Chapter 243

1.4K 147 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (17) Chapter (243) အကယ်၍ ငါ သူ့ကို သေစေချင်တယ်ဆိုရင် သူ အသက်မရှင်နိုင်ပါဘူး
"စိတ်ဝိညာဉ် သန္ဓေသားလောင်းက အရွယ်ရောက်နေပြီ … ည ၈နာရီမှာ လာယူပါ"
ယဲ့ဖန်၏ စကားကို ကြားပြီးနောက် ဒေါက်တာ မော်ဆန် အလွန့်အလွန် ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။
*ငါတို့တော့ သွားပြီ*
*ငါတို့တော့ လုံးဝ သွားပြီပဲ*
*ဒီကောင်က ငါ့အသံကို တုပြီးတော့ သခင်လေးကို ထောင်ဖမ်းလိုက်ပြီ*
ချက်ချင်းပင် ဒေါက်တာ မော်ဆန်က အတင်း ရုန်းကန်၍ အရူးတစ်ယောက်လို အော်ဟစ်လေတော့သည်။
"ဟွာရှ ငနာလေး … မင်း ဘယ်သူ့ကို ရန်စမိသလဲဆိုတာ မင်းသိသလား … သူက တစ်ကမ္ဘာလုံးမှာ ကြောက်ဖို့အကောင်းဆုံး တစ္ဆေ နတ်ဘုရားဖြစ်တဲ့ မဟူရာ ဧကရာဇ်ရဲ့ သားကွ … မင်း သေပြီပဲ … မင်းတို့အားလုံး သေပြီပဲ"
*မဟူရာ ဧကရာဇ်*
ဒီနာမည်ကို ယဲ့ဖန် ကြားရတာ ဒါနှင့်ဆို နှစ်ကြိမ်မြောက် ဖြစ်သည်။
"တစ္ဆေနတ်ဘုရားရဲ့သား ဟုတ်လား"
ထို့နောက် ယဲ့ဖန်က နတ်ဆိုးဆန်သော အပြုံးမျိုး ပြုံးလိုက်သည်။
"ကျုပ် စိတ်မကောင်းပါဘူး … ကျုပ်က တစ္ဆေတွေရဲ့ ချီကို စုပ်ယူပြီးတော့ တစ္ဆေတွေရဲ့ အသက်ကို နုတ်ယူမှာ … သူ့ကို တစ္ဆေနယ်မြေမှာ သွားစောင့်နေလိုက်တော့"
"သူ မကြာခင် အဲ့ကို လိုက်လာပါလိမ့်မယ်"
ထိုသို့ပြောပြီး ယဲ့ဖန်က လည်ပင်းကို ပို၍ အားထည့်ကာ ညှစ်လိုက်သဖြင့် ဂျွတ်ခနဲ အသံနှင့်အတူ ဒေါက်တာ မော်ဆန်၏ လည်ပင်း ကျိုးထွက်သွားလေတော့သည်။
ဒေါက်တာမော်ဆန်သည် စိတ်ဝိညာဉ် သန္ဓေသားလောင်း မည်သို့ ပျက်စီးသွားသည်ကို မသိသော်လည်း အလွန် ကြောက်ရွံစိတ်နှင့် မယုံသင်္ကာစိတ်တို့ဖြင့် ရုတ်ချည်း တောင့်တင်းသွားရသည်။
ဘုတ်ခနဲ အသံနှင့်အတူ ဒေါက်တာ မော်ဆန်၏ အလောင်းက ကြမ်းပြင်ပေါ်သို့ အာလူးအိတ်ကဲ့သို့ ပြုတ်ကျလာပြီး ဖန့်ကျုံးရှန့်သည်လည်း ထိတ်လန့်ကြောက်ရွံ့စိတ်ကြောင့် ကတုန်ကယင် ဖြစ်သွားရသည်။
…..
