Chapter 252

1.3K 147 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (17) Chapter (252) စိတ်ဝိညာဉ် ပညာရှင်

"စလိုက်ကြရအောင်"
ယဲ့ဖန်၏ စကားကိုကြားပြီး ကျုံးဝမ် လုံးဝကို နားဝေတိမ်တောင် ဖြစ်သွားရသည်။
*ဒီလူက စန္ဒရား ဂီတသင်္ကေတတွေကိုတောင် မဖတ်နိုင်တာ … သူက ငါ့သီချင်းကို တစ်ခါပဲ နားထောင်ရသေးတာလေ … သူ ငါ့ကို နောက်နေတာများလား*
*သုံးလတာ သီချင်းရဲ့ ဖျော်ဖြေမှုက တကယ့်ကို အခက်ခဲဆုံး တီးခတ် ဖျော်ဖြေမှုပဲကို*
*ဒါ … မဖြစ်နိုင်လောက်ဘူး*
ကျုံးဝမ်သာမက စင်အောက်မှ ပရိသတ်များအားလုံး မယုံသင်္ကာ ဖြစ်သွားကြသည်။
အထူးသဖြင့် ယဲ့လန်နှင့် အခြား ယဲ့ကလန်မှ မျိုးဆက် လူငယ်များက အံ့အားသင့်စွာ ပြောနေကြသည်။
"ဟားဟား … သူက ကြီးကျယ်ချင်ယောင်ဆောင်နေတာပါကွာ … သူက စန္ဒရား ဂီတသင်္ကေတတွေကိုတောင် မဖတ်နိုင်တာ … သူ့ကိုယ်သူ စန္ဒရား ပညာရှင် လို့တောင် ထင်နေသေးတယ် … သောက်ရူးပါကွာ"
"သူက ကြီးကျယ်ချင်ယောင်ဆောင်ပြီး စောက်ပြစ်တင်ခံရမယ့် လူစားမျိုးပါကွာ"
"သောက်ကြောင်ပါကွာ … သူ ပိုးဆိုးပက်စက် ပြုတ်ကျသွားတာကို ကြည့်ရသေးတာပေါ့"
….
အားကစားရုံတစ်ခုလုံး အထင်သေး လှောင်ရယ်သံများနှင့် ပြည့်နှက်နေသည်။
ထောင်သောင်းနှင့်ချီသော ပရိသတ်များက ခေါင်းတခါခါနှင့် ယဲ့ဖန် သူ့ကိုယ်သူ အရူးလုပ်နေသည်ကိုသာ စောင့်ကြည့်နေလိုက်ကြသည်။
ယဲ့ဖန်က ဒီသုံးလတာ သီချင်းအား သေချာ တီးခတ်နိုင်လိမ့်မည်ဟု မည်သူမျှ လုံးဝ ထင်မှတ်မထားခဲ့မိပါ။
စင်နောက်၌ စန္ဒရားပညာရှင်က ထိန်းမနိုင် သိမ်းမရစွာ အော်ရယ်နေလေသည်။
"ဟားဟား …. ရယ်ရလွန်းလို့ အူတောင်နာတယ်ကွာ … စန္ဒရား ဂီတသင်္ကေတကို‌တောင် မဖတ်နိုင်တဲ့ကောင်က သုံးလတာ သီချင်းကို တစ်ခေါက်နားထောင်ရုံနဲ့ တီးချင်နေတယ်တဲ့ … ရူးလိုက်တာကွာ"
ထိုစန္ဒရား ပညာရှင်အတွက် ဒီသုံးလတာ သီချင်းကို အထာကျအောင် လေ့လာရန်အတွက် လအနည်းငယ် ချီ၍ ကြာခဲ့သည်။
သို့သော် ယဲ့ဖန်သည် တစ်ခါနားထောင်ပြီးရုံနှင့် တီးခတ်ချင်နေသည်။ သူက သေချာပေါက် အရူးသာ ဖြစ်ပေမည်။
ထို့နောက် စန္ဒယား ပညာရှင်က အထင်သေးဟန်ဖြင့် ပြောလိုက်သည်။
"ဟမ့် … ဒါက တော်တော်လေးကို ပျော်ဖို့ကောင်းမှာပဲ"
….
