Chapter 375

993 115 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (25) CHAPTER (375) ဖက်ထုပ်အတွက် အဆာသွတ် ပြုလုပ်ခြင်း

ဝုန်း! ဝုန်း! ဝုန်း!
ကမ္ဘာ့လေထုအလွှာသည် ပေါက်ထွက်လာပြီး များစွာသော ကမ္ဘာခြား စစ်သင်္ဘောများ ဆင်းသက်လာကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ်ကို ထုတ်လွှတ်နေသည့် ကမ္ဘာခြား စစ်သင်္ဘော ဆယ့်သုံးစင်း ရောက်ရှိလာသည်။
ထိတ်လန့်ဖွယ်ကောင်းလိုက်သည့် မြင်ကွင်းပါတကား။
ကမ္ဘာတစ်ခုလုံးအား ဧရာမ အရိပ်တစ်ခုက ဖုံးအုပ်နေပြီး ကမ္ဘာတစ်ခုလုံးအား အမှောင်ဖုံးသွားသလိုပင်။
ထို့နောက် စစ်သင်္ဘောထဲမှနေ၍ အင်အားကြီးမားသော အစိမ်းရောင် အသားအရေနှင့် နတ်ဘုရား သေနာပတိအဆင့် ဆယ့်သုံးယောက်နှင့် သူတို့နောက်မှ နတ်ဘုရား ဆရာသခင်အဆင့် အယောက်နှစ်ရာတို့ ဆင်းသက်လာကြသည်။
ကြောက်မက်ဖွယ်ကောင်းလှ၏။
သူတို့သည် အခြားသူများကို ကြောက်စိတ်ဖြင့် ကတုန်ကယင်ဖြစ်သွားအောင် လုပ်နိုင်သည့် ဂြိုဟ်သားများလိုပင်။
*ဟမ်*
ထိုစဉ် နတ်ဘုရား သေနာပတိအဆင့် ဆယ့်သုံးယောက်က လေထဲပျံသန်း၍ အောက်သို့ ငုံ့ကြည့်နေကြသည်။
သို့သော် သူတို့ မျက်မှောင်ကြုတ်လာကြ၏။ သူတို့ထဲမှ တစ်ယောက်က စကားစလာသည်။
“တစ်ခုခုတော့ မှားနေပြီ။ ကျုပ် ဘာလို့ သက်ရှိတွေရဲ့ ချီဓာတ်ကို မခံစားမိရတာလဲ”
ကမ္ဘာပေါ်၌ မည်သည့်လူသားမျှ ရှိမနေပေ။
အခြေစိုက်စခန်း၌ မည်သူမျှ ရှိမနေ၊ သရဲတစ္ဆေများတောင် မရှိချေ။
သမုဒ္ဒရာထဲ၌ ကြောက်မက်ဖွယ်ကောင်းသည့် မည်သည့်ပင်လယ်သားရဲမျှ ရှိမနေပေ။
ထူးဆန်းလှသည်။
ထို့ပြင် သူတို့သည် ပစိဖိတ် သမုဒ္ဒရာ၏ သဲသောင်ပြင်၌ ကမ်းရိုးတန်း တစ်ခုလုံးအား ပိတ်ဆို့ထားသယောင် ဖြစ်နေသော ဧရာမ ကမ္ဘာခြား စစ်သင်္ဘောတစ်စင်းကို သူတို့ လှမ်းမြင်လိုက်သည်။
“အဲ့ဒါ ခေလန်ရဲ့ စစ်သင်္ဘောပဲ။ အဲ့ဒါ ပြတ်ကျထားတယ်”
နတ်ဘုရား သေနာပတိအဆင့်များအားလုံး မျက်နှာထားများ တည်လာကြသည်။ ခေလန်၏ စစ်သင်္ဘောအား သူတို့၏ သန်မာသော စိတ်ဝိညာဉ် ခွန်အားဖြင့် စစ်ဆေးပြီးနောက် သူတို့အားလုံး သောက ရောက်သွားကြသည်။
