အပိုင်း (၂၆) သူ သမီးကို အရင်ဆုံးတောင်းပန်သင့်တာ

2.2K 239 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၂၆) သူ သမီးကို အရင်ဆုံးတောင်းပန်သင့်တာ

ကုချင်းယွီသည် မဲ့ပြုံးပြုံးလိုက်လေသည်။

ချစ်လို့ ဒေါသထွက်တာတဲ့လား။ မဟုတ်တာပဲ။ တွမ့်ရှင်းယွမ် ဒေါသထွက်တာကလေ ကြာခိုခံရပြီး မျက်နှာပျက်ရလို့ လှောင်ပြောင်ခံရလို့ရယ်ပါ။

ဒါပေမဲ့ ဒီကုဝမ်ချန်က လူတွေကို ဘယ်လိုသွေးဆောင်ရမယ်ဆိုတာ ကောင်းကောင်းသိတာပဲ။ သူ့ကို သေချာချည်ပြီး နည်းနည်းပဲစိတ်ဆိုးခံရအောင်လို့ ဇက်ကြိုးကို ဘယ်လို လျှော့ရမယ်ဆိုတာတောင် ငါ့ကို သင်ပေးလိုက်သေးတယ်.....

ကျွတ်။

သူမသည် ကုချင်းချန်၏ အပြုအမူများနှင့် အွန်လိုင်းပေါ်တွင်လေ့လာနိုင်သည့် သူမ၏ သင်ယူအားကောင်းသည့် စွမ်းရည်ကို စဥ်းစားလိုက်လေသည်။ နှစ်စက္ကန့်မပြည့်ခင်မှာပင် သူမ၏မျက်လုံးများသည် နီရဲလာပြီး သူမ၏အောက်နှုတ်ခမ်းကို ကိုက်ကာ ခေါင်းခါရင်း ပြောလိုက်လေသည်။

“ ဟင့်အင်း သမီး အပြင်ထွက်မှာ မဟုတ်ဘူး”

ကုဝမ်ချန်၏မျက်နှာထားသည် ပြောင်းလဲသွား၏။

“ သမီး... အလိုလိုက်ခံရလို့ ဆိုးနေတာလည်း အတိုင်းအတာ ရှိတယ်နော်၊ ယောက်ျားတစ်ယောက်ရဲ့မျက်နှာက သူ့အတွက် အရမ်းအရေးကြီးတယ်၊ ဒီတစ်ခါ မှားတဲ့သူက ရှင်းယွမ်ဆိုပေမဲ့ သမီး သူ့ကို တစ်ထစ်တော့ လျှော့ပေးရမယ်လေ.... ဒီလို ဆက်လုပ်နေရင် သူ သမီးကို တကယ်ဒေါသထွက်သွားပြီး တခြားမိန်းမဆီ သွားလိုက်မှာ မစိုးရိမ်ဘူးလား “

ကုဝမ်ချန် ထိုသို့ပြောရခြင်းမှာ သူ့သမီးသည် တွမ့်ရှင်းယွမ်ကို မည်မျှသဘောကျကြောင်း သိထားသောကြောင့်ပင်။

မူလကုချင်းယွီသာ သည်စကားကိုကြားလျှင် သူမသည် ဝမ်းသာအားရဖြင့် သဘောတူပေလိမ့်မည်။ နောက်ဆုံး သူမသည် တွမ့်ရှင်းယွမ်ကို အလွန်ချစ်ကာ သူ့ကို မဆုံးရှုံးချင်ပေ။

သို့သော် ကုချင်းယွီသည် အောက်နှုတ်ခမ်းကို ကိုက်ထားကာ သူ့ကို ကြည့်ပြီး ဝမ်းနည်းသည့် မျက်နှာထားဖြင့် ပြောလိုက်လေသည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now