ထိုအချိန်တွင် အားကစားရုံထဲမှ လူတော်တော်များများက ယဲ့ဖန်အပေါ်၌ မျှော်လင့်ချက် ထားမနေကြတော့ပါ။
ကျုံးဝမ်တောင်မှ အင်တင်တင်ဖြင့် ခေါင်းညိတ်၍ ပြောလိုက်သည်။
"ကောင်းပြီလေ … ဒါဆိုလည်း … စလိုက်ကြတာပေါ့"
ကျုံးဝမ်၏ စကားအဆုံး၌ ယဲ့ဖန်က စန္ဒရား ခလုတ်ကို သူ့လက်ချောင်းဖြင့် တီးလိုက်သည်။
တင်း
ထိုပထမအသံနှင့်အတူ သုံးလတာ၏ တွဲဖက် ဖျော်ဖြေမှုက တကယ် စတင်လာတော့သည်။
အစပိုင်းတွင် ထောင်သောင်းနှင့်ချီ၍ အထင်သေးနေသော မျက်နှာများနှင့် သူတို့က ယဲ့ဖန်ကို လှောင်ပြောင်ရန် အဆင်သင့် ဖြစ်နေကြသည်။
သို့သော် ပထမဆုံး တီးလုံးကို ကြားလိုက်ရသည်နှင့် သူတို့၏ စိတ်ဝိညာဉ်များ စတင်၍ တုန်ခါလာသည်။
သူတို့၏ အထင်သေးသော အမူအရာများက လုံးဝကို အေးခဲသွားရသည်။ သို့သော် ဤသည်ကား အစသာ ရှိသေးသည်။
တင်း၊တင်း၊တင်း၊တောင်။
ဒါဒါဒီ … ဒါဒါဒီ။
အားကစားရုံ တစ်ခုလုံး တီးလုံးသံများ စတင်၍ ပျံ့နှံ့လာပြီးနောက် ပွဲကြည့်နေသူများအားလုံး တိတ်ကာ ငြိမ်သက်သွားသည်။
ဘာရယ်ကြောင့်မှန်းမသိသော်လည်း ဤတီးလုံးအား သူတို့ နားထောင်နေစဉ် သူတို့၏ ခန္ဓာကိုယ်များ တုန်ယင်လာကြသည်။
ပွဲကြည့်နေသည့် သူတစ်ယောက်ချင်းစီတိုင်း သူတို့၏ ကိုယ်တွင်းမှ ဆဲလ်တစ်ခုချင်းဆီက တီးလုံးနှင့် စီးချက်ညီညီ ကခုန်နေသည်ဟု သူတို့ ခံစားမိသည်။
ရွှင်မြူးစရာကောင်းသော တီးလုံးက ပွဲကြည့်ပရိသတ်များ၏ နားထဲသို့ ဝင်ရောက်လာပြီးနောက် သူတို့ အလွန် ပျော်ရွှင်လာကြသည်။
သူတို့အားလုံး စိတ်လှုပ်ရှားမှုကြောင့် ကတုန်ကယင် ဖြစ်လာပြီး ကြက်သီး တဖြန်းဖြန်းထလာရပြီး သူတို့၏ ခြောက်ကပ်နေသော စိတ်ဝိညာဉ်များက တီးလုံးနှင့် ပေါင်းစည်းသွားသလို ခံစားရသည်။
ထိတ်လန့်ခြင်း။
အားကစားရုံတစ်ခုလုံး စွဲမက် ရွှင်မြူးဖွယ်ကောင်းသော တီးလုံးမှအပ ကျန်အသံများအားလုံး တိတ်လို့နေသည်။ ထိုစဉ် ပွဲကြည့်သူများ၏ အထင်သေးသော မျက်နှာထားများက လုံးဝ ပျောက်ကွယ်သွားကာ အားလုံး၏ မျက်နှာပေါ်၌ အလွန် ထိတ်လန့်နေဟန်များ အထင်းသား ပေါ်လွင်နေပြီး ဤမျှ မယုံကြည်နိုင်သော တီးလုံးအား ယခုမှ ကြုံတွေ့နေရသလို ခံစားနေရသည်။
