အခန်း (၁၀၅) ဝိဉာဉ်လက်နက်

165 24 0
                                    


ထုတ်ယူခြင်း နေရာသည် အလွန်ချောင်ကျသော နေရာတွင် ရှိလေသည်။ ကျောင်းတော်၏ အခြားချောင်ကျသော နေရာများနှင့် ယှဉ်လျှင် သို့မဟုတ် အပူငွေ့များ ပျံ၍ ဆူညံနေသော ပန်းပဲ ရင်ပြင်နှင့် ယှဉ်လျှင် ဤနေရာက ခေါင်၍ အတော်လေး ခြောက်ကပ်နေသေည်။ ထိုနေရာတွင် ကြီးမား၍ နေရာလွတ်ဖြစ်နေသော အဆောက်အအုံကြီး တစ်လုံး ရှိလေသည်။ ထန်ဂျီ ရောက်သွားချိန်တွင် သူက ပျင်းရိစွာဖြင့် လက်နက် အပျက်များမှ ပစ္စည်းများ ထုတ်ယူနေသော ကျောင်းသား နှစ်ယောက်ကို တွေ့ရလေသည်။ သူတို့၏ နောက်တွင် သံတိုသံစ ပုံကြီး တစ်ပုံ ရှိလေသည်။ တန်ရှင်းက ချောင်းဟန့်လိုက်ရာ ထိုကျောင်းသား နှစ်ယောက်က လန့်ဖျတ်၍ ထရပ်လိုက်ကြသည်။ သူတို့အနေဖြင့် မည်မျှ မကျေနပ်နေသည် ဖြစ်စေ ကျောင်းတော်၏ ဆရာရှေ့တွင် မကျေနပ်သော အမူအယာကို မပြရဲချေ။ တန်ရှင်းက အတန်ငယ် ဝေ့ကြည့်လိုက်၍ ထိုနှစ်ယောက်ကို ပြောလိုက်သည်။"မင်းတို့ကို ငါက နောက်ထပ် ကျောင်းသား တစ်ယောက် ခေါ်လာပေးတယ်။ သူက ဒီနေရာမှာ မင်းတို့နဲ့ အတူတူ အလုပ်လုပ်လိမ့်မယ်။ ထုတ်ယူခြင်း အလုပ်က ပျင်းစရာပေမယ့် မင်းတို့က မှော်လက်နက် တွေရဲ့ ဖွဲ့စည်းပုံကို သိနိုင်တယ်။ ဒါက လက်နက် မွမ်းမံတဲ့ ဖြစ်စဉ်ကို သိဖို့ အကောင်းဆုံး နည်းလမ်းပဲ။ မင်းတို့က ကိုယ့် အလုပ်ကိုယ် တန်ဖိုးထားဖို့ လိုမယ်" ကျောင်းသား နှစ်ယောက်က ခေါင်းညိတ်ကာ ရိုးကျိုးစွာ နေကြလေသည်။ ထုတ်ယူခြင်း ဖြစ်စဉ်မှာ လက်နက်၏ ဖွဲ့စည်းပုံကို သိစေသော်လည်း ပြဿနာမှာ သူတို့က လက်နက်ကို လုပ်ခွင့် မရခြင်းပင်။ သူတို့က ထုတ်ယူခြင်းမှ မည်မျှ သင်ယူရသည် ဖြစ်စေ သူတို့အနေဖြင့် ကိုယ်တိုင် လက်နက် တစ်ခု လုပ်ရန် လိုလေသည်။ သို့မှသာ သူတို့က သေချာ သိမည်သာ။ တန်ရှင်းက ထန်ဂျီအား ထားခဲ့ပြီးနောက် ပြန်ထွက်သွားလေသည်။ ထန်ဂျီနှင့် ကျောင်းသားနှစ်ယောက်က အချင်းချင်း မိတ်ဆက်လိုက်ကြသည်။ တစ်ယောက်မှာ ကျိုးကျားဟွေ ဖြစ်ကာ နောက်တစ်ယောက်မှာ လျူကျိဟန် ဖြစ်လေသည်။ သူတို့က တန်းကြီး ကျောင်းသားများ ဖြစ်ကာ ချီရေကန် အဆင့်များ ဖြစ်လေသည်။ သူတို့က ဤနေရာတွင် အနေများက