အပိုင်း (၁၁၉) ကြောင်ရိုင်းလေးက သူ့ကိုတွယ်ဖို့ အသင့်ဖြစ်နေလေရဲ့

991 121 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၁၁၉)  ကြောင်ရိုင်းလေးက သူ့ကိုတွယ်ဖို့ အသင့်ဖြစ်နေလေရဲ့

သူမပြောလိုက်သည့်စကားမှာ အလွန်ဒွိဟဖြစ်ရာ ဖြစ်လေရာ ထိုစကားလုံးများသည် တစ်စုံတစ်ယောက်၏ အရိုင်းဆန်ဆန် သဘာဝကို အလွယ်တကူ နိုးထနိုင်စေသော်လည်း မုရွှမ်ချင်သည် သူမ၏ကြည်လင်သန့်စင်သည့် မျက်လုံးများကို ကြည့်လိုက်မိချိန်တွင်တော့ ငိုရခက် ရယ်ရခက် ဖြစ်သွားတော့သည်။ သူ့နှလုံးသားထဲတွင် တနည်းနည်းဖြင့်လှုပ်ရှားနေသည့် ခံစားချက်တို့သည် ဖြည်းညင်းစွာ ပျောက်ကွယ်သွားပြီးနောက် သူနားလည်သွားတော့သည်။

သည်အခိုက်တွင် သူမသည် တစ်ချိန်က သူလမ်းပေါ်တွင် အစာကျွေးခဲ့ဖူးသည့် ကြောင်ရိုင်းလေးတစ်ကောင်နှင့် တူနေပြီး စားစရာအကောင်းစား စားရတော့မည်ကို သိသဖြင့်  သူ့နောက်လိုက်လာကာ သူ့ထံတွင် တွယ်ကပ်နေဖို့ရာ အသင့်ဖြစ်နေတော့သည်။

သူမရဲ့စကားက ဒွိဟဖြစ်သွားစေတယ် ဆိုတာကိုတောင် သိပုံမရဘူး.... ကြည့်ရတာ သူမအတွက်တော့ သူမက သည်အတိုင်း သူ့အပိုင်ပေါ့လေ စကားလုံးရဲ့ တိုက်ရိုက်အဓိပ္ပာယ်အတိုင်းပဲ ဆိုပါတော့။

သူသည် သက်ပြင်းချလိုက်မိပြီး သူမကို တည်တည်ကြည့်နေရင်းက အကြောင်းအရင်း မည်မည်ရရမရှိဘဲ စိတ်ပျက်မိလေသည်။

“ မင်းကို ကျွေးရမယ်ဟုတ်လား၊ မင်းက ဘာစားချင်လဲ”

“ ကျွန်မ စားချင်တာ ဘာမဆို.... စားလို့ရလား” ကုချင်းယွီ၏မျက်လုံးများ အရောင်လက်လာလေသည်။

“အင်း” မုရွှမ်ချင် သူ့ကို ကြည့်လိုက်ပြီး သူမထံမှ တစ်ခဏလောက်မျှ အကြည့်မခွာနိုင်ဖြစ်ရလေသည်။

သူမ၏မျက်နှာပေါ်တွင် အင်မတန်ချိုမြိန်သည့် အပြုံးတစ်ခု လင်းလက်လာပြီး သူ့အနား ရုတ်တရက် တိုးသွားကာ ပြောလိုက်တော့သည်။

“ ဆရာ ကျွန်မ ဒီကိစ္စကို စဥ်းစားပြီ၊ ရှင့်ကို ဒီအတိုင်းကြီး စားလိုက်ဖို့က ကျင့်ဝတ်နဲ့ မညီဘူးနော်... အိုး ဒါက တရားမဝင်တာမျိုးတောင် ဖြစ်နိုင်တယ်၊ ဒါပေမဲ့ ရှင် ကျွန်မကို ရှင့်သွေး နည်းနည်းလောက်တော့ ပေးရမယ်”

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now