ည ၈ နာရီအချိန်၌ ကျန်းရှီ မြူနီစီပယ် ဆေးရုံ၌ မီးထိန်ထိန်လင်းနေသော ဌာနတစ်ခုက ပိန်းနေအောင် မှောင်မိုက်လို့ နေ၏။
ခြေသံတစ်ချို့နှင့်အတူ လူငယ်တစ်ယောက်သည် သူ့ဆွေမျိုးအချို့နှင့်အတူ ဆေးရုံထဲသို့ ဝင်လာသည်။
ထိုမှောင်မိုက်နေသည့် ဌာနဘက်သို့ လှမ်းလိုက်ရင်း ခေါင်းကို မော့၍ ရှေ့သို့ တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် သူက မကောင်းဆိုးဝါးဆန်ဆန် ပြုံး၍ ရေရွတ်လိုက်သည်။
"လူတွေ သေတဲ့အခါကျရင် မီးတွေကို မှိတ်ထားတယ် … မော်ဆန်က ဟွာရှရဲ့ ဓလေ့တွေနဲ့ ပိုရင်းနှီးလာပြီပဲ"
ထိုလူငယ်၏ နဖူး၌ အသားပိုတစ်ခု ရှိနေသည်။ သူ့မျက်နှာ၌ ကျောက်ပေါက်မာတွေနှင့် ပြည့်နှက်နေသည်။ သူ ပြုံးလိုက်သည့်အခါတိုင်း မနှစ်မြို့ဖွယ်ကောင်း၍ ကြောက်စရာ ကောင်းလှ၏။
ရိပ်ခနဲ လှုပ်ရှားမှုနှင့်အတူ သူ ချက်ချင်း ပျောက်ကွယ်သွားသည်။ တစ်ခဏမျှကြာသော် အသားပိုနှင့် လူငယ်တစ်ယောက်က ခြောက်လွှာမြောက်ရှိ လူနာခန်းတစ်ခန်း၏ ပြတင်းပေါက်ဘောင်စွန်း၌ ပြန်ပေါ်လာသည်။
ထို့နောက် သူသည် ပြတင်းပေါက်ဘောင်ကို ကိုင်၍ ကိုယ်ကို ကိုင်း၍ အခန်းထဲသို့ မျောက်ဝံကဲ့သို့ ပေါ့ပါးသွက်လက်စွာ ဝင်ရောက်လာသည်။
ထိုအချိန်တွင် ထိုလူနာခန်း၌ ခုတင်ပေါ်ရှိ အဝတ်ဖြူအောက်၌ ငြိမ်သက်စွာ လဲလျောင်းနေသော လူတစ်ယောက်မှ လွဲ၍ မည်သူမျှ ရှိမနေပါ။
"ဟီးဟီး … ငါ့ရဲ့ စိတ်ဝိညာဉ် သန္ဓေသားလောင်းလေး … မင်း အရွယ်ရောက်လာပြီလား"
ခုတင်ပေါ်မှ ကိုယ်လုံးကိုယ်ပေါက်ကို ကြည့်ရင်း အသားပိုနှင့် လူငယ်လေးက ရူးသွပ်နေသော မျက်လုံးများဖြင့် ရေရွတ်လိုက်သည်။
*မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်*
*ဒီစိတ်ဝိညာဉ် သန္ဓေသားလောင်းကို ငါစုပ်ယူလိုက်နိုင်တာနဲ့ ငါ့ရဲ့ ကျင့်ကြံခြင်းကလည်း သေချာပေါက် ထိုးတက်လာမှာပဲ*
*အဲ့အခါကျရင် ငါက ငါ့အဖေ မဟူရာ ဧကရာဇ်ကိုတောင် ကျော်တက်သွားနိုင်ပြီ*
လူငယ်လေး၏ အပြုံးက ပို၍ မကောင်းဆိုးဝါးဆန်လာပြီးနောက် အဝတ်ဖြူအား ချက်ချင်း ဆွဲလှန်လိုက်သည်။
သို့သော် အဝတ်ဖြူအောက်မှ လူကို မြင်လိုက်ရပြီးနောက် သူ တစ်ခဏမျှ တွေဝေသွားရသည်။