အပြင်သိပ်မထွက်သဖြင့် ထန်ဂျီအကြောင်းကို မသိချေ။ သူတို့က ထန်ဂျီသည် အခြားနေရာတွင် မရ၍ ဤနေရာသို့ ရောက်လာသော ကျောင်းသားဟုသာ ယူဆလိုက်ကြသည်။ ထို့ကြောင့် သူတို့က ထန်ဂျီအား သိပ်ပြီး ဖော်ဖော်ရွေရွေ မရှိချေ။ သူတို့က ထန်ဂျီအား ဤနေရာ၏ အခြေခံ သိသင့်စရာများကိုသာ ပြော၍ အလုပ်ဆက်လုပ်နေကြလေသည်။ ထုတ်ယူခြင်းမှာ အပိုင်းနှစ်ပိုင်း ပါဝင်လေသည်။ တစ်ပိုင်းမှာ ပစ္စည်းများကို ပြန်ထုတ်ခြင်း ဖြစ်ပြီး နောက်တစ်ပိုင်းမှာ ချိပ်စည်းကို ဖယ်ခြင်း ဖြစ်လေသည်။ လက်နက်၏ အကောင်းဆုံး စွမ်းအင်ကို ရရန် ချိပ်စည်းကို စီရင်ရလေသည်။ ထိုချိပ်စည်းတိုင်းက တစ်ခုနှင့် တစ်ခု မတူပဲ နည်းလမ်းလည်း အမျိုးမျိုး ရှိလေသည်။ ထို့ပြင် ချိတ်စည်းကို ဖယ်ထုတ်ရာတွင် အကောင်းအတိုင်း ဖယ်ထုတ်နိုင်ပါက နောက်ထပ် လက်နက် တစ်ခုတွင် ပြန်၍ အသုံးချနိုင်လေသည်။ ပစ္စည်းပြန်ထုတ်ရာတွင်မူ လက်နက်ကို မလုပ်ခင် အနေအထားမှ ပစ္စည်းများကို ထုတ်ယူခြင်းဖြစ်သည်။ ပြောင်းပြန် အင်ဂျင်နီယာ ပညာကဲ့သို့ပင်။ သို့သော် ထိုသည်က အကြားအရ ရိုးရှင်းသော်လည်း အတော်လေး ခက်လေသည်။ ကုန်ကြမ်း ပစ္စည်းများကို သန့်စင် မွမ်းမံ ပြောင်းလဲပြီး အခြားအရာများနှင့် ပေါင်းစပ်ထားသည် ဖြစ်ရာ ခွဲထုတ်ရသည်မှ အမှန်ပင် မလွယ်ချေ။ ထိုနှစ်ခု လုပ်ရန် ဂါထာပညာရပ်နှစ်ခုကို တတ်မြောက်ရန် လိုသည်။ ချိပ်စည်းဖယ်ရှား ပညာနှင့် ခွဲဖျက် ပညာဖြစ်လေသည်။ ထို့ပြင် လုပ်သူက လက်နက်နှင့် ချပ်စည်း၏ ဖွဲ့စည်းပုံကို နားလည်ရလေသည်။ ပို၍ နားလည်လေ ပစ္စည်းများ ချပ်စည်းများကို ပိုများများနှင့် အကောင်းအတိုင်း ထုတ်နိုင်လေ ဖြစ်သည်။ အခြားကျောင်းသားများမှာ လက်နက်လုပ်ရန် ပစ္စည်းများ ဝယ်ရသော်လည်း ထုတ်ယူခြင်း ကျောင်းသားများမှာ ပြောင်းပြန်ဖြစ်သည်။ သူတို့က လက်နက် အပျက်များကို ယူ၍ ပစ္စည်းများကို ပြန်ရောင်းသည်။ တန်ရှင်းက ထန်ဂျီကို ချိပ်စည်းဖယ်ရှားနှင့် ခွဲဖျက် ပညာရပ်များ ပေးပြီး ဖြစ်လေသည်။ ထန်ဂျီက ထိုပညာများကို လက်နက်ပျက်များဖြင့် လေ့ကျင့်ယုံပင်။ ကျောင်းတော်၏ စည်းကမ်းမှာ ပညာရပ် လေ့ကျင့်ရန် စစချင်း လက်နက်ပျက် ဆယ်ခု အလကား ရလေသည်။ သို့သော် ထိုထက်များပါက