အပိုင်း (၈၂) မုအိုက်
အမျိုးသမီးသည် သူမရှေ့က ပန်းချီကားကို မမှိတ်မသုန် စိုက်ကြည့်နေပြီး သူမ၏လက်များကို တင်းနေအောင် ဆုပ်ထားကာ ပြောလိုက်လေသည်။
“ ဒါ....”
ဝန်ထမ်းသည် အနည်းငယ် တွေဝေသွား၏။
“ မိန်းကလေးမု ပြခန်းထဲမှာ... လုံခြုံရေးကင်မရာတွေရှိတယ်နော်”
မုအိုက်သည် မျက်နှာပျက်သွားပြီး
“ ဘာစကားပြောတာလဲ၊ ကျွန်မ သူမရဲ့ပန်းချီကားကို ဖျက်ဆီးပစ်မယ်လို့ ထင်နေတာလား၊ ကျွန်မက ဒီလိုကိစ္စမျိုးတွေလုပ်ပြီး ဘာလို့ ဒုက္ခရှာရမှာလဲ၊ ဒီအမှိုက်က ကျွန်မနဲ့ ပြိုင်ဘက်ဖြစ်လာမှာတောင် မဟုတ်ဘူး၊ ပြီးတော့ မစ္စတာပိုင်က ကျွန်မဆရာရှင့်၊ သူက ကျွန်မရဲ့ပန်းချီကားတိုင်းကို သင်ကြားထောက်ပြပေးပြီးသား၊ ဒီလို ဒုတိယတန်းစားအနုပညာကျောင်းက ကျောင်းသူတစ်ယောက်ကို ရှုံးမှာ ကြောက်ဖို့လိုလို့လား”
ဝန်ထမ်းသည် ချွေးပျံသွားတော့သည်။
“ ဟုတ် ဟုတ်ပါတယ်... ကျွန်တော် မှားသွားပါတယ်၊ မိန်းကလေးမု ကျွန်တော် သံသယလွန်သွားတယ်၊ ဒါဆို မိန်းကလေးမု ကိုယ့်ဟာကိုယ်ကို ပတ်ကြည့်လိုက်ပါအုံးနော် တစ်ခုခုလိုရင် ကျွန်တော့်ကို ခေါ်လိုက်ပါ”
ထိုဝန်ထမ်း ထွက်သွားလေသည်။
မီးရောင်မှိန်မှိန်အောက်တွင် မုအိုက်သည် ကုချင်းယွီ၏ပန်းချီကားကိုစိုက်ကြည့်ရင်း သူမ၏နှုတ်ခမ်းကို ကိုက်ထားတော့သည်။
ဒါက တွမ့်ရှင်းယွမ်ရဲ့ သတိုးသမီးဟောင်းရဲ့ ပန်းချီကားပေါ့လေ။
ဝန်မခံချင်ပေမဲ့ ဝန်ခံရမှာပဲ...
ကုချင်းယွီရဲ့ပန်းချီကားက အရမ်းလက်ရာကောင်းတယ်။
သူမလက်ရာထက် မနိမ့်ဘူး။
ပန်းချီကားထဲမှာ သဘာဝကျကျအာရုံခံစားမှု တစ်ခုတောင် ပါသေးတယ်။ မစ္စတာပိုင်ရှို့ချီက သူမရဲ့ပန်းချီတွေကို ကြည့်ပေးတုန်းကတော့ သူမရဲ့ပန်းချီကားထဲမှာ အနုပညာရှင်တစ်ယောက်ရဲ့ အရည်အချင်းတစ်ခု ရှိနေသေးတယ်တဲ့၊ ဒီတော့ ပန်းချီကားက ဘယ်လောက်ကောင်းကောင်း ဒီလို နိုင်ငံတကာပြိုင်ပွဲတွေမှာဆိုရင် ဒိုင်လူကြီးတွေက နည်းပညာကို သုံးပြီးဆွဲထားတာထက် ပန်းချီကားကနေ ယူလာပေးတဲ့ခံစားချက်ခွန်အားကိုပဲ ဦးစားပေးကြတာ။ ဒါက သူမမှာ လုံးဝမရှိတဲ့ အားသာချက်တစ်ခုပဲ....
YOU ARE READING
အကြီးဆုံးမမလေးက မူမမှန်
Fantasyလူတွေရဲ့အမြင်မှာတော့ သတို့သားလောင်းရဲ့ဖယ်ကြဉ်စွန့်ပစ်ခံလိုက်ရတဲ့ ကုမိသားစုရဲ့ အလိုလိုက်ခံ အငိုသန်သမီးလေးက အလွန်စိတ်ပျက်စရာကောင်းတဲ့ဘဝနဲ့နေထိုင်သွားသင့်တာတဲ့။ ဒါပေမဲ့ သူတို့မထင်ထားတာက..... သူဌေးကြီး : ချင်းယွီ မင်းနဲ့ ညစာအတူတူစားခွင့်ရတာ ဂုဏ်ယူလိုက်တ...