အခန်း (၁၇၂) မိန်းမကံ

108 15 0
                                    


ဓါးသွားက ထိခါနီး ဖြစ်နေကာ ထိုဓါးချက်က ရှူမင်းယန်ကို သေသွားစေနိုင်သည်။ သို့မဟုတ် အနည်းဆုံးတော့ ဒဏ်ရာ ကြီး ရစေနိုင်သည်။ ရုတ်တရက် ရှူမင်းယန်က လက်ကို မြှောက်ကာ လက်ဝါးနှစ်ဖက်ဖြင့် ဓါးကို ဖမ်းညှပ်သည်။

ဓါးပြားက သူ့လက်နှစ်ဖက်ကြားတွင် ညပ်သွားသည်။

ရှူမင်းယန်လက်မှ အလင်းများ ထွက်လာပြီးနောက် ထန်ဂျီကို ဓါးသွားနှင့် အတူ တွန်းထုတ်လိုက်သည်။ ရှူမင်းယန်လည်း နောက်သို့ သုံးလေးလှမ်းဆုတ်သွားကာ သွေးတစ်လုပ် အန်လိုက်သည်။

ထို့နောက် သူက လက်ဟန် တစ်ခု လုပ်လိုက်ကာ လက်ဝါးကို ကောင်းကင်ဆီ ဦးတည်၍ ထုတ်သည်။

"ဆင်နှိမ်လက်ဝါး... ဖိနှိပ်"

တစ်ခါတုန်းက ပိုင်ကန်းအရပ်တွင် ပေသုံးထောင်ကျော် မြင့်သည့် ဧရာမ ဆင်ကြီး တစ်ကောင် ရှိကာ တောင်များကို နင်းချေနိုင်လေသည်။ တစ်ခါသားတွင် လရောင်လှုံဂိုဏ်းမှ သစ္စာရှင်သခင် မြောင်ဖုန်ကျီက ပိုင်ကန်းကို ဖြတ်သွားချိန်တွင် ဆင်ကြီးနှင့် တွေ့ကာ ဆယ်ရက်ကြာ တိုက်ခိုက်ကြသည်။ ထိုတိုက်ပွဲမှ ရလာဒ်အနေဖြင့် မြောင်ဖုန်ကျီက ဆင်နှိမ်နတ်ပညာကို ဖန်တီး နိုင်ခဲ့ကာ ဆင်ကြီးကို နှိမ်နင်း၍ နတ်ဆင်တောင် အဖြစ် ပြောင်းစေခဲ့လေသည်။

ဆင်နှိမ်ဂါထာမှာ ဆင်နှိမ်နတ်ပညာကို ကျင့်ရန် စကျင့်ရသည့် အခြေခံ ဂါထာဖြစ်သည်။ ဆင်နှိမ်ဂါထာဟု ခေါ်သော်ငြား ထိုပညာမှာ အင်အားအတော်ပြင်းလေသည်။

ထန်ဂျီက ရှူမင်းယန်တွင် ထိုပညာရှိသည်ကို မသိချေ။ ရှူမင်းယန်က လက်ဝါးကို ရိုက်ထုတ်လိုက်သည်နှင့် ထန်ဂျီပေါ်သို့ ကြီးမားသည့် ဖိအားကြီး တစ်ခုက ကျရောက်လာသည်။ ဆင်နှိမ်လက်ဝါး၏ ဖိအားက ပြင်းလွန်းလှသည်။

တစ်ချိန်တည်းလိုပင် လျူဟုန်ယန်တို့က ဝင်တိုက်သည်။ သူတို့က အခွင့်အရေးကို လက်လွှတ်မခံနိုင်ချေ။ လျူဟုန်ယန်က အော်သည်။

"ကြိုးစားမနေနဲ့တော့ နင်က ငါတို့နဲ့ မယှဉ်နိုင်တော့ဘူး"

"နင်အဲ့လို မပြောခင် ငါ့ကို အရင် နိုင်အောင် လုပ်အုံး" ထန်ဂျီက ဓါးမော့ကို မြှောက်ရင်း ဓါးစွမ်းအင်များကို ခုတ်ချလွှတ်လိုက်သည်။ သူက ယန်ကျီယွမ်တို့ကို မတားတော့ချေ။ ထိုသုံးယောက်က ပြေးချေပြီ။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now