Chapter 387

1K 111 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (26) CHAPTER (387) အရှင်မင်းမြတ်ကို အရိုအသေပေးပါတယ်
“အား…အား…အား…”
ငယ်သံပါအောင် အော်နေသော အော်သံများနှင့်အတူ နတ်ဆိုး လက်ချောင်းနှစ်ချောင်းက ဂရေးကလန်မှ ဘိုးဘေး၏ ကိုယ်ပွားအား ပုရွက်ဆိတ်တစ်ကောင်ကို သတ်သလို သတ်လိုက်သည်ကို လူတိုင်း မြင်တွေ့လိုက်ရသည်။
ဝှစ်!
ထို့ပြင် သွေးစက်များက ဂရေဆန်နှင့် အခြားကမ္ဘာခြားမုဆိုးများ၏ မျက်နှာနှင့် ခန္ဓာကိုယ်များထံသို့ စဉ်လာသဖြင့် သူတို့အားလုံး ကြောက်လန့်ကာ တုန်ယင်လာသည်။
*သူ သေသွားပြီ*
*ဂရေးကလန်က ဘိုးဘေးရဲ့ ကိုယ်ပွားက လက်ချောင်းနှစ်ချောင်းတည်းနဲ့ အသတ်ခံလိုက်ရတယ်*
ဂရေဆန်နှင့် အခြားမုဆိုးများ ရုတ်တရက် ထိတ်လန့်လာကာ တုန်လှုပ်လာကြ၏။
ဂရေဆန် အလွန် သွေးပျက်လို့နေသည်။
သူ ကြောက်လန့်နေသည်။ သူ အလွန် နောင်တရလို့နေ၏။
ထိုကဲ့သို့ ‘ရှေးလူမျိုး ပုရွက်ဆိတ်လိုကောင်’က စကြဝဠာထဲရှိ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ဖြစ်သော နတ်ဆိုးဧကရာဇ် ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိချေ။
ဝုန်းခနဲ အသံနှင့်အတူ ဂရေဆန်သည် သူ့ခြေထောက်များ ပျော့ခွေလာသလို ခံစားမိသဖြင့် သူ ယဲ့ဖန်ရှေ့ ဒူးထောက်ကျသွားသည်။
ထို့နောက် သူသည် ယဲ့ဖန်ရှေ့ ဝပ်တွားကာ ကြောက်စိတ်ကြောင့် မျက်ရည်များ စို့တက်လာသည်။
ထို့အပြင် သူသည် ဝမ်းပမ်းတနည်း အော်ပြောလာသည်။
“အ … နတ်ဆိုး ဧကရာဇ် အရှင်မင်းမြတ်ခင်ဗျား။ ကျွန်တော် တကယ့်ကို မျက်စိကန်းနေခဲ့ပါတယ်။ ခင်ဗျား ကမ္ဘာဂြိုဟ်ပေါ်မှာ ရှိနေလိမ့်မယ်လို့ ကျွန်တော် မသိခဲ့ပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။ ဒီဘာမဟုတ်တဲ့ လူက ကျန်ဘဝသက်တမ်း တစ်လျှောက်လုံး အရှင့်အပေါ် သစ္စာရှိရှိနဲ့ အမှုထမ်းချင်ပါတယ်”
ဂရေဆန်သည် ယဲ့ဖန်ထံမှ ခွင့်လွှတ်မှုတောင်းခံရင်း သူ၏ ခြေထောက်များသည် ကြောက်စိတ်ကြောင့် တုန်ယင်လို့နေ၏။ သူ့ဘောင်းဘီခွကြားမှ ကျင်ငယ်ရည်များတောင် စီးကျနေသည်။
ဂရေးကလန်၏ ကလန်ခေါင်းဆောင်က ကြောက်လန့်ပြီး ဘောင်းဘီထဲ အပေါ့စွန့်မိသည်တဲ့လား။
ယခုအချိန်၌ ဂရေဆန်သည် အလွန်တရာမှကို နောင်တရလို့နေသည်။
*နတ်ဘုရားတွေ၊ အင်မော်တယ်တွေ၊ မကောင်းဆိုးဝါးတွေနဲ့ တစ္ဆေတွေအားလုံး နတ်ဆိုးဧကရာဇ်ကို သေမတတ် ကြောက်ကြတာ*
*ဒါပေမယ့် ငါက သူ့ကို ပုရွက်ဆိတ်လို့ ခေါ်လိုက်မိတယ်။ ငါက သူ့ကို သတ်တောင်သတ်ချင်ခဲ့မိတယ်။ ငါ အသိစိတ်တွေ လွတ်နေတာပဲ ဖြစ်မယ်*
ယခုအချိန်၌ ယဲ့ဖန်၏ အပြုအမူများက အလွန် လျှို့ဝှက်ဆန်းကြယ်နေသည်ကို ဂရေဆန် နားလည်သွားတော့သည်။
*နိမ့်ကျတဲ့ လူသားတစ်ယောက်က သက်ရှိတွေရဲ့ ပါးကွက်သားဖြစ်တဲ့ ဝိညာဉ်စား ပုရွက်ဆိတ်တွေကို ဘယ်လို ကျွန်ပြုနိုင်သလဲဆိုတာကို ငါ သိချင်နေခဲ့မိတာ*