ပရိသတ်များသာမက စင်နောက်မှ စန္ဒရားပညာရှင်ပါ တုန်လှုပ်နေသည်။
"သူက လူသားတွေရဲ့ အတွေးတွေကို ခလုတ်လို့ သဘောထားပြီး လူသားတွေရဲ့ စိတ်ဝိညာဉ်ကို ကြိုးအဖြစ် မှတ်ယူနေတာပဲ … ဒီလူက စိတ်ဝိညာဉ် ပညာရှင်ပဲ … လုံးဝ မဖြစ်နိုင်ဘူး"
ထိုစန္ဒရားပညာရှင်က လုံးဝ မှင်တက်သွားရသည်။ စန္ဒရား တီးခတ်ဖျော်ဖြေမှု အသိုင်းအဝိုင်း၌ စီနီယာ စန္ဒရား ပညာရှင်များက လူတို့အား နားပသာဒ ဖြစ်အောင် ဖျော်ဖြေနိုင်သည်။
ပို၍ တော်သော စန္ဒရားပညာရှင်များက လူတို့၏ စိတ်ခံစားချက်များကို ဂီတတီးလုံးများအဖြစ် ပြုပြင်နိုင်ပြီး နားသောတဆင်သူများအား ဂီတသံဖြင့် ဝမ်းနည်းစေသလို၊ ပျော်ရွှင်အောင် လုပ်ပေးနိုင်သည်။
သို့သော် စန္ဒရား ဖျော်ဖြေတီးခတ်မှု အသိုင်းအဝိုင်း၌ စကားတစ်ခွန်း ရှိသည်။
အကယ်၍ တစ်စုံတစ်ယောက်က စန္ဒရား တီးခတ်မှု၌ အထွတ်အထိပ်အဆင့်သို့ ရောက်လာပါက သူက လူတစ်ယောက်အား ကြိုးကိုင် ခြယ်လှယ်နိုင်သည်။
သူသည် နားသောတဆင်သူများအား ရယ်မောစေနိုင်သလို၊ ငိုစေနိုင်သည်၊ နားသောတဆင်သူများ၏ စိတ်ဝိညာဉ်နှင့် ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများကိုတောင်မှ ထိန်းချုပ်နိုင်သည်။
ယခင်တုန်းက သူသည် ထိုစကားအား ယုံတမ်းပုံပြင်တစ်ပုဒ်ဟုသာ သူ ထင်ခဲ့မိသည်။
သို့သော် ယခုအခါတွင်တော့ …
"အံ့ဩစရာပဲ … စိတ်ဝိညာဉ် ပညာရှင်ပဲ … ဘယ် … ဘယ်လိုလုပ် သူက စိတ်ဝိညာဉ် ပညာရှင် ဖြစ်နေတာပဲ"
စန္ဒရား ပညာရှင်က ထိတ်လန့်တကြား ရေရွတ်နေမိသည်။ သို့သော် သူ့မျက်စိရှေ့က အဖြစ်ကိုတော့ သူ လက်ခံမှကို ဖြစ်ပေမည်။
ပွဲကြည့်ပရိသတ်များသည်လည်း တီးလုံးကမ္ဘာထဲ၌ မျောပါနေသည်ကို သူ တွေ့လိုက်ရသည်။ လူတိုင်းက မျက်လုံးကိုယ်စီ မှိတ်ကာ သူတို့၏ စိတ်ခံစားချက်များက တီးလုံးသံနှင့်အတူ တက်လိုက်၊ကျလိုက် ဖြစ်နေသည်။
သူတို့၏ စိတ်ဝိညာဉ်များက ယဲ့ဖန်၏ ထိန်းချုပ်မှုအောက်၌ ရောက်နေသည့်ပုံပင်။