“ငါတို့ ဘာလုပ်ကြမလဲ။ ခေလန် ပျောက်နေတယ်။ စစ်သင်္ဘောထဲမှာ ဘယ်သူမှ ရှိမနေဘူး”
နတ်ဘုရား သေနာပတိအဆင့်တစ်ယောက် မျက်မှောင်ကို တင်းနေအောင် ကြုတ်ထားသည်။ သူ့စကားအဆုံးတွင် နောက်ထပ် နတ်ဘုရား သေနာပတိအဆင့်တစ်ယောက်က သုန်မှုန်နေသော မျက်နှာထားဖြင့် ပြောလာသည်။
“ခေလန်က အရည်အချင်း မပြည့်မီပင်မယ့် သူ့မှာ လက်ထပ်ဖို့ သဘောတူထားတဲ့ မုဆိုးခေါင်းဆောင် ဇနီးသည် ရှိတယ်လေ။ အဲ့မိန်းမက ကမ္ဘာ့လေထုအပြင်ဘက်လေးတင် ရှိနေတာ”
“ငါတို့ ခေလန်ကို ရှာမတွေ့ရင် ငါတို့တော့ ပြဿနာ အကြီးအကျယ် တက်ပြီပဲ”
မုဆိုးခေါင်းဆောင်သည် ကမ္ဘာခြား မုဆိုး စစ်သင်္ဘောစု၏ စစ်သေနာပတိ ဖြစ်သည်။ သူမတွင် မည်သည့် ကမ္ဘာခြား မုဆိုးကိုမဆို သတ်နိုင်သည့် လုပ်ပိုင်ခွင့် ရှိသည်။
သို့သော် သူတို့၏ မုဆိုးခေါင်းဆောင်က ခေလန်၏ ဇနီးလောင်း ဖြစ်နေ၏။ သို့မဟုတ်ပါက ခေလန်သည် ဤမျှ ကောင်းမွန်သော အလုပ်အား ရနိုင်မည်မဟုတ်ပေ။
ချက်ချင်းဆိုသလိုပင် နတ်ဘုရား သေနာပတိအဆင့် ဆယ့်သုံးယောက်လုံး၏ မျက်နှာများက သုန်မှုန်လာကြသည်။
ထိုစဉ် နတ်ဘုရား သေနာပတိအဆင့် တစ်ယောက်က အကြံပြုလာ၏။
“ဒီလိုဆိုရင်ရော။ စစ်သင်္ဘောတစ်ဖွဲ့ချင်းစီက ခေလန်ကို ရှာဖို့ ကမ္ဘာပေါ်ကို အဖွဲ့တစ်ဖွဲ့စီ လွှတ်ရင်ရော”
“ငါတို့ သူက အလောင်းဖြစ်နေရင်တောင်မှ သူ့ကို ရှာမှဖြစ်မယ်၊ မဟုတ်ရင် ငါတို့ မုဆိုးခေါင်းဆောင်ကို ရှင်းပြလို့ ရနိုင်မှာ မဟုတ်ဘူး”
သူ့စကားအဆုံးတွင် အခြားသူများက ချက်ချင်း ခေါင်းညိတ်၍ ထောက်ခံလာကြသည်။
သူတို့၌ ရွေးစရာဟူ၍ ဤတစ်ခုသာ ရှိသည်။
နတ်ဘုရား သေနာပတိအဆင့် ဆယ့်သုံးယောက်လုံး လက်ဟန်ပြလိုက်ကြသည်။ မျက်စိ တစ်မှိတ်အတွင်းမှာပင် အဖွဲ့တစ်ဖွဲ့ချင်းစီမှ နတ်ဘုရား ဆရာသခင်အဆင့် ဆယ်ယောက် ရောက်ရှိလာပြီး လူအယောက် တစ်ရာ့သုံးဆယ် ပါသော အဖွဲ့တစ်ဖွဲ့ ဖြစ်လာသည်။
ထို့နောက် သူတို့အားလုံး ကမ္ဘာပေါ်သို့ ဆင်းသက်လာကြသည်။
ဝုန်း! ဝုန်း! ဝုန်း!