ကျောင်းသားက ဝယ်ယူရလေသည်။ ထိုသည်က ထုတ်ယူခြင်း နေရာတွင် ချွင်းချက်ပေးသော ဖြစ်ရပ်ပင်။ အခြားနေရာများတွင် မရချေ။ ထိုနေရာသို့ လာလိုသော ကျောင်းသားက အလွန်မှ နည်း၍ ဖြစ်သည်။ သူက ကျိုးနှင့် လျူတို့ဆီမှ အခြေခံ အချက်များ သိပြီးနောက်တွင် သူက လက်နက်ပျက်တစ်ခုယူရန် သိုလှောက်ရုံသို့ သွားလေသည်။ သူယူလိုက်သည်က စစ်သုံး ဓါးမော့ တစ်ချောင်း ဖြစ်လေသည်။ ထိုလက်နက်ကို အရည်အသွေးမြင့် သတ္တုအမြှုတေနှင့် ကြေပျက်ကြယ်ကျောက် တိုဖြင့် လုပ်ထားလေသည်။ ထုလုပ်သူမှာ မဟာကြယ်စင်စု ပညာကို ကျင့်ကြံသည့် လူတစ်ယောက်အတွက် ရည်ရွယ်၍ ထုလုပ်သည်မှာ သေချာသည်။ ထိုလက်နက်ဖြင့် ဆိုလျှင် ကြယ်စွမ်းအားများကို ပို၍ အသုံးချနိုင်လေသည်။ သို့သော် ကြယ်စွမ်းအင်များကို စုပ်ယူ အသုံးချခြင်းသည် မည်သည့်အခါမျှ မလွယ်ချေ။ ချိပ်စည်း ပြုလုပ်ရန် အလွန်မှ လိုအပ်ချက် များလေသည်။ ချိပ်စည်း စီရင်ရာတွင် ပြဿနာများ ဖြစ်တတ်ပြီး ချပ်စည်း ပျက်စီးသွားတတ်ကာ လက်နက်က သုံးမရတော့တတ်ချေ။ ထိုလက်နက်အတွက် ချိပ်စည်းကို ထုတ်ယူ၍ မရတော့ချေ။ ပစ္စည်းများကိုသာ ထုတ်ယူနိုင်တော့မည် ဖြစ်သည်။ သို့သော် အရင်ဆုံးအနေဖြင့် ချိပ်စည်းဖယ်ရှား ပညာဖြင့် ချိပ်စည်းလက်ကျန်များကို ဖယ်ပြီးကာမှ ခွဲဖျက် ပညာဖြင့် ပစ္စည်းများကို ထုတ်ယူ၍ ရလေသည်။ နို့မဟုတ်ပဲ တန်း၍ ပစ္စည်းများကို ထုတ်ပါက လက်နက်က ပျက်စီးသွားမည် ဖြစ်သည်။ ထန်ဂျီက ဓါးမော့၏ ဓါးမျက်နှာပြင်မှ မျဉ်းများနှင့် ရောင်ပြန်နေသော ချီများကို လေ့လာနေသည်။ သူက ချိပ်စည်း အက်ရာများကိုလည်း သေချာ ကြည့်နေသည်။ လက်နက်၏ အခြေအနေကို သေချာ နားလည်မှသာ ချိပ်စည်းဖယ်ရှား ပညာကို သုံးနိုင်မည် ဖြစ်လေသည်။ ထိုသို့လေ့လာခြင်းက နှစ်နာရီမျှပင် ကြာတတ်သည်။ ကြည့်ရှုခြင်း သုံးသပ်ခြင်းနှင့် ခွဲဖျက်ခြင်းများမှာ ထုတ်ယူခြင်း ဖြစ်စဉ်၏ အရေးကြီးသော အဆင့်များ ဖြစ်ပြီး အလွန်မှ ပျင်းဖို့ကောင်းကာ စိတ်ရှည်ရန် လိုလေသည်။ တစ်ရက်လုံး အလုပ်လုပ်ခြင်း ချီဒင်္ဂါး အနည်းငယ်မျှ တန်သော ပစ္စည်းများကို ရရှိသည်နှင့် ညီမျှလေသည်။ ထိုသည်က ကျောင်းသားတစ်ယောက် အတွက် သည်းခံရန် အလွန်ခက်ခဲလေသည်။ သို့သော် မည်သည့် အလုပ်မဆို အချိန်ကြာမြင့်စွာ လေ့ကျင့်လာပါက ကျွမ်းကျင်လာပြီး မြန်ဆန် ထိရောက်လာသည်သာ။ သို့သော် ထန်ဂျီအတွက်မူ ပြောင်းပြန်ပင်။ သူက ပိုက်ဆံကို မစဉ်းစားချေ။ သူက ထုတ်ယူခြင်းကို လာ၍ လေ့လာသည်မှာ လက်နက် မန္တာန်၏ အတိုင်းအဆကို သိလို၍ ဖြစ်သည်။ သူက ဓါးမော့ကို သေချာလေ့လာပြီးနောက် ချိပ်စည်းဖယ်ရှား ပညာဖြင့် လက်နက်ပေါ်မှ ချိပ်စည်း လက်ကျန်များကို ဖယ်လိုက်သည်။ သူက သိပ်မကျွမ်းကျင်သဖြင့် အကြိမ် အတော်များများ လုပ်လိုက်ရသည်။ လူသစ် တစ်ယောက်က ရလာဒ် ကောင်းကောင်း လိုချင်လျှင် အခြားလူထက် နှစ်ဆ လုပ်ရသည်မှာ သဘာဝပင်။ သူက လက်နက်ပေါ်မှ ချိပ်စည်းများကို ဖယ်ရှားပြီးသော အခါတွင် ထန်ဂျီက လက်နက်မန္တာန်ကို သုံးလိုက်လေသည်။ ဓါးမော့က ချက်ချင်းပင် သံတိုသံစများ ဖြစ်သွားလေသည်။ ထန်ဂျီကမူ ရွှေမှုန် မရလိုက်သဖြင့် နောက်တရသွားသည်။ ဓါးမော့က ပျက်စီးသွားသော်လည်း သူက ပစ္စည်းများလည်း မရလိုက်ချေ။ "ကြည့်ရတာ ဒါက ချပ်စည်းနဲ့ ဆိုင်မယ်ထင်တယ်" ထန်ဂျီက ရေရွတ်လိုက်သည်။ "ချိပ်စည်းက မှော်ပဲ၊ သူက လက်နက်ရဲ့ ဝိဉာဉ်ပဲ။ ချိပ်စည်း မရှိရင်၊ ဝိဉာဉ်မရှိဘူး။ ဒါက သေမျိုး လက်နက်လို ဖြစ်သွားစေတယ်။ တခြားစကားနဲ့ ပြောရရင် လက်နက်မန္တာန်က လက်နက်ဝိဉာဉ်တွေပေါ် အသုံးချတာ ဖြစ်မယ်။ ဖြစ်နိုင်တာက..." ထန်ဂျီက သူ၏ လက်ညှိုးကို ထောင်လိုက်ရာ ရွှေရောင် အလင်းတစ်ခု ထွက်လာသည်။ သူက ထိုရွှေအပ်လေးကို သေချာ လေ့လာလိုက်ရာ သူက နားလည်သွားလေသည်။ "လက်နက်မန္တာန်နဲ့ ထုတ်ယူလိုက်တဲ့ ရွှေမှုန်တွေက လက်နက် ဝိဉာဉ်တွေလား။ ဝိဉာဉ်တွေက ပုံစံသေပဲ၊ ဒါပေမယ့် ဝိဉာဉ်လက်နက် အနေနဲ့တော့ သူတို့က ပုံစံ အမျိုးမျိုး ပြောင်းလို့ရတယ်။ ဒါပေမယ့်၊ ဂါထာလက်နက်၊ ပညာရပ် လက်နက်၊ နတ်ရတနာနဲ့ တာအို လက်နက် ဆိုပြီး ကျင့်ကြံခြင်း လောကမှာ ရှိတာ ငါက ဝိဉာဉ်လက်နက်ဆိုတာ တစ်ခါမှ မကြားဖူးဘူး။ အား.. ထားလိုက်ပါလေ.. သိုင်းသခင် ပြောတဲ့ အထဲလဲ ဒါမပါဘူး။ ငါက ကြိုက်သလို ခေါ်လို့ ရတာပဲ။ ဒါကို ဝိဉာဉ် လက်နက်လို့ ခေါ်လိုက်မယ်" ထိုသည်က သူ၏ အနုမာနမှန်းဆချက် (ကနဦးယူဆချက်) သာ ဖြစ်လေသည်။ သူက ထိုသည်နှင့် ပတ်သက်၍ သေချာသည့် အဖြေကို ရှာရအုံးမည် ဖြစ်သည်။ ထန်ဂျီက နောက်ထပ် လက်နက် တစ်ခု ထုတ်ယူလာလေသည်။ ထိုသည်က ဓါတ်ကြီးငါးပါး ဘီး (လှည်းဘီး) ပင်။ အသက်သွင်း အခမ်းအနား အဆင့်တွင် ပြဿနာ ရှိတတ်ပြီး ထိုသည်က လက်နက်ကို ပျက်စီးစေတတ်သည်။ ထိုအဆင့်တွင် လက်နက်က ချိပ်စည်းကို အောင်မြင်စွာ စီရင်ပြီး သက်ဆိုင်ရာ ဓါတ်သဘာဝများနှင့် အသားကျအောင် နှစ်ခုကို ပေါင်းစပ်ရလေသည်။ လက်နက်နှင့် ချိပ်စည်းကို အောင်မြင်အောင် ပေါင်းစပ်ရာတွင် ထိန်းချုပ်မှုက အလွန် အရေးကြီးလေသည်။ ထိုနေရာတွင် တစ်ခုခုမှားပါက လက်နက်က လုံးလုံး သုံးမရ ဖြစ်တတ်သလို ချို့ယွင်းချက် ရှိနေကာ လက်နက်တွင် ဆိုးကျိုး ရှိလာတတ်လေသည်။ ထို့ကြောင့် ထိုလက်နက်မျိုးသည် ထုတ်ယူခြင်းတွင် တန်ဖိုးအရှိဆုံး အရာများ ထုတ်ယူနိုင်သည့် လက်နက် ပျက်မျိုး ဖြစ်လေသည်။ ထန်ဂျီက ချပ်စည်းကိုပင် ဖယ်ရှားရန် မလုပ်ချေ။ သူက လက်နက် မန္တာန်ကို သုံးလိုက်သည်။ သူထင်သည့် အတိုင်းပင် ရွှေမှုန်တစ်ခု ပေါ်လာလေသည်။ ထိုရွှေမှုန်က အလွန်သေးကာ သူရဖူးသမျှထဲတွင် အသေးဆုံး ဖြစ်လေသည်။ ထိုသည်က လက်နက်နှင့် ချပ်စည်းသည် အပြည့်အဝ မပေါင်းစပ်နိုင်သေးသောကြောင့် ဖြစ်ရပေမည်။ ထို့နောက် သူက နောက်ထပ် လက်နက် တစ်ခုယူ၍ ထပ်စမ်းလိုက်သည်။ ထိုသည်မှာ အေးခဲဓါးတစ်လက် ဖြစ်ပြီး သွေးသန့်စင် အဆင့်တွင် ပျက်ဆီးသည့် လက်နက် ဖြစ်သည်။ သွေးသန့်စင် အဆင့်မှာ သန့်စင် မွမ်းမံ အဆင့်မရောက်ခင် တစ်ဆင့်ဖြစ်ကာ သုံးမည့်လူ၏ သွေးနှင့် လက်နက်ကို ပူးတွဲပေါင်းစပ်သည့် အဆင့်ဖြစ်လေသည်။ လက်နက်က လူ၏ ခန္တာကိုယ် အစိပ်အပိုင်းနှယ် ဖြစ်လာရန် ဖြစ်သည်။ ထိုအဆင့်မှာ သိပ်မလိုချေ။ အချို့သော ထူးခြားသည့် လိုအပ်ချက် ရှိသည့် ကျင့်ကြံသူများကသာ လုပ်ကြသည်။ ထိုအေးခဲဓါးမှာ ဖြူဆွတ်နေသင့်သော်လည်း သွေးသန့်စင် အဆင့်တွင် ကျရှုံးသဖြင့် သွေးနီရောင် အစွန်းအထင်းများ ရှိနေသည်။ ထိုသည်မှာ အတော်လေး အကုန်အကျ များခဲ့ပုံ ရလေသည်။ နောက်ဆုံးအဆင့်မှ ကျရှုံးသည့် ပစ္စည်း ဖြစ်သဖြင့် ထန်ဂျီက လက်နက် မန္တာန်ကို သုံးလိုက်ရာ ရီရှင်း၏ ရဲတင်းကို ဖျက်စဉ်က ရသည့် ရွှေမှုန်လောက် ရှိသည့် ရွှေမှုန်ကို