*လတ်စသတ်တော့ သူက … *
*နတ်ဆိုးဧကရာဇ် ဖြစ်နေလို့ကိုး*
အစိမ်းရောင် အသားအရေရှိ အမျိုးသမီးနှင့် အခြားကမ္ဘာခြားမုဆိုးများ လိပ်ပြာလွင့်မတတ် ဖြစ်နေသည်မှာ ကြာလှလေပြီ။
ထို့နောက်တွင်မူ ကမ္ဘာခြားမုဆိုးတိုင်းက ယဲ့ဖန်ရှေ့ မြေကြီးပေါ်၌ ပြားနေအောင် ဝပ်တွားနေတော့သည်။
သူတို့အားလုံး ကြောက်လန့်ကာ ပွက်ပွက်ဆူနေသော ထမင်းအိုးထဲမှ ဆန်စေ့များကဲ့သို့ တုန်ယင်နေကြသည်။
ထို့အပြင် သူတို့နဖူး၌ ချွေးများစို့နေသေးသည်။
အကြောက်တရား။
အခြားသူများ၏ နှလုံးသားထဲ၌ အကြောက်တရားက စိုးမိုးလျက် ရှိသည်။
ထိတ်လန့်ဖွယ်ကောင်းလိုက်သည့် မြင်ကွင်းပင်။
ဂရေးကလန်၏ ခေါင်းဆောင်က ဘောင်းဘီထဲ မစင်စွန့်မိသည်။ မုဆိုးခေါင်းဆောင်နှင့် အခြားကမ္ဘာခြားမုဆိုးများအားလုံးသည်လည်း ယဲ့ဖန်ရှေ့ ပြားပြားဝပ်လို့နေသည်။
အကယ်၍ လက်ရှိအခြေအနေကိုသာ စကြဝဠာတစ်ခွင်လုံး သိရှိသွားပါက နဂါးငွေ့တန်း အင်ပါယာတစ်ခုလုံး ထိတ်လန့်သွားပေလောက်သည်။
ဂရေးကလန်မှ ထိတ်လန့်ဖွယ်ကောင်းသော သိုင်းပညာရှင်များက ကမ္ဘာမြေသား တစ်ယောက် ရှေ့မှောက်၌ ပြားပြားဝပ်နေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။
သူတောင်းစားအိုကြီးနှင့် အခြား ကမ္ဘာမြေသား သိုင်းပညာရှင်များအားလုံး မှင်တက်သွားကြသည်။
ယခင်က သူတို့သည် အလွန် ဖြစ်အံ့ဆဲဆဲ ကပ်ဘေးတစ်ခုနှင့် ရင်ဆိုင်နေရပြီး သေလုနီးပါး ဖြစ်နေပြီဟု ယုံကြည်ခဲ့ကြသည်။
သို့သော် ထိုသိုင်းပညာရှင်များအားလုံးက အချိန်တိုလေးအတွင်း၌ အညံ့ခံလာလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့မိကြချေ။
အံ့ဩစရာကောင်းလှ၏။
ကမ္ဘာမြေသားတိုင်း ယဲ့ဖန်အား အလွန် ရူးသွပ်စွဲလမ်းစွာ ကြည့်နေကြသည်။ ချက်ချင်းဆိုသလိုပင် ထိုနတ်ဆိုးသည် ကမ္ဘာမြေသားများ၏ ရင်ထဲ၌ နတ်ဘုရားတစ်ပါး ဖြစ်လာလေတော့သည်။
သူသည် ထိပ်သီးပုဂ္ဂိုလ်ပင်။
“ခင်ဗျားကို ခွင့်လွှတ်ပေးရမှလား”
ထိုစဉ် ယဲ့ဖန်က ဂရေဆန်အား စိုက်ကြည့်၍ တင်းမာသော အပြုံးဖြင့် ဆက်ပြောလိုက်သည်။
“မင်း ကမ္ဘာခြားမုဆိုးတွေကို မီးလောင်တိုက်သွင်းတာ၊ သတ်ဖြတ်တာနဲ့ စကြဝဠာအတွင်း လုယက်ဖျက်ဆီးတာတွေ အဲ့လိုဆိုးယုတ်တဲ့ ကိစ္စတွေ လုပ်အောင် နည်းပေးလမ်းပြလုပ်ခဲ့တုန်းက မင်း ပစ်မှတ်ထားတဲ့ ဂြိုဟ်တွေကို သက်ညှာခွင့်လွှတ်ပေးမယ်လို့ မင်း တွေးခဲ့ဖူးလို့လား”
“မင်း ကမ္ဘာဂြိုဟ်ပေါ် ဆင်းလာပြီး ကမ္ဘာပေါ်က လူသားအားလုံးကို သတ်ပစ်ပြီးတော့ ဂြိုဟ်တစ်ခုလုံးကို ဖျက်ဆီးဖို့ ကြံခဲ့တုန်းက မင်း သူတို့အတွက် နည်းနည်းလေးတောင် သနားခဲ့မိလို့လား”
ယဲ့ဖန်၏ စကားလုံးတိုင်းက ဂရေဆန်အား တုန်လှုပ်သွားစေခဲ့သည်။
“မင်း နည်းနည်းလေးတောင် မသနားခဲ့တာ။ ဘာလို့ သူတို့က မင်းအပေါ် သနားရမှာလဲ”
ရွှစ်!
