အခန်း (၁)ရည်မှန်းချက်

1.8K 79 8
                                    


လေတွေက တောင်ကို ဖြတ်တိုက်လိုက်သည့် အခါတိုင်း ကျောက်စိမ်းသစ်ခွတောင်ပေါ်မှ သစ်ပင်များသည် အစိမ်းရောင်လှိုင်းလုံးကြီးများကဲ့သို့ ယိမ်းနွဲ့သွားလေ့ရှိသည်။ နေဝင်ချိန်များဆိုလျှင် ခပ်မှိန်မှိန် နေရာင်ခြည်များကြောင့် သစ်ပင်နှင့် မြက်ခင်းများသည် ရွှေအိုရောင် ကြေးခွံများ ခင်းထားသကဲ့သို့ အရောင်ပြန်နေတတ်ပြီး စကားလုံးများနှင့် ဖော်ပြ၍ မရအောင်ပင် လှပနေတတ်လေသည်။

သူတော်စင်တိုင်းပြည်တွင် ထိုနေရာကို ဆည်းဆာက ကျောက်စိမ်းပေါ်ဖြာကျသော နေရာဟု သိကြလေသည်။ နှင်းဆီတိမ် ဒေသတွင် ထိုနေရာသည် ကောင်းကင်နှင့် မြေကြီးမှ စွမ်းအင်များ တည်မြဲနေပြီး တိုက်ခတ်သည့်လေမှာ ရွှေမီးတောက်ရောင်ပြန် များ ပါသည့်အတွက် အမတလမ်းစဉ်လိုက်စားသည့် ကျင့်ကြံသူများပင် ရင်မဆိုင်ရဲဟု ဆိုကြသည်။ တစ်ကယ်တော့ ထိုအကြောင်းများသည် ရှုမျှော်ခင်းကြည့် ထွက်သည့် လည်ပတ်သူများ၏ ပြောစကားများသာ။

သို့သော် ထိုဒေသတွင်နေသည့် သာမာန်လူများအတွက်ကတော့ ကျောက်စိမ်းတောအုပ်ဆိုဆို ရွှေအိုရောင် ညနေခင်းဖြစ်ဖြစ် ၎င်းတို့ပိုင် စိုက်ခင်းများလောက် အရေးမကြီးချေ။

မြစ်ငယ်ရွာမှ မိသားစု အချို့သည် ထိုကျောက်စိမ်းသစ်ခွတောင်ခြေတွင် သူတို့၏ ယာခင်းများ ကို စိုက်ပျိုး လုပ်ကိုင်ကြသည်။ နွေဦးပေါက် ရာသီဖြစ်သဖြင့် စိုက်ပျိုးချိန်ဖြစ်သည်။ ယာခင်းတစ်ခုတွင်မူ ကောင်လေးတစ်ယောက်က တစ်ဦးတည်း လုပ်ကိုင်နေလေသည်။ ၎င်းက အသက် ဆယ်နှစ်ကျော်ကျော်ခန့်သာ ရှိသေးပုံပေါ်ပြီး ထိုကွင်းပြင်ကို သူတစ်ယောက်တည်းသာ လုပ်ကိုင်နေလေသည်။

"အစ်ကိုကြီး ထန်ဂျီ" တက်ကြွသော အသံတစ်ခုက ခပ်ဝေးဝေးမှ ထွက်လာသည်။

ကောင်လေးက ခေါင်းထောင်၍ ကြည့်လိုက်သော အခါ ကောင်မလေးတစ်ဦးက ရေဇလုံတစ်ခုကို ကိုင်၍ ပြေးလာသည်ကို တွေ့ရလေသည်။ သူမ၏ ဆံပင်များကို ကြက်တောင်မြီး စည်းထားပြီး ဆိတ်ဦးချိုများနှင့်ပင် တူနေလေသည်။ သူမ၏ ရုပ်က ရွက်ကြမ်းရေကျိုသာရှိပြီး နှစ်များစွာ နေပူစပ်ခါးတွင် အလုပ်လုပ်ခဲ့ရသောကြောင့် သူမ၏ အသားအရည်များက ကြမ်းတမ်း၍ ညိုညက်စွာရှိလေသည်။ သို့သော် မျက်လုံးအစုံကမူ တောက်ပ၍ နေလေသည်

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now