"မြတ်စွာဘုရား … ဒီကမ္ဘာပေါ်မှာ တကယ်ပဲ စိတ်ဝိညာဉ် ပညာရှင်တစ်ယောက် ရှိနေတာပါလား။ ပြီးတော့ သူက သိပ်ငယ်နေသေးတယ်  … အံ့ဩစရာပါလား"
စန္ဒရားပညာရှင် အလွန် ထိတ်လန့်နေသည်။ သို့သော် သိပ်မကြာခင်မှာပင် သူ ထပ်မံ၍ တုန်လှုပ်သွားရသည်။ ထို့‌နောက် သူသည် သီချင်းသံ၌ လုံးဝ ဖမ်းစားခံလိုက်ရသည်။
သူ့မျက်လုံးများတောင် မှိတ်လိုက်မိပြီး သူ၏ စိတ်ခံစားချက်တွေကလည်း တီးလုံးနှင့်အတူ တက်လိုက်၊ကျလိုက်ဖြစ်နေပြီး သူ၏ စိတ်ဝိညာဉ်ကလည်း တုန်ယင်နေသည်။
ထိုအချိန်တွင် ကျုံးဝမ်သည် စိတ်တည်ငြိမ်လို့နေသည်။ သူမ၏ မျက်လုံးလေးများကလည်း အလွန် ထိတ်လန့်နေဟန် ပေါ်သည်။
ဆေးပြင်းလိပ်ကို ပါးစပ်ထဲ ခဲ၍ ကိုက်ထားသော ယဲ့ဖန်ကို ကြည့်ပြီး သူမ အလွန် အံ့ဩဖွယ်ကောင်းသော တစ်စုံတစ်ခုကို တွေ့မြင်လိုက်ရသလို တမေ့တမော ဖြစ်နေသည်။
ဖျောက်!
ကျုံးဝမ် တွေဝေနေစဉ် ရုတ်တရက် ယဲ့ဖန် သူမကို လက်ဖျောက်တီး၍ ခေါ်လိုက်သည်ကို တွေ့လိုက်ရသည်။
ကျုံးဝမ် ဆတ်ခနဲ တုန်ယင်သွားရသည်။
ထိုအခါမှသာ သူမ ယဲ့ဖန်၏ တီးခတ်မှုထဲ မျောပါသွားသည်ကို သူမ သတိထားလိုက်မိသည်။ ထို့ကြောင့် သူမ သီချင်းသီဆိုရန် မေ့သွားခဲ့သည်။
ကျုံးဝမ်က ချက်ချင်း စိတ်ကို ပြန်ပြုပြင်လိုက်မိပြီး တီးလုံးနှင့်အတူ ဆက်၍ သီဆိုရန် ပြင်လိုက်သည်။
ထိုအချိန်တွင် စန္ဒရား တီးလုံးသံနှင့်အတူ အေးမြသော စာသားများက အားကစားရုံတစ်ဝိုက် ပျံ့နှံ့လာသည်။ ထောင်သောင်းနှင့်ချီသော ပရိသတ်မာျား၏ စိတ်ထဲ၌ ကြည်နူးဖွယ် မြင်ကွင်းများနှင့် ပြည့်နှက်နေပြီး ကောင်လေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက် တစ်ယောက်ကိုတစ်ယောက် မှီခိုနေကြသည်ကို မြင်နေရသလိုပင်။
သူတို့ အတူ ငိုခဲ့ကြသည်။ သူတို့ အတူ ရယ်မောခဲ့ကြသည်။ တစ်ကမ္ဘာလုံးတွင် သူတို့နှစ်ယောက်တည်းသာ ရှိသကဲ့သို့ ကောင်လေးက ကောင်မလေးကို ဂရုစိုက်ခဲ့ပြီး ကောင်မလေးကလည်း ကောင်လေးအပေါ် မှီခိုခဲ့သည်။