ထိတ်လန့်ဖွယ်ကောင်းသော နတ်ဘုရား ဆရာသခင်အဆင့်များ ကမ္ဘာပေါ်ရှိ အခြေစိုက်စခန်းနှင့် ပင်လယ်သမုဒ္ဒရာထဲသို့ ရောက်ရှိလာပုံက ပွက်ပွက်ဆူနေသော အိုးထဲသို့ ဖက်ထုပ်များ ပစ်ထည့်လိုက်သလိုပင်။

ဟွာရှ အခြေစိုက်စခန်း၊ ကျန်းရှီမြို့၌။
နတ်ဘုရား ဆရာသခင်အဆင့် ဆယ်ယောက်ပါသော အဖွဲ့တစ်ဖွဲ့က ကျန်းရှီမြို့၏ လမ်းတစ်လမ်းပေါ်သို့ ရောက်ရှိလာချိန်တွင် သူတို့သည် ဘေးပတ်လည်၌ မည်သူ့ကိုမျှ မတွေ့သလို သက်ရှိ ချီဓာတ်ကိုလည်း မရှာတွေ့ပေ။
“လူခွဲရှာကြရအောင်။ ငါတို့ သူတို့ရဲ့ အရိပ်အယောင်ကို ရှာတွေ့ခဲ့ရင် အခြားသူတွေကို သတိပေးလို့ ရအောင် သံရှည်ဆွဲအော်ကြမယ်”
လူဆယ်ယောက်ပါသော အဖွဲ့သည်လည်း ချက်ချင်း လူစုခွဲသွားကြသည်။
နတ်ဘုရား ဆရာသခင်အဆင့်များအားလုံး ကျန်းရှီမြို့၏ ထောင့်များနှင့် ချောင်ကြိုချောင်ကြား မကျန်အောင် ဖြတ်သန်း ရှာဖွေနေကြသည်။
နတ်ဘုရား ဆရာသခင်အဆင့် တစ်ယောက်သည် ထောင့်တစ်ခုသို့ ဖြတ်သွားပြီးမှ ချက်ချင်း ရပ်လိုက်သည်။
“အာ၊ ဒီနေရာမှာ အသံကြားနေရပါလား”
ထိုနတ်ဘုရား ဆရာသခင်အဆင့်က မျက်မှောင်ကြုတ်၍ ချက်ချင်း သံရှည်ဆွဲ၍ အော်လိုက်သည်။
ထို့နောက် သူသည် ထိုအသံလာရာသို့ ခပ်သုတ်သုတ် လျှောက်သွားသည်။ အခြား ကိုးယောက်သည်လည်း အချက်ပြသံကို ရသည်နှင့် ထိုနေရာသို့ ချက်ချင်း ဦးတည်ပြေးလာကြသည်။
ချက်ချင်းဆိုသလိုပင် နတ်ဘုရား ဆရာသခင်အဆင့် ဆယ်ယောက်လုံးသည် ဈေးတန်းအဝင်ဝ၌ စုစည်းမိကြသည်။
ထိုအသံသည် အထဲမှ ထွက်လာခြင်း ဖြစ်သည်။
“သွားကြစို့”
နတ်ဘုရား ဆရာသခင်အဆင့် ဆယ်ယောက်လုံး တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ပြီးနောက် ဈေးတန်းထဲသို့ ပြေးဝင်လာကြသည်။
ထိုအချိန်တွင် ဈေးတန်းထဲ၌ သားသတ်သမားသည် စဉ့်တီတုံးပေါ်၌ မီးဖိုချောင်သုံးဓားဖြင့် အသားများကို ခုတ်ဖြတ်လျက် ရှိသည်။
သူ့ထံမှ မည်သည့် အသက်ဓာတ်ချီစွမ်းအင်မျှ ထွက်ပေါ်နေခြင်း မရှိချေ။
ထူးဆန်းစွာပင် သူသည် အသားများအား မီးဖိုချောင်သုံးဓားဖြင့် ခုတ်ဖြတ်နေသည်။
“သတိထားကြ၊ ဒီလူက နည်းနည်းတော့ ထူးဆန်းနေတယ်”
