အခန်း (၉၄) ကျားဟိန်းသံတောင်ကြား (၂)

150 26 0
                                    

ပျောက်ကြားမြွေလက်က လွတ်လာပြီးနောက် ထန်ဂျီက တောင်ပတ်လမ်း တစ်လျှောက် လာခဲ့လေသည်။

"ရှေ့မှာ ချီမြက်ပင် တစ်ပင် ရှိတယ်" ထန်ဂျီက ရင်ဘတ်မှ ခေါင်းပြူ၍ ယိယိက လက်ညှိုး ထိုးပြလိုက်ပြီး ချက်ချင်း ပြန်ဝင်သွားသည်။

သူမက ထပ်၍ အပြင်ထွက်မလာရဲတော့ချေ။ ထန်ဂျီ၏ အဝတ်ထဲတွင် နေလျှင် သူမ၏ အနံ့က အများကြီး အပြင်မထွက်ချေ။ ယိယိပြသည့် ဘက်ကို ထန်ဂျီက လာလိုက်သည်။ ထိုနေရာတွင် ဆယ်ပင်ကျော်သော အနီရောင် တောက်တောက် မြက်ပင်များ ရှိနေသည်။

"ပြွန်နီမြက်တွေ.. သိပ်မတန်ဘူး" ထန်ဂျီက မှတ်ချက် ချလိုက်သည်။

ပြွန်နီမြက် သုံးပင်မှ ချီဒင်္ဂါး တစ်ပြားသာ ရလေသည်။ ထိုအပင်မှာ အကြီးမြန်သော တန်ဖိုးနည်း အပင်ဖြစ်လေသည်။ နှစ်ဝက်လောက် ရှိလျှင် ရင့်ပြီ ဖြစ်ကာ တစ်ခါပေါက်လျှင် အုပ်လိုက် ပေါက်လေသည်။

ထန်ဂျီက ရေလိုက်ရာ အပင်နှစ်ဆယ် ရှိသဖြင့် သူက ဆေးပင်တူးသည့် တူရွင်းလေး ထုတ်လိုက်သည်။ ပြွန်နီမြက်၏ အဖိုးအတန်ဆုံးနေရာမှာ အမြစ် ဖြစ်သည်။ သူက အမြစ်မှနေ၍ တူးလိုက်သည်။ သို့သော် ကျောင်းတော်၏ စည်းမျဉ်းမှာ ပြွန်နီမြက်ကို နှုတ်လျှင် အနည်းဆုံး တစ်ပင် ချန်ထားရမည်ဟု ရှိလေသည်။ ကျောင်းတော်က ကျောင်းသား တိုင်းကို သေချာ မစစ်ဆေးနိုင်သော်လည်း သူတို့က အသေအချာ စုံစမ်းလာလျှင် မည်သူမျှ မလွတ်ချေ။

ထန်ဂျီက ဆယ့်ရှစ်ပင် နှုတ်ပြီးနောက်တါင် ထ၍ ထွက်ခဲ့လိုက်သည်။

သူလျှောက်နေစဉ် ယိယိက ထအော်သည်။ "ပြေး တခြားသားရဲ တစ်ကောင် လာပြန်ပြီ"

ထန်ဂျီက လှည့်၍ ပြေးရင်း မေးလိုက်သည်။ "ဘာကောင်လဲ"

"ကျားသစ်...ကျားသစ်" ယိယိက အော်သည်။ ထိုသည်ကို ကြားသောအခါ ထန်ဂျီက ရပ်လိုက်သည်။

"မြန်မြန် ပြေးလေ ဘာလို့ ရပ်လိုက်တာလဲ"

"ငါက ကျားသစ်နဲ့ တိုက်နိုင်တယ်လေ"

"အင်" ယိယိက ကြောင်သွားသည်။

သူမက စောစောက မြွေအလိုက်ခံရသဖြင့် ချီးချမ်းအောင် ကြောက်နေပြီး သားရဲတစ်ကောင် တွေ့သည်နှင့် ပြေးဖို့သာ စဉ်းစားနေသည်။ သူမက ဤနေရာကို သူတို့လာသည်မှာ အမဲလိုက်ရန်လည်း ပါကြောင်းကို မေ့သွားသည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now