အခန်း (၁၀၃) ဆု

167 31 0
                                    


ထန်ဂျီက ရှီဖုန်းထန်ရှေ့တွင် ရပ်နေသည်။ မနှိမ့်ချသလို မမောက်မာပေ။ရှီဖုန်းထန်က သူ့ရှေ့ရှိ လူငယ်ကို အကဲခတ်နေသည်။ အတန်ကြာပြီးနောက် သူက ခေါင်းညိတ်လိုက်သည်။ "မင်းက ငါ့ကို နောက်ထပ် အံ့ဩမှုမတစ်ခု ပေးလိုက်ပြန်ပြီ" ကျောင်းတော်၏ ကျောင်းအုပ်တစ်ယောက်ကို အံ့ဩစေသည့် အရာများများ မရှိချေ။ အထူးသဖြင့် ကျောင်းသားများနှင့် ပတ်သက်၍ ဖြစ်သည်။ ထန်ဂျီက ရှီဖုန်းထန် တုန်လှုပ်အောင် သုံးကြိမ် လုပ်ခဲ့သည်။ ပထမတစ်ကြိမ်မှာ သူ၏ နောက်ကြောင်း ကိစ္စ ဖြစ်၍ ဒုတိယမှာ ပညာရပ် လွဲပြောင်းစဉ်က ဖြစ်ပြီး တတိယမှာ ယခု တစ်ကြိမ် ဖြစ်သည်။ ထန်ဂျီက လက်ရှိတွင် ရှီဖုန်းထန် သတိထားမိဆုံး ကျောင်းသား ဖြစ်လာချေပြီ။ 'သတိထားမိ' ဆိုသည့် စကားမှာ လျှော့တွက်၍ မရချေ။ လူအတော်များများက သူတို့၏ အထက်လူကြီးက သတိထားမိစေရန် အမျိုးစုံ ကြိုးစားကြရလေသည်။ အထက်လူကြီးက သတိထားမိ၍ သင့်အား အမြင်ကောင်း ရှိမှသာ အလုပ်နှင့် ပတ်သကလာလျှင် စဉ်းစားမိမည် ဖြစ်ပြီး အခွင့်အလမ်းကောင်းများ ရလာမည် ဖြစ်ပေသည်။ လောကတွင် အလုပ်ကြိုးစား တိုင်း ရလာဒ်ကောင်းချင်မှ ကောင်းမည် ဖြစ်သည်။ လရောင်လှုံကျောင်းတော်တွင် ကျောင်းသားပေါင်း သောင်းချီ ရှိကာ ကျောင်းအုပ် ရှီဖုန်းထန်က လူတိုင်းကို မသိနိုင်ချေ။ သူက နဂါးတံခါး ကိုးလွှာ ချီရှောက်မင်နှင့် ဆန္ဒတစ်ထောင်ဂိုဏ်း ပါရမီရှင် အန်ရူမန် တို့နှင့်ပင် မဆုံဖူးချေ။ နှစ်တိုင်းတွင် ပါရမီရှင်များ ပါနေကျပင် မဟုတ်ပါလား။ ထို့ကြောင့် ထန်ဂျီ၏ နောက်ကြောင်းမှာ သံသယဝင်စရာ ဖြစ်သော်လည်း ရှီဖုန်းထန်က သူ့အား တစ်ချိန်လုံး သတိထားကြည့်နေမည် မဆိုလိုချေ။ ထို့ပြင် ထန်ဂျီက ထန်ကျိရီဟုလည်း မသေချာချေ။ ထို့ပြင် နောက်ထပ် အရေးကြီးသော ကိစ္စတစ်ခုမှာ လရောင်လှုံဂိုဏ်းအနေဖြင့် သိုင်းသခင်၏ ရတနာသည် အိန္ဒုတောင်ကုန်းတွင် ရှိနေခြင်း ဟုတ်မဟုတ်ကို မသေချာချေ။ သူတို့သိသည်မှာ ထိုအရာက သူတော်စင် တိုင်းပြေတွင် မဟုတ်ချေ။ ရှုမုယန်က သူတော်စင်ပြည်သို့ ပြေးခဲ့သည် မဟုတ်ပါလား။ မိမိတို့၏ နယ်မြေအတွင်း မရှိသော ရတနာမှာ ရရန် အလွန်ခက်လေသည်။ သူတို့က ရနိုင်ခဲ့လျှင်တောင် အလွန်များပြားသော ဈေးနှုန်း ပေးရန် လိုအပ်လေသည်။ ထိုသည်ကို နားလည်၍ လရောင်လှုံဂိုဏ်းက သိပ်ပြီး စိတ်မဝင်စားချေ။ ဂိုဏ်း၏ မူလရည်ရွယ်ချက်မှာ နတ်ခေါင်းနန်းတော်က ရတနာကို ရမသွားရေးပင် ဖြစ်သည်။ ထို့ကြောင့်ပင် ရှီဖုန်းထန်က ထန်ဂျီအား ပညာလွှဲပြောင်းပေးခြင်းတွင် အချိန် အရမ်း မပေးခဲ့ခြင်းပင်။ လရောင်လှုံဂိုဏ်းက ထန်ဂျီကို အတင်းဖိအား မပေးသေးသလို ထန်ဂျီအား ပေးသည့် အကျိုးအမြတ်မှာလည်း ထန်ဂျီ မျှော်လင့်ထားသလောက် မများချေ။ အားသာချက်များ ရှိသလို အာနည်းချက်များလည်း ရှိနေသည်သာ။ သို့သော် ယနေ့တွင် ထန်ဂျီက ရှီဖုန်းထန်ရှေ့တွင် ထပ်ပေါ်လာပြန်သည်။ နတ်ကာကွယ်ခန်းမ၏ စံချိန်သစ် ချိုးသူ အဖြစ်ဖြင့် ဖြစ်လေသည်။ "ဒါက ကျောင်းအုပ်ဆရာကြီး ရှီရဲ့ ကျွန်တော့်အပေါ် ဂရုစိုက်ပေးမှုကြောင့်ပါ။ ကျွန်တော်က ခုလို အောင်မြင်တာ နတ်ဘုံလွှာဓါးကျမ်းက ပညာတွေကြောင့်ပါ။ ကျွန်တော်က ကျွန်တော် တော်လွန်းလို့လို့ မပြောရဲပါဘူး" ထန်ဂျီက ရိုသေစွာ ပြောလိုက်သည်။ "ကျောင်းတော်ရဲ့ လျှို့ဝှက်ပညာတွေက အရမ်းကာရော လွှဲပေးတာ မဟုတ်ပေမယ့် နှစ်တိုင်းလိုလို ရတဲ့လူ နည်းနည်းတော့ ရှိကြတာပဲ။ ဒါပေမယ့် ပြီးခဲ့တဲ့ အနည်းဆုံး နှစ်တစ်ရာ အတွင်းမှာ အဲ့ဒီ လျှို့ဝှက် ပညာတွေ ရပြီး စံချိန်သစ် တင်တဲ့သူ တစ်ခါမှ မရှိခဲ့ဘူး။ နှစ်ပေါင်း ထောင့်ရှစ်ရာအတွင်းမှာ အဲ့ဒီ နတ်ခန်းမတွေက စံချိန်တိုင်း ကံကောင်းမှု၊ သန်မာမှု၊ ဇာတ်လမ်းနဲ့ သွေးတွေ ချွေးတွေနဲ့ ရင်းရတာချည်းပံ" ရှီဖုန်းထန်၏ လေသံက နောက်ပိုင်းရောက်လာလေ ပြင်းထန်လာလေသည်။ အံ့ဩမှုနှင့် ပျော်ရွှင်မှုများ ပြီးသောအခါ စစ်ဆေးမှု လာချေပြီ။ ရှီဖုန်းထန်က ထန်ဂျီအား ကျိုးကြောင်းကျသော ရှင်းပြချက် ပေးစေလိုသည်။ ထန်ဂျီက သူ၏ အလားအလာ ပေါက်ကွဲထွက်မှု ဆိုသည်ကို သုံး၍ ဆင်ခြေပေး၍ မရတော့ချေ။ ရှီဖုန်းထန်က အကြီးအကဲချွမ် မဟုတ်ချေ။ ထိုအကြီးအကဲက ကျောင်းတော်၏ ကိစ္စများကို