နတ်ဘုရား ဆရာသခင်အဆင့်တစ်ယောက်က မျက်မှောင်ကြုတ်ရင်း အခြားသူများကို သတိပေးလိုက်သည်။
ခဏကြာသော် သူ အချက်ပြလိုက်သည်။ ထိုအခါ နတ်ဘုရား ဆရာသခင်အဆင့် ဆယ်ယောက်လုံးက ထိုသားသတ်သမားအား ဝိုင်းထားလိုက်ကြသည်။
ထို့နောက်တွင်မူ အဖွဲ့၏ ရှေ့ဆုံးမှ နတ်ဘုရား ဆရာသခင်အဆင့် တစ်ယောက်က တင်းမာသော မျက်နှာထားဖြင့် မေးလိုက်သည်။
“ဟေ့ ကမ္ဘာပေါ်က လူသား မင်း ဘာတွေလုပ်နေတာလဲ”
သားသတ်သမားက ခေါင်းပင်မမော့ပေ။ သူက ဆေးလိပ်အသောက်မပြတ်ဘဲ အသားကို ဆက်၍ ခုတ်ထစ်နေရင်း ဖြေလာသည်။
“ဖက်ထုပ်လုပ်ဖို့ အဆာသွတ်နေတာ”
*ဟမ်*
သူ့စကားကြောင့် အဖွဲ့ရှေ့ဆုံးမှ နတ်ဘုရား ဆရာသခင်အဆင့် မျက်မှောင်ကြုတ်သွားသည်။ ထိုစဉ် သူ့ဘေးမှ နတ်ဘုရား ဆရာသခင်အဆင့် တစ်ယောက်က တီးတိုးပြောလာသည်။
“သူ့အသား အဆာသွတ်ကြီးက နည်းနည်း ထူးဆန်းနေသလိုပဲ”
ထိုသူ၏ သတိပေးစကားကြောင့် ရှေ့မှ နတ်ဘုရား ဆရာသခင်အဆင့်သည် သွေးသံတရဲရဲနှင့် အသားအဆာသွတ်အား သတိပြုမိသွားပြီး ထိုအသားအဆာသွတ်မှ ရင်းနှီးသော နတ်ဘုရားအဆင့် သိုင်းပညာရှင်များ၏ ချီဓာတ်များ ထုတ်လွှတ်လျက် ရှိသည်ကို သတိထားမိသွားသည်။
“ဒါ… ဒါ … နတ်ဘုရားဆရာသခင်အဆင့် တစ်ယောက်ရဲ့ သွေးတွေပေနေတဲ့ အသားပဲ”

ချက်ချင်းဆိုသလိုပင် နတ်ဘုရား ဆရာသခင်အဆင့် ဆယ်ယောက်လုံး ကျွက်ကျွက်ဆူသွားသည်။
ဒေသခံ သားသတ်သမား တစ်ယောက်က နတ်ဘုရား ဆရာသခင်အဆင့်တစ်ယောက်၏ အသားကို ဖက်ထုပ်လုပ်ဖို့အတွက် ခုတ်ထစ်နေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့မိပါ။
သို့သော် ဤသည်ကား အစသာ ရှိသေးသည်။
“မြန်မြန် … မြန်မြန် ကြည့်လိုက်ကြစမ်း။ သူ့နောက်က ဘာကြီးလဲ”
သူ့စကားကြောင့် အခြားသူများ အားလုံး လည်ဆန့်၍ ကြည့်လိုက်ကြသည်။
သို့သော် သူတို့ မြင်လိုက်ရသည့် ထိတ်လန့်ဖွယ်ကောင်းလှသည့် မြင်ကွင်းကြောင့် သူတို့သည် ရေခဲတောင်ထိပ်မှ ပစ်ချခံလိုက်ရသကဲ့သို့ ကြောက်လန့်ကာ တုန်ယင်သွားကြသည်။
သားသတ်သမား၏ ခြေထောက်အောက်၌ စွတ်စွတ်ဖြူနေသော အရိုးများစွာ ရှိနေသည်။ အရိုးတစ်ချောင်းချင်းသည် သွေးများနှင့် ပေကျံနေပြီး သွေးများ ပေနေသော အသားများက ထိုအရိုးများထံမှ ဆွဲနွှာထားသလိုပင်။
