Chapter《215》

5.1K 902 5
                                    

Unicode

အခန်း(၂၁၅) - ပြီးပြည့်စုံတဲ့ နားလည်မှု

"မင်းပြောချင်တာက" လူကြီးမင်းယန်က သက်ပြင်းချပြီး စကားဆက်သည်။

"မင်းကိုငါက တစ်သက်လုံး ကလေးလိုပဲ ဆက်ဆံရမယ်၊ မင်းလိုချင်တာ မှန်သမျှ ပေးရမယ်၊ မင်းလုပ်ချင်တာ မှန်သမျှ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ချီးကျူးပေးရမယ်။ မင်းလက်ထပ်ချင်တဲ့လူက မင်းအတွက် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ အားပေးထောက်ခံရမယ်။ ငါ့ရဲ့ ရှယ်ယာ မှန်သမျှလည်း မင်းကိုပဲ ပေးရမယ်။ မင်းအသက် ဘယ်လောက်ပဲ ဖြစ်နေပါစေ မင်းလုပ်ချင်တာ လုပ်ခွင့် ရရမယ်။ မင်းရဲ့ အစ်ကိုနှစ်ယောက်နဲ့ ယောက်မတွေကလည်း ငါချစ်သလိုမျိုးပဲ မင်းကို ချစ်ကြရမယ်။ မင်းရဲ့ တူတွေ တူမတွေကလည်း မင်းကို ခြွင်းချက်မရှိ မေတ္တာ တရားတွေ လေးစားမှုတွေ ပေးရမယ်။ မင်းရဲ့ လမ်းကြောင်းကို အမြဲ ဖွင့်ပေးထားရမယ်. အကယ်၍ မင်းက တစ်ယောက်ယောက်ကို ရိုက်လိုက်ရင် တစ်ဖက်လူက ပြန်မရိုက်ရဘူး။ အကယ်၍ သူတို့ဘက်က ပြန်ရိုက်ရင်တော့ သူတို့အားလုံးက မင်းကို ပြစ်မှားတာ ဖြစ်သွားပြီ။ မင်းလိုချင်တဲ့ အရာက ဘယ်သူပိုင်ဆိုင်တာပဲ ဖြစ်နေပါစေ မင်းကို ရအောင် ယူပေးရမယ်။ မင်းအဘွားကြီးဖြစ်ပြီး ငါသေသွားတဲ့နေ့ထိ အဲ့ဒီလိုပုံစံမျိုး လုပ်ပေးမှသာ မင်းအပေါ် မှန်မှန်ကန်ကန် ချစ်ပေးတာ အဲ့ဒီလိုလား?"

"ဘယ်လိုဖြစ်လို့ လေသံက အရမ်းကို သနားစရာကောင်းသလို လုပ်နေတာလဲ?" ယန်မြောင်က အေးစက်စက် လှောင်ရယ်သည်။

"ကျွန်မရှင့်ကို ဘယ်တုန်းကမှ အဲ့ဒါတွေ မလုပ်ခိုင်းဘူး။ ရှင်က သူတော်ကောင်း အဖေ မဟုတ်တာတောင် ဟုတ်သလိုလိုနဲ့ လာငြင်းနေတယ်။ အဲ့ဒါက ရယ်စရာ မကောင်းလွန်းဘူးလား? ကလေးတွေတောင် မပြောသင့်တဲ့ စကားဆိုတာမျိုးကို သိကြတယ်!"

"ငါက သူတော်ကောင်းကြီး မဟုတ်ဘူး" လူကြီးမင်းယန်က သက်ပြင်းချပြန်သည်။

"မင်းတို့ သုံးယောက် ငယ်ငယ်တုန်းက ငါအမြဲတမ်း တွေးခဲ့တာ ယောကျားလေးတွေဆိုတာ အထုအထောင်း အရိုက်အနှက် ခံရပြီး အခက်အခဲနဲ့ ကြုံတွေနိုင်မှသာ ရင့်ကျက်ပြီး ကြီးပြင်းလာနိုင်မှာ မိန်းကလေးတွေကတော့ ချစ်ခင်မြတ်နိုးပြီး အလိုလိုက်ပေးသင့်တယ်ပေါ့။ အခက်အခဲပေါင်းစုံနဲ့ အထုအထောင်းခံ ကြီးပြင်းလာခဲ့ရတဲ့ ငါ့သားတွေက ငါ့အပေါ် ရိုသေကိုင်းရှိုင်းမှု အပြည့်ရှိနေတဲ့ အချိန်မှာ ငါအလိုလိုက်ထားခဲ့တဲ့ ငါ့ရဲ့ တစ်ဦးတည်းသော သမီးကတော့ ငါအကြွေးဆပ်ရမယ့်သူ ဖြစ်လာရတယ်။ ငါ့ကိုပြောစမ်းပါဦး, ငါကရော ဘယ်သူ့ကို သွားပြီး တိုင်တန်းရမှာလဲ?"

(Completed) Reborn as a good childWhere stories live. Discover now