အဝတ်ဖြူအောက်၌ ရှိနေသူက ဖန့်ယင်းပင်။ သို့သော် ဖန့်ယင်းက ဆံပင်ဖြူမနေသလို အိုမင်းရွတ်တွခြင်းလည်း မရှိပါ၊ သူမ၏ အလှတရားက …. ပြိုင်ဘက်ကင်းနေ၏။
"မ…မဖြစ်နိုင်ဘူး…မင်း…"
ထိုလူငယ်လေး ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်နေရသည်။ သူ၏ စိတ်ဝိညာဉ် သန္ဓေသားလောင်း ကူးစက်ခြင်း ခံရသူများ၌ သူမသည် ပထမဆုံး အသက်ရှင်ကျန်ရစ်သူ ဖြစ်သည်။
*ဒါ မဖြစ်နိုင်ဘူး*
"မင်း စိတ်ပျက်သွားလား"
ထိုစဉ် ခက်ထန်သော အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအခါမှသာ အခန်းထဲမှ အနက်ရောင် ဝတ်စုံနှင့် နောက်ထပ် လူငယ်တစ်ယောက်ကို ထိုလူငယ် သတိထားမိသွားသည်။
"မင်း ဘယ်သူလဲ … မော်ဆန် ဘယ်မှာလဲ"
အသားပိုနှင့် လူငယ်က ချက်ချင်း ခက်ထန် ကြမ်းကြုတ်သော အကြည့်များဖြင့် ကြည့်လိုက်သည်။
သူက ယဲ့ဖန်အား စူးစူးဝါးဝါး စိုက်ကြည့်နေပြီး အရာအားလုံးက ယဲ့ဖန်ကြောင့် ဖြစ်သွားခဲ့သည်ကို သူ သတိပြုလိုက်မိသည်။
"မော်ဆန်လား"
ယဲ့ဖန်က ပခုံးကို အသာတွန့်၍ နှုတ်ခမ်းတွန့်ရုံ ပြုံး၍ ပြောလိုက်သည်။
"သူက မင်းကို တစ္ဆေ နယ်မြေမှာ စောင့်နေပါတယ် … သူက မင်းနဲ့ ပြန်တွေ့ဖို့ စောင့်နေတာလေ"
"ဘာ"
ယဲ့ဖန်၏ စကားကြောင့် ထိုလူငယ်၏ မျက်နှာ၌ ကြောက်ရွံ့စိတ်များ ပြည့်နှက်သွားသည်။
*ငါ ထောင်ချောက်ဆင်ခံရတာပဲ*
သူ ချက်ချင်း လက်ဖဝါးကို ဆန့်ထုတ်၍ ဖန့်ယင်းအား သူ၏ ချွန်ထက်နေသော လက်သည်းများနှင့် ထိုးစိုက်ရန် ကြံစည်လိုက်သည်။
ထိုအချိန်တွင် သူ၏ ချွန်ထက်နေသော လက်သည်းများ၌ မိစ္ဆာ အနက်ရောင် ချီဓာတ်များ ရစ်ဝဲနေသည်။
"သေပေတော့"
"ဖန့်ယင်းကို သတ်ပြီး သူမ အလောင်းကို အဝေးသို့ ယူဆောင်သွားခြင်းက အကောင်းဆုံး ဖြစ်သည်ဟု သူ တွေးလိုက်မိသည်။
ချက်ချင်းဆိုသလိုပင် သူ၏ ချွန်ထက်နေသော လက်သည်းများက ဖန့်ယင်း၏ လည်ပင်းနားသို့ နီးကပ်လာသည်။
ထူးဆန်းသည်က ဖန့်ယင်းသည် ကြောက်ရွံ့ခြင်း အလျင်းမရှိလဲ သူ့အား ရေခဲတမျှ အေးစက်စွာ ပြန်ကြည့်နေခြင်းပင်။
"မဟုတ်သေးဘူး"
ရုတ်တရက် ထိုလူငယ် ထိတ်လန့်သွားကာ ချက်ချင်း လက်ရုတ်၍ နောက်သို့ မြန်မြန် ဆုတ်လိုက်သည်။
ဝုန်း!
