အခန်း (၆၄) တံငါသည်

205 33 0
                                    


'ဘန်း'

သစ်မွှေးသား စားပွဲက ပြင်းထန်သော ရိုက်ချက်ကြောင့် ကြေမွှသွားသည်။

"ဘာဖြစ်သွားတာလဲ" ကုချန်ချင်း၏ ဒေါသတကြီး အော်သံက လင်းယုန်သိုက်အတွင်း ပျံ့လွင့်သွားသည်။ သူ့ရှေ့ရှိ ရွှေရောင်ဝတ်လူများက ခေါင်းများ ငုံ့ထားကြလေသည်။

ကုချန်ချင်း၏ ရင်ဘတ်က ဒေါသကို ဖိနှိပ်ထားရသဖြင့် နိမ့်လိုက် မြင့်လိုက် ဖြစ်နေသည်။

"သောက်သုံးမကျတဲ့ ကောင်တွေ။ မင်းတို့ ရှာမတွေ့တာက ထား။ ဒါပေမယ့် ဘာလို့ ခြေရာလက်ရာ ကျန်ခဲ့ရတာလဲ။ မင်းတို့က ဒီမှာ ထားနေလို့ကော ဘာထူးမှာလဲ"

သူ့လူများ၏ အသုံးမကျသည့် အကြောင်းကို ထပ်တွေးမိတိုင်း ကုချန်ချင်းက အလွန် ဒေါသထွက်ထွက် လာသည်။ သူက သူ့လူများ၏ ခေါင်းကို ရိုက်ခွဲချင်နေသည်။

သူ့ရှေ့ရှိလူများက ကြောက်လွန်း၍ စကားသံလုံးဝ မထွက်ရဲကြချေ။ ဘေးမှ ကောဖေက အသာဝင်ပြောသည်။

"လင်းယန်သခင် အရမ်းတော့ ဒေါသမထွက်ပါနဲ့။ ဒီနေရာမှာ တစ်ခုခု မသင်္ကာစရာ ကောင်းတယ်လို့ ကျွန်တော် ထင်တယ်"

"မသင်္ကာစရာ တစ်ခုခု" ကုချန်ချင်းက ကောဖေကို လှည့်ကြည့်လိုက်သည်။

လတ်တစ်လောတွင် နတ်ခေါင်းနန်းတော်မှ ကုချန်ချင်းကို အားထားသလို ကောဖေမှာလည်း ကုချန်ချင်း အယုံကြည်ရဆုံး လူဖြစ်လေသည်။ သူက ကောဖေ၏ အမြင်ကို အရေးထားတတ်လေသည်။

ကောဖေက ရှင်းပြသည်။

"ချီမင်က သိမ်းငှက်ခန်းမက အတွေ့အကြုံရင့် လူပဲ။ သူက တာဝန်တွေကို ကောင်းကောင်း လုပ်တတ်တာ ကျွန်တော်တို့ သိတာပဲ။ သူက ရင့်ကျက်ပြီး အမှားလုပ်တာ အရင်က မရှိခဲ့ဖူးဘူး"

"ငါသိတယ်လေ။ ဒါကြောင့်ပဲ သူ့ကို လွှတ်ခဲ့တာ။ သူက ဒီလို အမှားမျိုး လုပ်မယ်လို့ ထင်မထားဘူး" ကုချန်ချင်းက ပြောသည်။

"ဒါပေမယ့် ကျွန်တော်ထင်တာ.. ထင်တာက ဒီအမှားက ချီမင်တို့ အဖွဲ့လုပ်ခဲ့တာ မဟုတ်ဘူးလို့ ခံစားနေရတယ်" ကောဖေက ပြောလိုက်သည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now