အရိုးတစ်ချောင်းချင်းစီသည် နတ်ဘုရား ဆရာသခင်အဆင့်များ၏ အရိုးများ ဖြစ်သည်။
ထို့ပြင် အိတ်များဖြင့် ထုပ်ထားသော်လည်း နတ်ဘုရား ဆရာသခင်အဆင့်များစွာ၏ အလောင်းများကို အသားများ ချိန်ရန် ငုတ်များပါသော စင်၌ ချိတ်ဆွဲထားကြသည်ကို သူတို့ အာရုံခံလိုက်မိကြသည်။
နတ်ဘုရား ဆရာသခင်အဆင့်များ အလွန် ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြသည်။
“မိုကို၊ သူ … သူ သေသွားပြီ။ သူ့အလောင်းက နှစ်ပိုင်း ပိုင်းခံထားရတယ်”
“အဲ့ဒါ အဖြူရောင်ပဲ၊ မဟုတ်ဘူး၊ သူ့ဦးခေါင်းက နှစ်ပိုင်းကွဲနေပြီ”
“အဲ့ဒါ ဟန်ဒါဆင်ပဲ”

ချက်ချင်းဆိုသလိုပင် နတ်ဘုရား ဆရာသခင်အဆင့် ဆယ်ယောက်လုံး ကြောက်စိတ်များဖြင့် ဖုံးလွှမ်းသွားကြသည်။
အသားစင်မှ အလောင်းများအားလုံးသည် ကမ္ဘာခြား မုဆိုးများ၏ အလောင်းများ ဖြစ်သည်။ သူတို့၏ ခေလန်အဖွဲ့မှ လူများပင်။
သို့သော် နတ်ဘုရား ဆရာသခင်အဆင့် ဆယ်ယောက်လုံး ကြောက်စိတ်များနှင့် ပြည့်နှက်နေစဉ် သားသတ်သမားက ရုတ်တရက် ရပ်တန့်သွားသည်။
စီးကရက်ကို ခပ်ပြင်းပြင်း ဖွာလိုက်ပြီးမှ ချိုးပစ်လိုက်သည်။ ထို့နောက် သူက ခေါင်းကိုမော့ကာ ပြုံး၍ ပြောလာသည်။
“နတ်ဘုရား ဆရာသခင်အဆင့်ရဲ့ အသားကို အဆာသွတ်ပြီး လုပ်တဲ့ ဖက်ထုပ်က စားလို့ကောင်းတယ်လို့ ပြောကြတယ်။ ကျုပ်က အသားတွေ မလောက်မှာကို စိုးရိမ်နေတာ။ လာပေးတဲ့အတွက် ကျေးဇူးပဲ”
*ဘာ*
သူ့စကားကို ကြားပြီးနောက် နတ်ဘုရား ဆရာသခင်အဆင့် ဆယ်ယောက်လုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။
သို့သော် ထိုသို့သော အချိန်၌ အေးစက်စက် အလင်းတန်းသုံးခုက ဖြတ်ပြေးသွားသည်။ ထို့နောက်တွင်မူ နတ်ဘုရား ဆရာသခင်အဆင့် သုံးယောက် ခပ်တောင့်တောင့် ဖြစ်သွားသည်။
ဂလု!
သူတို့၏ ဦးခေါင်းများသည် သူတို့၏ လည်ပင်းမှ ဖြည်းဖြည်းချင်း ပြတ်ကျလို့လာ၏။
            စာစဉ် (၂၅) ဤတွင် ပြီးပါပြီ။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now