ပူစရာမလိုချေ။ ရှီဖုန်းထန်အား ထိုသို့ ဆင်ခြေပေးပါက သေလမ်းရှာခြင်းပင်။ "ကျောင်းအုပ် ဆရာကြီးပြောတာ မှန်ပါတယ်။ နတ်ခန်းမ ခုနှစ်ခုရဲ့ စံချိန်တိုင်းမှာ သွေးချွေးတွေ ရင်းရတာပါ။ ခန္တာကိုယ်ကသာ မတိုးတက်ရင် ကြီးမားတဲ့ အရာတွေ လိုချင်ပေတဲ့အခါ ကြီးမားတဲ့ ရင်းနှီးမှုတွေ ပေးရတာပါ" ထန်ဂျီက ပြောလိုက်သည်။ ရှီဖုန်းထန်က ကြောင်သွားသည် "မင်...""သေခြင်းကိုးပါး မူလပြန် ပညာ" ထန်ဂျီက ဖြေလိုက်သည်။ ထိုနာမည်က ရှီဖုန်းထန်ကို မိုးကြိုး ပစ်ချလိုက်သလို ဖြစ်သွားသည်။"သေခြင်းကိုးပါး မူလပြန် ပညာ... မင်းက ခါးသီးဆိတ်ငြိမ်နှလုံးဈာန် ကို လေ့ကျင့်ဖို့ သတ္တိရှိတယ်လား" (Dhyana (Hinduism) / jhāna (Buddshism) ဈာန/ဈာန်) သေခြင်းကိုးပါး မူလပြန် ပညာဆိုသည်မှာ နတ်ဘုံလွှာဓါးကျမ်းမှ လျှို့ဝှက် ပညာရပ် တစ်ခု ဖြစ်လေသည်။ ထိုပညာမှာ လရောင်လှုံဂိုဏ်းမှ မူရင်း မဟုတ်ချေ။ ထိုအစား ဂိုဏ်း၏ ဝိဇ္ဇာဓိုရ်အဆင့် တန်ခိုးရှင်တစ်ယောက်က ထွက်ရပ်ပေါက်၍ စက်ြာဝဠာအတွင်း လျှောက်သွားစဉ် အခါက ရခဲ့ပြီး ပြန်ယူလာသော ပညာရပ် တစ်ခု ဖြစ်သည်။ ထိုပညာမှာ ဝိဇ္ဇာအဆင့်ကျမ်း ဖြစ်သော ခါးသီးဆိတ်ငြိမ်နှလုံးဈာန် ဆိုသည့် ကျမ်းမှ ဖြစ်လေသည်။ ထိုပညာက အလွန်ကျင့်ကြံရန် လွယ်ပြီး ခန္တာကိုယ်ကို မွမ်းမံသည့် ပညာ ဖြစ်လေသည်။ ထိုပညာရပ်ကို အောင်မြင်သွားပါက အရိုးများက စိန်ကဲ့သို့ မာကြောလာမည်ဖြစ်ပြီး ချပ်ဝတ်ဖောက် ပညာရပ်များကိုလည်း သိသိသာသာ တိုးတက်စေသည်။ သို့သော် နာမည်အတိုင်း ထိုပညာရပ်မှာ ကျင့်ကြံရန် အန္တရာယ်များလွန်းပြီး ကျင့်ကြံသူအား စိတ်ဖောက်ပြန်တတ်စေလေသ်။ ထို့ပြင် အဆင့်တက်ရန် သေရှင်တိုင်ပွဲများ လိုအပ်လေသည်။ ထိုသို့ အန္တရာယ်များမှာ ဆယ်ကြိမ်လျှင် ကိုးကြိမ် သေရန် နီးစပ်ခြင်းပင်။ ထို့ကြောင့် သေခြင်း ကိုးပါး မူလပြန် ပညာဟု ခေါ်ဆိုခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ ထိုသို့ ပညာမျိုးကို လိုက်စားလိုသည့်သူတော့ ရှိစမြဲပင်။ လောကတွင် ကျင့်ကြံခြင်းအတွက် အသက်ကိုရင်းသူ များစွာရှိသော်လည်း နည်းလမ်းများ ကွဲပြားလေသည်။ လက်နက်ကို ကိုင်စွဲ၍ ရန်သူ့ထောင်ချောက်ဆီ တိုးဝင်သူများမှာ ရဲရင့်သူများဟု ခေါ်ကြသော်လည်း ကျည်အပြည့် သေနတ်ဖြင့် ကိုယ့်ခေါင်း ကိုယ်တေ့ပစ်သူများမှာ ငတုံးများ ဖြစ်လေသည်။ ထိုတန်ခိုးရှင်က ထိုပညာကို ပြန်သယ်လာခြင်းမှာ ဝိစာရကျင့်စဉ်ကဲ့သို့ပင် ချီအခြေတည် အဆင့်၌ပင် ခန္တာကိုယ်ကို ကျင့်ကြံနိုင်၍ ဖြစ်လေသည်။ ထိုသို့ ပညာရပ်မျိုးမှာ လွန်စွာမှ ရှားပါးကာ လေ့လာရန် ထိုက်တန်လေသည်။ ထိုပညာရပ်မှာ နတ်ဘုံလွှာဓါးကျမ်းတွင် ရှိနေသည်မှာ ကြာပြီ ဖြစ်သော်လည်း မည်သူမျှ မလေ့ကျင့်ကြချေ။ သက်ရောက်မှုတွင် ထိုပညာက ဝိစာရကျင့်စဉ်နှင့် သိပ်မကွာချေ၊ သို့မဟုတ် ပိုကောင်းသည်ဟုပင် ပြောနိုင်လေသည်။ သို့သော် လုံခြုံမှုတွင်မူ ဝိစာရကျင့်စဉ်က ပို၍သာလေသည်။ ထန်းဂျီက ထိုပညာကို ကျင့်ရန် မမိုက်ရဲချေ။ သို့သော် သူက ယခုတစ်ခေါက်တွင် အတော်လေး များသွားပြီ ဖြစ်သည်။ သူက စက္ကောမရုပ်တစ်ရုပ်ကိုပင် ဖျက်ဆီးလိုက်သေးသည်။ ဖြစ်ပြီးမှတော့ သူက လိုက်ဖာထေးရတော့မည်ပင်။ အတန်ကြာ စဉ်းစားပြီးနောက်တွင် သူက သူပြောခဲ့သည့် "သုံးခုနှင့် တစ်ဝက်" ကို အသုံးချရန် ကြံလိုက်သည်။ ပညာရပ် လွှဲပြောင်းစဉ်က သူက သုံးခုနှင့် တစ်ဝက်မှတ်မိသည်ဟု ပြောခဲ့ခြင်းမှာ ယခုလိုအခြေအနေမျိုးတွင် အသုံးချရန်ပင်။ ထို့ကြောင့်သူက သေခြင်းကိုးပါး မူလပြန် ပညာကိုပင် ဆင်ခြေအဖြစ် သုံးခဲ့ခြင်း ဖြစ်သည်။ ထိုပညာမှာ ယခုအခြေအနေနှင့် အကိုက်ညီဆုံးပင်။ ရှီဖုန်းထန်က ယခင်က ထိုသေခြင်းကိုးပါး မူလပြန် ပညာကို မကျင့်ကြံဘူးချေ၊ သို့မဟုတ် သူက ထုမဲ့ရွှေခန္တာကိုယ်ကိုပင် မကျင့်ကြံဘူးချေ။ ထို့ကြောင့် ထန်ဂျီကို ခွဲစိတ်ကြည့်လျှင်ပင် သူက မသိနိုင်ချေ။ရှီဖုန်းထန်က ထိုပညာရပ်နာမည်ကြောင့် ကြောင်နေသည်။ သူက ထန်ဂျီကို ကြည့်၍ မေးလိုက်သည်။"ဆိုတော့ မင်းက တစ်လလုံး ကျားဟိန်းသံ တောင်ကြားကို သွားနေတာ သေရှင် ရုန်းကန်မှုကို ကြုံချင်လို့ပေါ့" "ဟုတ်ကဲ့" ထန်ဂျီက ပြောလိုက်သည်။ သူက တောင်ကြားသို့ သွားနေခဲ့ခြင်း ကိစ္စကလည်း ထိုပညာရပ် ကျင့်ကြံမှုနှင့် ကိုက်ညီလေသည်။ ထိုသည်က ကိုက်ညီသော ဆင်ခြေပင်။ "မင်းက ဘာလို့ အဲ့ဒီ ပညာကို သင်ရတာလဲ" ရှီဖုန်းထန်က မေးလိုက်သည်။ ဓါးကျမ်းတွင် များစွာသော ပညာများ ရှိကာ ထိုမျှ အသက်နှင့် နီးသော ပညာကို ထန်ဂျီက သင်ရသနည်း။ "ဘာလို့လဲဆိုရင် အဲ့ဒီပညာက လွယ်တယ်။ ကျွန်တော်က အချိန်သိပ်မရဘူး။ အဲ့ဒီတုန်းကတော့ ကြုံရာ ရွေးမှတ်ခဲ့တာ။ နောက်မှ သေခြင်းကိုးပါး ပညာဖြစ်နေမှန်း သိတယ်" ထန်ဂျီက မျက်တောင်မခတ်ပဲ လိမ်လိုက်သည်။ "မှတ်ခဲ့ပြီးမှတော့ ကျွန်တော်က သင်ပြီး သုံးရတော့မှာပေါ့" "ဘယ်လိုတောင်လဲ။ မင်းက အဲ့ဒီပညာက ဘယ်လောက် သေခြင်းနဲ့ နီးလဲ သိလား။ မင်းခုထိ အသက်ရှင်နေတာ ကံကောင်းလွန်းလို့" သူက ထန်ဂျီ၏ အဖြေကြောင့် ဒေါသထွက်သွားပြီး ဆူသည်။ ဆူခြင်းဖြစ်သော်လည်း အမှန်တော့ စိတ်ပူခြင်းမှ လာလေသည်။ "မင်းရဲ့ လုပ်ရပ်က ဘယ်လာက် အန္တရာယ်များလဲ သိလား" "ဆရာကြီး စောစောက ပြောခဲ့သလိုပဲ စံချိန်တိုင်းက ကံကောင်းမှု၊ စွမ်းရည်၊ ဇာတ်လမ်းနဲ့ သွေးချွေးတွေ ရင်းရတာ... ကျွန်တော်က ပုံမှန် ပါရမီပဲ ရှိတာ။ ကျွန်တော်က တိုးတက်ချင်ရင် ပုံမှန်လမ်းကို ရွေးလို့ မရဘူးလေ" ထန်ဂျီက အေးအေးသက်သာ ပြောသည်။ သို့သော် ထိုအေးဆေးမှုမှာ သေခြင်းကို သိပ်အရေးမထားသည့် သူမျိုးနှင့် တူနေသည်။သူက ထိုပညာကို တစ်ကယ်မကျင့်သော်လည်း သူလျှောက်ခဲ့ လျှောက်နေသည့်လမ်းက သေရှင်ကိစ္စများ ပြည့်နေကာ သေခြင်းကိုးပါးကို ကျင့်ကြံခြင်းနှင့် သိပ်မထူးချေ။ ရှီဖုန်းထန်လို လူမျိုးက ထန်ဂျီ၏ လေသံထဲမှ ခါးသီးသော သဘောတရားများကို ခံစားမိသည်။ ပြည့်စုံသော အလိမ်အညာမှာ ပြောစကားနှင့် မဆိုင်ချေ။ ထိုသည်က လိမ်သည့်လူ၏ သရုပ်ဆောင်မှုနှင့် ဆိုင်လေသည်။ ထိုအချိန်တွင် ထန်ဂျီက ရှီဖုန်းထန်အပေါ် သံသယ မရှိတော့ချေ။ ရှီဖုန်းထန်က ထန်ဂျီသည် အန္တရာယ်များသည့် လမ်းကို လျှောက်၍ တိုးတက်လိုရင်းကို ကြား၍ မနေနိုင်ပဲ သက်ပြင်းသာ ချမိသည်။ "ထားလိုက်ပါ။ ကျောင်းတော်က ပညာရပ် လွှဲပြောင်းမှုမှာ သေချာ မစဉ်းစားခဲ့တာတွေပေါ့။ နောက်ကျရင် ကျမ်းစာတိုက်ကနေ ဒီပညာကို ဖယ်ထားဖို့ ပြောလိုက်မယ်။ အဲ့ဒီပညာက အန္တရာယ် များလွန်းတယ်။ ဒီလိုဆို ဘယ်လိုလဲ။ မင်းက ဒီပညာကို ဆက်မကျင့်နဲ့တော့။ ငါက မင်းကို ဆုတစ်ခု ပိုပေးမယ်" "ဟုတ်ကဲ့" ထန်ဂျီက လေးစားစွာ ပြန်ဖြေလိုက်သည်။ ရှီဖုန်းထန်က ထန်ဂျီ၏ စကားနားထောင်မှုကြောင့် စိတ်အေးသွားပုံ ရသည်။ "ဘယ်လိုပဲဖြစ်ဖြစ် မင်းက စံချိန်အသစ် တင်ခဲ့တာပဲ။ ကျောင်းတော်ရဲ့ စည်းမျဉ်းအရ မင်းက ဆုတစ်ခုနဲ့ ထိုက်တန်တယ်" ထိုသည်က ထန်ဂျီကို ခေါ်ရသည့် တစ်ကယ့်အကြောင်းအရင်းပင်။ ကျောင်းတော်၏ စည်းကမ်းများအရ အမှတ်ပြည့်ရခြင်းနှင့် စံချိန်တင်နိုင်ခြင်း အတွက် ဆုတစ်ခု ရမည်ပင်။ အမှတ်ပြည့်ရခြင်းအတွက် အမြုတေဆေး တစ်လုံးရမည် ဖြစ်သည်။ ထိုသည်မှာ သိပ်တန်ဖိုး မကြီးချေ။ ချီဒင်္ဂါး တစ်ရာခန့်သာ တန်သည်။ ကျောင်းသား တစ်ယောက်အနေနှင့် အမှတ် တစ်ရာ ရရန်မှာ များစွာ သိပ်မခက်ချေ။ ကြိုးစားရန်သာ ရှိသည်။ သို့သော် စံချိန်သစ်တင်ခြင်းမှာ ပိုများသော ဆုရမည်သာ။ လရောင်လှုံဂိုဏ်းမှ ထိုအတွက် ချီးမြှင့်မည်မှာ ချီကျောက်စိမ်း ဆယ်တုံးဖြစ်လေသည်။ ထို့ပြင် ကျောင်းတော်မှလည်း ချီးမြှင့်မည် ဖြစ်ပြီး ထိုအချိန်ကျမှ ဆုံးဖြတ်ခြင်း ဖြစ်သည်။ ချီကျောက်စိမ်း ဆယ်တုံးမှာ ချီဒင်္ဂါး တစ်သောင်း ဖြစ်ကာ ထန်ဂျီရဖူးသမျှတွင် အများဆုံး ဖြစ်ကာ ထိုသည်က ဂိုဏ်းမှ တိုက်ရိုက် ချီးမြှင့်ခြင်း ဖြစ်သည်။ ထိုသည်က မထူးဆန်ချေ။ ကမ္ဘာမြေမှ အားကစားပြိုင်ပွဲများတွင် စံချိန်ချိုးသူသည် ဝန်ကြီးဌာနမှ ဆုရသကဲ့သို့ပင်။ ကျောင်းတော်မှ ဆုအတွက်မူ ကျောင်းအုပ်ကြီးက ဆုံးဖြတ်သည်။ ထန်ဂျီကို အမြုတေဆေးနှင့် ချီကျောက်စိမ်း ဆယ်တုံးပေးပြီးနောက် ရှီဖုန်းထန်က ပြုံးလိုက်သည်။"ချီကျောက်တုံးတွေက ဂိုဏ်းက ပေးတာ။ စည်းကမ်းအရတော့ ကျောင်းတော်ကလည်း မင်းကို ဆုတစ်ခု ထပ်ပေးရမယ်။ မင်းလိုအပ်တာ ဘာရှိလဲ" ရှီဖုန်းထန်အတွက်ပင် စံချိန်သစ်ဆိုသည်မှာ ဂုဏ်ယူစရာ ဖြစ်သည်။ ကျောင်းတော်တွင် ကျော်ကြားသူ တစ်ယောက် ထွက်လာခြင်းက ကျောင်းတော်အတွက် ကောင်းသည်သာ။ ထိုကြောင့်ပင် ရှီဖုန်းထန်က ထန်ဂျီကို ဘာလိုသနည်းဟု ရက်ရောစွာ မေးခြင်းပင်။"ကျွန်တော်က ပန်းပဲတာအိုကို လိုက်စားချင်တာပါ။ ဒါပေမယ့် ကျွန်တော့်မှာ အရင်းအမြစ် မရှိလို့ပါ" ထန်ဂျီက ပြောလိုက်သည်။"ပန်းပဲတာအို" ရှီဖုန်းထန်က အံ့ဩသွားသည်။ ကျောင်းတော်တွင် ဆေးပညာ၊ အဆောင်၊ အစီအရင်၊ ပန်းပဲ စသည် အတန်းများ ရှိသော်လည်း ကျောင်းသားက အရင်းအနှီးများစွာ စိုက်ထုတ်ရန် လိုလေသည်။ အခြားပညာတစ်ခု သင်ခြင်းက ကျောင်းအပ်ခ ထပ်၍ လိုကာ အခြားကုန်ကျစားရိတ်များလည်း ရှိလေသည်။ ပန်းပဲလုပ်ရန် ပစ္စည်းများလိုသလို အဆောင်လုပ်ရန် မှင်နှင့် စာရွက်များ ဆေးနှင့် အစီအရင်အတွက်လည်း ကုန်ကြမ်းများ စသဖြင့် လိုအပ်သည်သာ။ ထိုသည်များအတွက် ပိုက်ဆံလိုကာ ကိုယ်လိုသည်အတွက် ကိုယ့်ဟာကိုယ် ဝယ်ရလေသည်။ မိမိလုပ်ခဲ့သော အရာအတွက် ကျောင်းတော်က စစ်ဆေးကာ အရည်အသွေး မှီမမှီ ဆုံးဖြတ်ပြီး ရောင်းချ၍ ရမရ ရာဖြတ်ပေးသည်။ သို့သော် ကျောင်းသားများအနေဖြင့် ထိုသို့ ရောင်းချ၍ မရသေးမှီ အရင်းအနှီးများစွာ ကုန်ကျလေသည်။ ထိုသို့ အရံပညာများမှာ အချိန်ကုန် ငွေကုန်ဖြစ်ပြီး ကျင့်ကြံခြင်း လောကတွင် သိပ်ပြီးလည်း နေရာမရသဖြင့် ကျောင်းသား အတော်များများက စိတ်မဝင်စားကြချေ။ ထိုသို့ လိုက်စားသူ ကျောင်းသား အများစုမှာ ကျင့်ကြံခြင်း ပါရမီနည်း၍ ချမ်းသာသော မိသားစုများမှ လာသူများလေသည်။ အတန်ကြာ အံ့ဩနေပြီးနောက်တွင် ရှီဖုန်းထန်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။"မင်းရဲ့ ကျင့်ကြံခြင်း အရည်အသွေးက မဆိုးပါဘူး။ မင်းအနေနဲ့ တခြားပညာလေ့လာဖို့ မလိုပါဘူး။ ကိုယ့်ရဲ့ စွမ်းရည်ကို နှစ်မျိုးအသုံးချရတာ သိပ်မကောင်းဘူး" "ကျွန်တော့်အနေနဲ့ ဒီလို စွမ်းဆောင်နိုင်တာ အကြောင်းပြချက် သုံးမျိုး ကြောင့်ပါ ကျောင်းအုပ်ကြီး ခင်ဗျား။ ပထမတစ်ချက်က ကျောင်းအုပ်ကြီးက ကျွန်တော့်အိမ်ကို သူခိုးဝင်တုန်းက လျော်ကြေးပေးတာရယ်။ ဒုတိယက ဓါးကျမ်းက ပညာတွေ ရတာရယ်။ တတိယကတော့ သေခြင်းကိုးပါး မူလပြန် ပညာကြောင့်ရယ် ဖြစ်ပါတယ်။ ဒါပေမယ့် သေချာ ပြန်တွေးကြည့်ရင် ဒီလို ကိစ္စမျိုးတွေက ထပ်မဖြစ်နိုင်လောက်တဲ့ ကိစ္စတွေပါ။ ကျွန်တော့်အနေနဲ့ ကျွန်တော့်ရဲ့ ရေရှည်ကိစ္စကို ဒီလို ကံကောင်းတဲ့ အပေါ်တွေမှာ ပုံမထားချင်ပါဘူး" "ငါသိပြီ" ရှီဖုန်းထန်က ထန်ဂျီ၏ စကားမှာ ကျိုးကြောင်း ဆီလျော်ကြောင်း တွေးမိသည်။ ထန်ဂျီက လက်ရှိအခြေအနေထိ ရောက်ခြင်းမှာ ကံကောင်းမှုများကြောင့် ဖြစ်လေသည်။ သို့သော် နဂါးတံခါး ငါးလွှာမှာ ငါးလွှာသာပင်။ သူ၏ ကံကောင်မှုများ ကုန်သွားပါက သူက နောက်ကျန်ခဲ့မည်သာ။ ထိုကြောင့် သူက သူ့ရေရှည်အတွက် စဉ်းစားရမည်မှာ အမှန်ပင်။သို့သော် အရံပညာရပ်များမှာ ငွေဝင်ပေါက် ဖြစ်သော်လည်း ကျင့်ကြံခြင်းကို တုံ့နှေးစေသည်။ ရှီဖုန်းထန်က အတန်ကြာ စဉ်းစားပြီးမှ ပြောလိုက်သည်။"မင်းက အဲ့ဒီလို ဖြစ်ချင်မှတော့ ငါက မင်းကို ပန်းပဲပညာ သင်ဖို့ကို ဝင်ခွင့် မဖြေရ ပိုက်ဆံမပေးရပဲ ဝင်ခွင့် ပြုလိုက်မယ်။ ဒါပေမယ့် အရာအရာတိုင်းက မင်းရဲ့ ကြိုးစားမှုပေါ် မူတည်တယ်။ မင်းက အဲ့ဒီနယ်မှာ ပါရမီမရှိဘူးဆိုရင် မင်းက အရှုံးပေးရမယ်"အရံပညာရပ်အတန်းများအတွက် တစ်နှစ်လျှင် ချီဒင်္ဂါးနှစ်ရာ ပေးရပြီး ဆယ်နှစ်အတွက် နှစ်ထောင်ဖြစ်လေသည်။ ရှီဖုန်းထန်ပေးသည့် ဆုမှာ မဆိုးလှချေ။ သို့သော် ထိုသို့ ရက်ရောခြင်းမှာ ရှီဖုန်းထန်က ထန်ဂျီကို သဘောကျခြင်းကြောင့် ဖြစ်သလို ထန်ကျိရီဟု ယူဆထား၍လည်း ဖြစ်သ်ည။ သို့မဟုတ်လျှင် ဤမျှ သဘောကောင်းချင်မှ ကောင်းပေမည်။ တစ်ကယ့် ဆုမှာ ချီကျောက်စိမ်း ဆယ်တုံးဖြစ်ပြီး ကျောင်းတော်မှ အပိုဆု ပေးခြင်းသာ။ သို့သော် ရှီဖုန်းထန်က ထပ်ပြောလိုက်သည်။ "ငါက မင်းကို သေခြင်းကိုးပါး ပညာကို ဆက်မကျင့်ဖို့ တားမှတော့ လျော်ကြေးပေးရမှာပေါ့။ ချီအခြေတည် ဆိုင်ကို သွားပြီး အလယ်အဆင့် အဆင့်နိမ့် လက်နက်တစ်ခု သွားယူ" "ရက်ရက်ရောရော ရှိလို့ ကျေးဇူးပါ ဆရာကြီး" ထန်ဂျီက ကျယ်လောက်စွာ ပြောလိုက်သည်။ ထိုသည်က သူလုံးလုံး မသင်ခဲ့ဘူးသော ပညာတစ်ခုနှင့် အဖိုးတန် လက်နက်တစ်ခု လဲလိုက်ရခြင်းပင် ဖြစ်သည်။ 'ငါက လေးခုနဲ့ တစ်ဝက် မှတ်မိတယ် ပြောခဲ့ရမှာ' ဟု ထန်ဂျီက တွေးနေသည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now