Chapter 152

22.9K 3.3K 200
                                    

Unicode

မိသားစုလေးယောက်၊ ဘော့စ်ကျန်းက အဆိုးဆုံးပဲ
_________________________________

ချီချီတစ်ယောက် ယန်းချင်းချီပြန်ရောက်နေတာကြောင့်ရော၊ စိတ်ဝင်စားဖို့ကောင်းတာလေးတစ်ခု ရှာတွေ့ထားတာကြောင့်ရော အခုတလော အရမ်းကိုပျော်ရွှင်နေသည်။

''ပါးပါး ပါးပါး ဒီကိုကြည့် '' ချီချီ ယန်းချင်းချီကို လှမ်းခေါ်ပြီးနောက် ကုတင်ပေါ်မှာ တစ်ယောက်ထဲဆော့နေသည့် ယန့်ယန့်ကိုပြန်ကြည့်ရင်း အော်ခေါ်လိုက်သည်။ '' တိတိ! ''

ယန့်ယန့်က ချီချီခေါ်သံကြားတာနဲ့ လက်ထဲဆော့လက်စအရုပ်လေးကိုင်ကာ မော့ကြည့်လာသည်။ ချီချီ ယန့်ယန့်ရဲ့ညာဘက်ပါးဖောင်းဖောင်းလေးကို လက်ညှိုးလေးဖြင့် ထိုးလိုက်တဲ့အချိန် ကလေးက တခစ်ခစ်ထရယ်လေသည်။

ချီချီ လက်ပြန်ရုတ်လိုက်တာနဲ့ ကလေးကလည်း တဖြည်းဖြည်းအရယ်ရပ်သွားသည်။

ချီချီ လက်ညှိုးဖြင့် ညာဘက်ပါးကို ထပ်တို့လိုက်တဲ့အချိန် ယန့်ယန့်ကလည်း ခိုးခိုးခစ်ခစ်ထရယ်ပြန်သည်။

ချီချီရပ်လိုက်တာနဲ့ ယန့်ယန့်ကလည်း တဖြည်းဖြည်းချင်း အရယ်ရပ်သွားလေသည်။

ယန်းချင်းချီ အံ့အားသင့်မှုနဲ့အတူ မျက်ခုံးပင့်မိသွားကာ လက်ဆန့်ထုတ်ပြီး သူ့သားရဲ့ညာဘက်ပါးဖောင်းဖောင်းလေးကို ထိုးကြည့်လိုက်တော့ ကလေးက တခစ်ခစ်ထရယ်လာသည်။

'' အရမ်းဆော့လို့ကောင်းတယ်မလား '' ချီချီက ခေါင်းမော့ပြီး မေးလာခဲ့သည်။

ယန်းချင်းချီ ခေါင်းငြိမ့်ပြလိုက်ကာ

'' သား ဘယ်တုန်းက ရှာတွေ့သွားတာလဲ ''

''သိပ်မကြာသေးဘူး ဒီရက်ပိုင်းလောက်ပဲ သားနဲ့တိတိနဲ့ ဆော့နေတဲ့အချိန်မှာ အဲ့လိုလုပ်လို့ရမှန်း သိသွားတာ ဟီးဟီး ''

''ဒါဆို ဘယ်ဘက်ပါးကိုထိုးရင်ရော ရယ်လား '' ယန်းချင်းချီ သိချင်သွားသည်။

''မရယ်ဘူး '' ချီချီက အခိုင်အမာပြောလာသည်။ '' ဒီတစ်နေရာထဲကပဲ သူ့ကိုရယ်အောင်လုပ်နိုင်တာ ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now