ပျော်ရွှင်စရာ နေ့ရက်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့ပြီး တစ်ကမ္ဘာလုံးက ကောင်လေး၏ အလေးထားသော စကားလုံးများနှင့် ကောင်မလေး၏ ရယ်မောသံများနှင့် ပြည့်နှက်နေခဲ့သည်။
ကောင်လေး၏ အပြုအမူများက ကောင်မလေး၏ နှလုံးသားထဲ၌ စွဲထင်ကျန်ရစ်နေသည်။ သူမ၏ စိတ်ခံစားချက်များကလည်း သူနှင့်အတူ တက်လိုက်၊ ကျလိုက် ဖြစ်နေခဲ့သည်။
တစ်နေ့တွင် ကောင်မလေးက အဝေးသို့ ခေါ်သွားခြင်း ခံခဲ့ရသည်။ ထိုအချိန်မှစ၍ သူမ၏ နုနယ်သော ကမ္ဘာကြီးက မျက်ရည်များနှင့် ပြည့်နှက်လာသည်။
သူမ အလျင်အမြန် အရွယ်ရောက်ပြီး သူ့ဘေး၌ ပြန်ရှိချင်လှသည်။ ထို့ကြောင့် သူမ အားသွန်ခွန်စိုက် ကြိုးစား၍ ပညာရပ်တိုင်း၌ ပထမရရန် သင်ယူခဲ့သည်။ သူမ လူမှုဆက်ဆံရေး၌ အမှတ်ပြည့်ရခဲ့သည်။ သူမ ဂီတ၌ အလွန် ထူးချွန်လှသည်။
သူမ တဖြည်းဖြည်းနှင့် အနုပညာလောကထဲသို့ ဝင်ရောက်ခဲ့ပြီး အာရှ၏ အနုပညာ ဘုရင်မအဖြစ် သတ်မှတ်ခံခဲ့ရသည်။
သူမ သူ့ကို တစ်မြို့ပြီးတစ်မြို့ လိုက်ရှာခဲ့သည်။ သူမ တောင်ကိုကျော်၍ မြစ်ကို ဖြတ်ခဲ့သည်။
သူမ သူ့ကိုသာ ရှာချင်ပြီး ထိုတိုတောင်းလှသော သုံးလတာ အချိန်လေးကို ပြန်သွားချင်ခဲ့သည်။ သုံးလတာ သီချင်းက ပြီးဆုံးခံ နီးလာလေသည်။
ဖျော်ဖြေမှုက ပြီးခါနီးလာလေ အားကစားရုံတစ်ခုလုံးက တိတ်ဆိတ်လို့နေလေ ဖြစ်သည်။ ထောင်သောင်းနှင့် ချီသော ပရိသတ်များက မျက်လုံးများကို မှိတ်ထားလျက် ဖြစ်ပြီး သူတို့၏ နှလုံးသားများက လေးလံလာသည်။
ထိုကောင်လေးနှင့် ကောင်မလေးတို့က သူတို့ ဖြစ်လေဟန်နှင့် လူတိုင်း၏ မျက်နှာတွင် မျက်ရည်များနှင့် ပြည့်နှက်နေသည်။
အချိန် အတော်ကြာ …. ကြာပြီးနောက် လက်ခုပ်သံတစ်ချက် ထွက်ပေါ်လာသည်။ ပရိသတ်များအားလုံး မျက်လုံး ဖြည်းဖြည်းချင်း ပြန်ဖွင့်လိုက်ပြီး ချက်ချင်း မတ်တပ်ရပ်လိုက်ကြသည်။
သူတို့ မိုးကြိုးသံကဲ့သို့သော လက်ခုပ်သံများနှင့် ချီးကျူးထောပနာ ပြုကြသည်။
…..
အားကစားရုံတစ်ခုလုံး ကမ္ဘာတုန်လှုပ်မတတ် လက်ခုပ်ဩဘာသံများနှင့် ပြည့်နှက်လို့သွား၏။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now