ထိုစဉ် ခုတင်မှနေ၍ များစွာသော မှော်စာလုံးများက လင်းလက်လာသည်။ တစ်ချိန်တည်းမှာပင် ထိုမှော်စာလုံးများက အဖျက်စွမ်းအင်များကို ထုတ်လွှတ်လိုက်သဖြင့် ထိုစွမ်းအင်များက အသားပိုနှင့် လူငယ်အား ပြင်းထန်စွာ ရိုက်ခတ်သွားသည်။
မှော်စာလုံး တစ်လုံးစီတိုင်းက မီးပူပေးထားသော သံပြားကဲ့သို့ ရဲရဲနီနေပြီး လူငယ်နှင့် ထိမိသွားသည်နှင့် ရှဲခနဲ မြည်သံထွက်လာသည်။
ထိုလူငယ်၏ အနက်ရောင် ချီဓာတ်များ ချက်ချင်း ပြိုကွဲသွားရသည်။
ဒုန်း!
ထိုလူငယ်သည် နောက်သို့ လွင့်ထွက်သွားပြီး သူ့ခန္ဓာကိုယ်မှ သွေးမိုးများ ရွာချသကဲ့သို့ သွေးများ ပန်းထွက်လာပြီးမှ အောက်သို့ ပြန်ပြုတ်ကျလာသည်။
သူ၏ လက်သည်းချွန်များ လုံးဝ ပျက်စီးသွားပြီး သူ့လက်ဖဝါးနှစ်ဘက်လုံး ဆိုးရွားစွာ ပုံပျက်အောင် ဖျက်ဆီးခံလိုက်ရသည်။
သူသာ အချိန်မီ ပြန်မဆုတ်မိပါကာ သူ့လက်နှစ်ဘက်လုံး သုံးစားမရ ဖြစ်သွားလောက်သည်။
"ခွေးမသား … မင်းကများ ငါ့ရဲ့ ဆန်းလော် တစ္ဆေချီဓာတ်ကို ဖျက်ဆီးရဲတယ်ပေါ့လေ … ဒါ… မဖြစ်နိုင်ဘူးကွ"
ဤသည်မှာ အသားပိုနှင့် လူငယ်လေး လူ့အသိုင်းအဝိုင်းထဲ ဝင်ရောက်လာပြီးကတည်းက ပထမဆုံးအချိန် အခက်အခဲ ကြုံတွေ့ရခြင်း ဖြစ်သည်။
"ဟေ့ကောင် … မင်းနဲ့ငါနဲ့ ဒီလောက်နဲ့ ပြီးသွားမယ် မထင်နဲ့ … မင်း ငါ့ကို ရန်စခဲ့မှတော့ ငါ တစ်နေ့ မင်းတစ်မိသားစုလုံးကို သတ်ပစ်မယ်ကွ"
အသားပိုနှင့် လူငယ်က ယဲ့ဖန်အား ရက်စက်သော အကြည့်များဖြင့် ကြည့်နေပြီး လှစ်ခနဲ ပျောက်ကွယ်သွားသည်။
ဝှစ်!
သူသည် အနက်ရောင် ချီမျှင်စုများအဖြစ် ပြောင်းလဲသွားပြီး အခန်းထဲမှ ပျောက်ကွယ်သွားသည်။
တစ္ဆေကိုယ်ရောင်ဖျောက်သိုင်း…
"ယဲ့ဖန် … သူ…"
ဤမြင်ကွင်းကြောင့် ဖန့်ယင်း မှင်တက်သွားပြီးနောက် မျက်နှာတစ်ခုလုံး ဖွေးဆွတ်သွားသည်။
သို့သော် ယဲ့ဖန်က ဂရုစိုက်ပုံ မရသည့်အပြင် သူ့အမူအရာက ပို၍ ပြောင်စပ်စပ် ဖြစ်လာသည်။
"စိတ်မပူပါနဲ့ … သူက ဒီအတိုင်း နိမ့်ကျတဲ့ တစ္ဆေလူသားပါ … အကယ်၍ ငါသာ သူ့ကို သေစေချင်တယ်ဆိုရင် သူ အသက်မရှင်နိုင်ပါဘူး"
….