ထိုသို့ပြောပြီးနောက် ယဲ့ဖန်သည် သူ၏ လက်ဝါးနှင့် ဂရေဆန်၏ ဦးခေါင်းအား ဖောက်ထွင်းလိုက်သဖြင့် နတ်ဘုရား အရှင်သခင် ဖြစ်ခါနီးအဆင့်၏ ဦးခေါင်းသည် စက္ကန့်ပိုင်းအတွင်း ပေါက်ထွက်သွားလေသည်။
တောက်!
ယဲ့ဖန်၏ လက်ဝါးတစ်ခုလုံး ရဲရဲနီသော သွေးများဖြင့် ပေကျံနေ၏။
ဂရေဆန်၏ မျက်လုံးသည် ထာဝရ ကြောက်လန့်၍ ပြာနှမ်းနေသည့် အသွင်သို့ ပြောင်းလဲသွားသည်။
သူ သေသွားလေပြီ။
ဂရေးကလန်၏ ခေါင်းဆောင် သေသွားချေပြီ။
ဂျွတ်ခနဲ အသံနှင့်အတူ ယဲ့ဖန်သည် သူ့လက်ဝါးအား ထိုဦးခေါင်းတွင်းမှ ပြန်ထုတ်လိုက်ချိန်တွင် နတ်ဘုရားအဆင့် အမြုတေပါ အတူပါလာ၏။
ထို့နောက် နတ်ဘုရား အရှင်သခင် ဖြစ်ခါနီးအဆင့်၏ အလောင်းသည် မြေကြီးပေါ်သို့ လဲကျသွားလေတော့သည်။
ဤမြင်ကွင်းကိုကြည့်ပြီး အစိမ်းရောင် အသားအရေရှိ အမျိုးသမီးနှင့် အခြားကမ္ဘာခြားမုဆိုးများ ကြောက်စိတ်များဖြင့် ဖုံးလွှမ်းသွားတော့သည်။
သစ်ပင်တစ်ပင် လဲသွားသည်နှင့် မျောက်များ အုတ်အော်သောင်းနင်း ဖြစ်သွားသကဲ့သို့ပင်။
ထို့နောက်တွင်မူ မုဆိုးများသည် လမ်းဘေးခွေးများသဖွယ် သူတို့၏ စစ်သင်္ဘောများဆီသို့ ထွက်ပြေးသွားကြသည်။
သို့သော် ထိုသို့သော အချိန်တွင် သူတို့ ဝီခနဲ အသံကို ကြားလိုက်ရသည်။
ရုတ်တရက် ကောင်းကင်သည် မည်းမှောင်သွားပြီး များစွာသော ဝိညာဉ်စား ပုရွက်ဆိတ်များက လွှမ်းမိုးနိုင်သော ဟန်ပင်နှင့် ပျံဝဲလာကြသည်။
“အား”
နတ်ဘုရားအဆင့် သိုင်းပညာရှင်တစ်ယောက် စူးရှစွာ အော်ဟစ်လာသည်။
ကမ္ဘခြားမုဆိုးများ တစ်ယောက်ပြီးတစ်ယောက် တစ်စစီ ဆွဲဖြဲခံလိုက်ရပြီး သူတို့၏ သွေးများက ကမ္ဘာမြေအား ဖုံးလွှမ်းလာသည်။
မျှော်လင့်ချက် ပျက်သုဉ်းခြင်း။
အော်သံများ။
ကမ္ဘာတစ်ခုလုံးသည် နတ်ဘုရားအဆင့် သိုင်းပညာရှင်များ၏ မရဏနယ်မြေအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် အစိမ်းရောင် အသားအရေရှိ အမျိုးသမီးနှင့် အခြား ကမ္ဘာခြားမုဆိုးများအားလုံး ဝိညာဉ်စား ပုရွက်ဆိတ်များ၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။
နတ်ဘုရားအဆင့် အမြုတေများစွာကို ပုရွက်ဆိတ်များက သယ်ဆောင်လာပြီး ယဲဖ့န်၏ လက်ထဲသို့ ထည့်ပေးလာသည်။
ယခုအခါတွင်တော့ ကမ္ဘာမြေပေါ် ကျူးကျော်ဝင်ရောက်ချင်သည့် ကမ္ဘာခြားမုဆိုးများ သုတ်သင်ခံ လိုက်ရလေသည်။
ထို့နောက် သူတောင်းစားအိုကြီးသည် ယဲ့ဖန်ရှေ့ ဒူးတစ်ဘက်ထောက်လာပြီး သူ့နောက်မှ အခြားကမ္ဘာမြေသားများကလည်း ထိုသို့ပြုမူလာကြသည်။
“အရှင်မင်းမြတ်ကို ