အပိုင်း ( ၄၆) ဘယ်သူမှ မင်းကို အထင်သေးရဲမှာ မဟုတ်တော့ဘူး

1.7K 195 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း ( ၄၆) ဘယ်သူမှ မင်းကို အထင်သေးရဲမှာ မဟုတ်တော့ဘူး

အကြီးအကဲတွမ့် စောင့်ရှောက်လာခဲ့သည့် အကြီးဆုံးမြေးလေးသည်  သူ့အား အမှန်ပင် ဂုဏ်ယူရစေလေသည်။ ဆရာကပင် သူ့ကို တစ်ချက်လောက်ကြည့်လိုက်ပြီး တွေ့ဆုံပွဲလက်ဆောင်ကို သူ့အား ပေးလိုက်လေသည်။ သည်လက်ဆောင်က လက်စွပ်တစ်ခု ဆိုသည်ထက် တွမ့်ရှင်းယွမ်ကို ဆရာက တရားဝင်အသိအမှတ်ပြုလိုက်သည် သဘောပင်။

တခြားမိသားစုများသည် ပိုပြီး အားကျ မနာလိုဖြစ်နေကြပြီး သူတို့ရဲ့ကလေးများကို သံက သံမဏိ မဖြစ်ရကောင်းလားဆိုသည့် မျက်နှာထားများနှင့် ကြည့်လိုက်ကြလေသည်။ ချက်ချင်းလိုပင် တွမ့်ရှင်းယွမ်သည် တခြားမိသားစုက ကလေးတစ်ယောက် လေ့လာရမည့်စံပြတစ်ယောက် ဖြစ်လာပြန်လေသည်။

မုရွှမ်ချင်သည် ဘာမှ ထပ်မပြောတော့ချေ။ လက်စွပ်ပေးလိုက်ပြီးနောက် သူ ဒီနေ့ သည်နေရာကိုလာရသည့် ရည်ရွယ်ချက် ပြီးမြောက်သွားတော့သည်။

မုရွှမ်ချင်ထွက်သွားပြီးနောက် အကြီးအကဲတွမ့်၏မျက်နှာပေါ်က ပျော်ရွှင်မှုကို ထပ်ဖုံးဖိထားလို့ မရတော့ချေ။ တခြားမိသားစုများသည် မနာလိုဖြစ်နေကြသော်လည်း သူတို့သည် သူနှင့် တွမ့်ရှင်းယွမ်ထံသို့ ပို၍ စိတ်အားထက်သန်စွာ ကပ်လာကြတော့သည်။

တွမ့်ရှင်းယွမ်သည် အရင်ကတည်းက ထူးချွန်သော်လည်း တခြားမိသားစုများမှ လူများက သူ့အား မျက်နှာလိုမျက်နှာ လာလုပ်ရသည်အထိတော့ အလွန်ထူးချွန်နေခြင်း မဟုတ်ချေ။ သို့သော် သည်နေ့တွင် ဆရာက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး လက်စွပ်ပေးခဲ့လေသည်။ ထို့ကြောင့်ပင် သူ့အပေါ်ထားရှိသည့် တခြားသူများ၏သဘောထားသည် တစ်မုဟုတ်ချင်း ပြောင်းလဲသွားတော့သည်။ တွမ့်ရှင်းယွမ်သည် လက်စွပ်ကို ကြည့်လေလေ သဘောကျလေလေ ဖြစ်နေပြီး သူ့သွေးများပင်အနည်းငယ် ဆူပွက်လာတော့သည်။

လူအုပ်ကြီး၏ ချီးကျူးထောပဏာ ပြုခံရသည်ကို သဘောကျလက်ခံရင်း သူသည် တွမ့်အိမ်တော်သို့ ပြန်လာခဲ့တော့သည်။ ထို့နောက် အကြီးအကဲတွမ့်က သူ့အား စာကြည့်ခန်းသို့ ခေါ်သွားလိုက်လေသည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now