ရလေသည်။ ထန်ဂျီက လက်နက် မန္တာန်ကို ချိပ်စည်း သပ်သပ်ပေါ်တွင် အသုံးချရန် ကြိုးစားသေးသည်။ သို့သော် မည်သည့် ထူးခြားမှုမှ မရှိချေ။ ထို့ပြင့် လက်နက် မန္တာန်မှာ ပစ္စည်းများ၏ အရည်အသွေးပေါ်တွင် မူတည်သေးကြောင်းလည်း သူက သိလာလေသ်ည။ ထိုရွှေမှုန်များမှာ ပစ္စည်းများက အမြှုတေများ ဖြစ်လောက်လေသည်။ နောက်ဆုံးတွင် ထန်ဂျီက ဂိုထောင်ထဲမှ ဓါးရှည်ပျက် တစ်လက် တွေ့ခဲ့လေသည်။ ထိုဓါးရှည်မှာ ပျက်စီးနေသော်လည်း ဓါးပေါ်ရှိ ချိပ်စည်းများမှ အကောင်းအတိုင်းပင်။ ထန်ဂျီက ထိုဓါးရှည်ပေါ်တွင် လက်နက်မန္တာန်ကို သုံးလိုက်ရာ ရွှေမှုန် တစ်ခု ရလေသည်။ ကြည့်ရသည်မှာ လက်နက်က ပျက်စီး မပျက်စီး သိပ်အရေး မပါပဲ လက်နက်၏ ချိပ်စည်းက ပို၍ အရေးပါပုံ ရလေသည်။ ချပ်စည်းက ပို၍ အရည်အသွေးကောင်းလေ သို့မဟုတ် အသုံးချထားသည့် ကုန်ကြမ်း ပစ္စည်းများက အရည်အသွေးကောင်းလေ ရသည့် ရွှေမှုန်က ကြီးလေပင်။ ရီရှင်း၏ ရဲတင်းဆီမှ ရသည့် ရွှေမှုန်ကြီးရ သည်မှာ ပစ္စည်းအရည်အသွေးကြောင့် ဖြစ်လေသည်။ အေးခဲဓါးမှ ရသည့် ရွှေမှုန် ကြီးသည်မှာ ချိပ်စည်း အရည်အသွေးကြောင့် ဖြစ်သည်။ ထိုအကြောင်းအရင်း နှစ်ခုမှာ ကွဲသော်လည်း ရွှေမှုန်၏ ရလာဒ်မှာ အတူတူပင် ဖြစ်လေသည်။ သူက ယခု လက်နက်မန္တာန်၏ အခြေခံ သဘောတရားများကို နားလည်လာပြီ ဖြစ်သည်။ သူက လက်နက် မန္တာန်ကို အကြိမ်အတော်များများ သုံးပြီးနောက်တွင် သူက အားကုန်သွားလေသည်။ သူက အိမ်မပြန်တော့ပဲ ထိုနေရာတွင်သာ အိပ်လိုက်သည်။ ထိုနေ့မှစ၍ ထန်ဂျီက လက်နက်များကို အားပါးတရ ဖျက်ဆီးနေသည်။ လက်နက်မန္တာန်ဖြင့် သူဖျက်ဆီးသော လက်နက်များမှာ လက်နက်ပျက်များ ဖြစ်သဖြင့် ကုန်ကျစရိတ် သက်သာလေသည်။ အဆင့်နိမ့် ဂါထာအဆင့် လက်နက် တစ်ခုက ဈေးတွင် ရာဂဏန်းမှ ထောင်ဂဏန်း တန်လေသည်။ သို့သော် ခုက ပယ်ဖျက် လက်နက်များ ဖြစ်သဖြင့် ဆယ်ဂဏန်းပင် သို့မဟုတ် ထို့ထက်ပင် နည်းလေသည်။ ထို့ကြောင့် ထန်ဂျီက နေ့စဉ် လက်နက်များစွာကို ဖျက်ဆီးနေသည်။ သူ၏ ရွှေမှုန်မှာ ဆန်စေ့လောက် ဖြစ်လာကာ တဖြည်းဖြည်း ကြီးလာလေသည်။ ယခင်က ဆံချည်မျှင်မျှ အပ်အရွယ်သာ လုပ်နိုင်သော်လည်း ယခုအခါ တစ်ကယ့် အပ်ပျံ အရွယ်ထိ သူက