တစ်ချိန်တည်းမှာပင်…
အနက်ရောင်ချီမျှင်စုများက ဆေးရုံ၏ ထောင့်တစ်ထောင့်၌ ပြန်ပေါ်လာပြီး လူငယ်တစ်ယောက် တုန်တုန်ယင်ယင်နှင့် ထွက်လာသည်။
ထိုသူသည် အသားပိုနှင့် လူငယ်ပင် ဖြစ်သည်။ ဆေးရုံအဆောင်၏ လှေကားများကို တစ်ချက်ကြည့်ပြီး သူ့မျက်လုံးက ကြမ်းကြုတ်လာသည်။
"ခွေးမသားလေး … ကြည့်ကြသေးတာပေါ့ … မဟူရာ ဧကရာဇ်ရဲ့ သားဖြစ်တဲ့ ငါက မင်းအသက်ကို ပြန်လာနုတ်ယူဦးမှာပါ"
သူ၏ တစ္ဆေကိုယ်ရောင်ဖျောက်သိုင်းက အကွာအဝေး အကန့်အသတ်ရှိသည်။ အခန်းထဲမှ ထွက်ပြေးလာပြီးနောက် သူ ခြေလျင်သာ ပြေးနိုင်တော့သည်။
ဆေးရုံပေါက်ဝသို့ သူ အသည်းအသန် ပြေးလာသည်။ ထိုစဉ် လူ့အလွှာပေါင်းစုံမှ လူနာများ၏ လူနာရှင်များက ဆေးရုံပေါက်ဝသို့ ရောက်လာကြသည်။
အသားပိုနှင့် လူငယ်က ထိုလူအုပ်ထဲသို့ ဖြတ်လျှောက်လာစဉ် လူလတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက်၏ လက်ဖဝါးက ရုတ်တရက် မှော်စာလုံးများနှင့်အတူ လင်းလက်လာသည်။
ထို့နောက် သူက တစ္ဆေလူငယ်လေး၏ နောက်ကျောကို အားနှင့် ရိုက်ချလိုက်သည်။
ဖြောင်း!
သတိမမူမိသည့်အတွက် အသားပိုနှင့် လူငယ်သည် ရှေ့သို့ လွင့်ထွက်သွားပြီးမှ ပြန်ပြုတ်ကျလာသည်။
ထွီ!
ပါးစပ်အပြည့် သွေးတစ်လုပ် အန်လိုက်မိသည်။ သူ နောက်သို့ အလွန် ထိတ်လန့်၍ ဒေါသထွက်နေသော မျက်လုံးများဖြင့် လှည့်ကြည့်လိုက်မိသည်။
"ခွေးမသား"
သူ၏ ထိတ်လန့်နေသော မျက်စိရှေ့မှာတင် ဆေးရုံပေါက်ဝသို့ ရောက်လာသော လူနာရှင်များ အားလုံးက သန်မာ၍ ကြမ်းကြုတ်သော ချီဓာတ်များကို ထုတ်လွှတ်လာသည်။
ပို၍ ကြောက်မက်ဖွယ် ကောင်းသည်က သူတို့အားလုံး၏ လက်ဖဝါး၌ ထူးဆန်းသော မှော်စာလုံးများ ရှိနေခြင်းပင်။
ထိုထူးဆန်းသော မှော်စာလုံးအားလုံးက အလွန်လေးနက်၍ ထူးဆန်းလှပေသည်။
ဤမြင်ကွင်းကြောင့် မိစ္ဆာဆန်သော လူငယ်လေးသည် သူ၏ တစ္ဆေချီဓာတ်က သဘာဝရန်သူအား တွေ့လိုက်ရသကဲ့သို့ တုန်ယင်၍ ဘယ်သွားလို့သွားရမှန်း မသိဖြစ်ကာ လမ်းပျောက်နေသည်ဟု ခံစားလိုက်မိသည်။
"သေစမ်းကွာ"
ထိုလူငယ်လေးသည် ကြက်သီး တဖြန်းဖြန်းထကာ သူ့မျက်နှာပေါ်၌ အလွန် ထိတ်လန့်၍ ကြောက်ရွံ့နေဟန်များဖြင့် ပြည့်နှက်နေသည်။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now