အခန်း (၁၅၂) တပည့်ခေါ်ခြင်း

114 18 0
                                    


နှာခေါင်းကောက်ကောက်၊ မုတ်ဆိတ်ရှည်ရှည်နှင့် မီးခိုးရောင် ဝတ်စုံ ဝတ်ထားသော လူတစ်ယောက်က လူအုပ်ရှေ့တွင် ပေါ်လာသည်။ သူက ရှေ့ရှိ လူများကို တစ်ချက်ကြည့်ကာ အသံဩဩဖြင့် ပြောလိုက်သည်။

"ငါ့နာမည်က နန်ပိုင်ချန်းပဲ။ ဆရာ သစ္စာမြင်ပုဂ္ဂိုလ်ချန်ဖုန်းရဲ့ အမိန့်အရ ဆရာချန်ဖုန်းက နောက်ထပ် တပည့်တစ်ယောက် ထပ်မွေးမယ်လို့ ဒီနေရာကနေ ကြေငြာလိုက်တယ်"

နန်ပိုင်ချန်းမှာ ယခင်တုန်းက လရောင်လှုံဂိုဏ်း၏ အန်းယန်စီရင်စု ဂိုဏ်းခွဲမှူး ဆိုသူပင်။

သူက အစပိုင်းတွင် ယန်ချန်ဖုန်း ခန်းမအောက်ရှိ သာမာန် တပည့်သာ ဖြစ်သော်ငြား အမွေခံ တပည့် မဟုတ်သေးချေ။ ရှီဝူနီယန်တို့ ကိစ္စ ဖြစ်ပွားချိန်တွင် သူက ရှီဝူနီယန်ကို တတ်နိုင်သမျှ အချိန်ဆွဲနိုင်ခဲ့သဖြင့် ရှောင်ပိဟန်၏ ချီးကျူးခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် ယန်ချန်ဖုန်းက သူ့အား အမွေခံတပည့် ဖြစ်ခွင့် ပေးခဲ့သည်။ တစ်ချိန်တည်းလိုပင် သူက ဂိုဏ်းခွဲမှ နေ၍ ဂိုဏ်းသို့ ပြန်လာကာ ကျင့်ကြံခွင့် ရခဲ့သည်။

နန်ပိုင်ချန်းအတွက် ထိုသည်က ကောင်းကင်မှ ပေးသနားသော ဆုလာဒ်ပင်။

သာမာန် လူတစ်ယောက်အတွက် ဂိုဏ်းခွဲမှူး ဆိုသည်မှာ ခမ်းနားသည့် ရာထူး ဖြစ်သော်ငြား မသေမျိုး ဂိုဏ်းများတွင် ထိုနေရာသည် အသေးအမွှား ကိစ္စများကို စီမံနေရပြီး ကျင့်ကြံချိန်နည်းသဖြင့် သိပ်တန်ဖိုး မရှိချေ။ ထို့ပြင် ကျင့်ကြံသူ တစ်ယောက်အနေဖြင့် သေမျိုးလောက ပိုက်ဆံ မည်မျှ ရှိရှိ ကျင့်ကြံခြင်း အထောက်အပံ့များနှင့် လဲ၍ မရချေ။ ကျင့်ကြံခြင်းတွင် မျှော်လင့်ချက် အများကြီး မရှိတော့သူများသာ ထိုသို့ ရာထူးမျိုး ယူကြလေသည်။

နှင်းဆီတိမ် ကမ္ဘာတွင် နိုင်ငံရေး အာဏာမှာ အရေးကြီးသော်ငြား ကျင့်ကြံခြင်းက ပို၍ အရေးကြီးလေသည်။ တစ်ဦးဦးက ကမ္ဘာတုန်လောက်သည့် တန်ခိုးမျိုး ပိုင်ဆိုင်ထားပါက မည်သည့် နိုင်ငံရေးအာဏာမှ မရှိလျှင်ပင် မည်သူမျှ သူ့အား ဂရုမစိုက် မလုပ်ရဲချေ။ အများဆုံးအနေဖြင့် ဥပေဒနှင့် အညီ ထိန်းထိန်းသိမ်းသိမ်း ရှိခြင်းမျိုးမှ လွဲကာ သူ့အနေဖြင့် ကြီးကျယ်သော အဆင့်အတန်းတော့ ရှိနေမည်သာ။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now