ ပြုံး၍ပြောလိုက်သည်။ "ကျွန်တော် အနိုင်ရသွားခဲ့ပြီ"

ဤအချိန်တွင် ရှီထျန်းဟောင်၏ ခန္ဓာကိုယ် တစ်ခုလုံးသည်၊ အပြာရောင်သန်းကာ အေးခဲနေခဲ့သည်။ သူ၏ တစ်ကိုယ်လုံးတွင် အက်ကွဲကြောင်းများဖြင့် ပြည့်နေခဲ့၏။ သို့သော်လည်း ထိုအက်ကွဲကြောင်းများတွင် သွေးများကို မတွေ့ခဲ့ရပေ။ ရေခဲသလင်းကျောက်များသာ ကြမ်းပြင်ပေါ်သို့ အဆက်မပြတ် ပြုတ်ကျနေကြသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now