လုပ်နိုင်လာလေသည်။ အနည်းဆုံးတော့ သူက ရွှေမှုန်စေ့ မြေပေါ်ကျသွားလျှင် မြင်နိုင်သည့် ပမာဏအထိ ကြီးလာချေပြီ။ ထို့ပြင် ထန်ဂျီက လက်နက်မန္တာန်နှင့် လက်နက်ပစ္စည်းနှင့် ချိပ်စည်းများ အပေါ် သက်ရောက်မှုကို ပို၍ နားလည်လာလေသည်။ ထို့ပြင် လက်နက် မန္တာန်မှာ သတ္တုလက်နက်များပေါ်တွင်သာ အသုံးဝင်လေသည်။ မည်သည့် သတ္တုလက်နက် မဆို လက်နက်မန္တာန်ဖြင့် ထိပါက သံတိုသံစများ ဖြစ်သွားမည်သာ။ ထို့ပြင် အမျိုးအစားပေါ် မူတည်၍လည်း ကွာခြားသေးလေသည်။ လက်နက် မန္တာန်မှာ ချပ်ဝတ်များထက် လက်နက်များပေါ်တွင် ပို၍ ထိရောက်လေသည်။ ချိပ်စည်း၏ ရှုပ်ထွေးမှုနှင့် ပတ်သက်၍မှု ထန်ဂျီက သေချာ မသိသေးချေ။ မည်သို့ကင် ဆိုစေ ထိုသို့ နားလည်လာခြင်းက သူက လက်နက်ရွေး၍ ဝယ်နိုင်ပြီး ကုန်ကျစရိတ် နည်းနည်းဖြင့် များများ ပြန်ရအောင် လုပ်နိုင်လာလေသည်။ သူက သူ့ကိစ္စနှင့် သူရှုပ်နေစဉ် ကျိုးကျားဟွေနှင့် လျူကျိဟန်က သူ့အား ကြည့်၍ ကြောင်အနေကြောင်း သူမသိချေ။သူတို့က ထုတ်ယူခြင်းနေရာတွင် လက်နက်များ ဝယ်၍ ပညာရပ် လေ့ကျင့်သည်ကို များစွာ တွေ့ဖူးပြီး ဖြစ်သည်။ သို့သော် ထန်ဂျီကဲ့သို့ တစ်နေလျှင် လက်နက်ပျက် ငါးခုမျှ ဝယ်၍ လေ့ကျင့်သည်ကို မမြင်ဘူးချေ။ လက်နက်ပျက်မှ ပစ္စည်းနှင့် ချိပ်စည်း ထုတ်ယူခြင်းသည် လွယ်ကူသော ကိစ္စ မဟုတ်ချေ။ တစ်ရက်လျှင် တစ်ခုပြီးလျှင် အတော်မြန်နေပြီ ဖြစ်သည်။ ပို၍ လန့်စရာ ကောင်းသည်မှ ထိုကောင်က ရက်အနည်းငယ် အချိဖြုန်းပြီး မည်သည့် ပစ္စည်းမှ မထုတ်ယူနိုင်ခြင်းပင်။ ရက်အတန်ကြာ လက်နက်များ ဖျက်၍ ချီဒင်္ဂါး ရာချီ ကုန်ပြီးနောက် အသုံးမကျဆုံး ကောင်ပင်လည်း ပစ္စည်းအနည်းငယ်တော့ ထုတ်ယူနိုင်လေသည်။ သို့သော် ထန်ဂျီက လက်နက်ပျက်များကို သံတို သံစအဖြစ်သာ ပြောင်းပြီး သံရည်ကျိုရန်သာ အသုံးဝင်သည့် အရာများ ဖြစ်သွားလေသည်။ ငါးရက်မြောက်နေ့တွင် ထန်ဂျီ၏ သံတိုသံစ ထုတ်ယူနေမှုကို ကျိုးနှင့် လျူတို့က ထပ်ကြည့်ပြီးနောက် သောက်သုံး မကျဆုံးကောင်ဟုသာ သတ်မှတ်လိုက်သည်။ လရောင်လှုံကျောင်း၏ ပန်းပဲတာအိုတွင် အသုံးမကျဆုံး ကျောင်းသားပင်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now