အခန်း (၄၇) ကျောင်းသား တောအုပ်

197 36 0
                                    

ထန်ဂျီ၏ စည်းကမ်းများအကြောင်း သတိပေးမှုကြောင့် ဝေထျန်းချောင်က လမ်းတွင် အချိန်မဖြုန်းတော့ချေ။ သူတို့က နောက်ဆုံးတွင် သူတော်စင်တိုင်းပြည်၏ ဝမ်ချွန်း မြို့တော်ကို ရောက်လာခဲ့လေတော့သည်။

တိုင်းပြည်၏ ရွှေမြို့တော် ဖြစ်သည်နှင့် အညီ ဝမ်ချွန်းမြို့တော်က အလွန်ထည်ဝါနေကာ ကန်းလုံနှင့် လားလားမျှ မဆိုင်ချေ။ မြို့တော်က စည်ကား သိုက်မြိုက်နေပြီး လမ်းများက လှည်းရှစ်စီး ယှဉ်မောင်း၍ ရအောင် ကျယ်လေသည်။ လမ်းဘေးတစ်ဖက် တစ်ချက်စီရှိ အဆောက်အအုံများမှာ လှပစွာ ဆင်ယင်ထားလေသည်။ လမ်းပေါ်တွင် လျှောက်နေသော သူတိုင်းနီးပါးက ပိုးထည်များ ဝတ်ဆင်ထားပြီး အလွန်မှ ယဉ်ကျေးကြလေသည်။

သူတို့၏ ရထားလုံးက ကျောက်တုံးလမ်းပေါ်တွင် ချောမွှေ့စွာ သွားနေသည်။ လမ်းဆုံတိုင်းတွင် ပုံစံအမျိုးမျိုးနှင့် ရေပန်းများ ရှိနေသည်။

ပြောကြသည်မှာ ဝမ်ချွန်းမြို့တော်၏ အောက်တွင် မြေအောက်မြစ် တစ်စင်းရှိပြီး မြို့တော်တွင်း စမ်းပေါက်များ ရှိနေသည် ဆိုကြသည်။ အချို့သော သူများက ထိုစမ်းပေါက်များကို ရေတွက်ရန် ကြိုးစားခဲ့သည်။ သို့သော် သုံးထောင်ကျော်သော်လည်း ရေတွက်၍ မပြီးခဲ့ချေ။ ထို့ကြောင့် ဝမ်ချွန်းမြို့ (စမ်းပေါက်တစ်သောင်း) ဟု ခေါ်ကြကြောင်း သိရသည်။

ဝမ်ချွန်းမြို့တော်တွင် မြို့ထဲနှင့် အပြင်မြို့ဟူ၍ရှိလေသည်။ မြို့ထဲမှာ သူတော်စင်တိုင်းပြည်၏ နန်းတော်တည်ရှိလေသည်။ မသေမျိုး ဂိုဏ်းများက အုပ်စိုးသော်လည်း မင်းမျိုးမင်းနွယ်များက သေမျိုးများကို ကိုယ်စားပြုလေသည်။ ထို့ကြောင့် ရွှေမြို့တော်ကား ထူးခြားသော အခြေအနေတစ်ခု ရှိနေလေသည်။

မြို့တော်၏ ဆင်ခြေဖုံးတွင် ကောင်းကင်ရှင်း တောင်တန်းရှိ၍ ထိုတောင်တန်းပေါ်ရှိ ထွန်းတောက်ကြယ် တောင်ထိပ်တွင် လရောင်လှုံကျောင်းတော် ရှိလေသည်။ အခြားသော တောင်တန်းများနှင့် မတူပဲ ထိုတောင်တန်းမှာ လရောင်လှုံဂိုဏ်းမှ မသေမျိုး ပညာများဖြင့် ဖန်တီးထားခြင်း ဖြစ်လေသည်။ ထို့ကြောင့် တောင်တန်းမှာ ကောင်းကင်ရှင်းဟုခေါ်၍ တောင်ထွဋ်မှာ ထွန်းတောက်ကြယ် ဖြစ်နေခြင်း ဖြစ်သည်။ မြင့်တက်နေသော ထွန်းတောက်ကြယ်ဆိုသည်မှာ မျှော်လင့်ခြင်းကို ကိုယ်စားပြုသည်ဟု ဆိုကြလေသည်။ ထိုမျှော်လင့်ချက်မှာ ကျင့်ကြံခြင်းလောကတွင် ထွန်းတောက် မြင့်တက်နေသော ကြယ်များ ဖြစ်ပြီး ကောင်းကင်ဘုံထိ တက်နိုင်ရန် ဆိုသည့် မျှော်လင့်ချက် ဖြစ်သည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Wo Geschichten leben. Entdecke jetzt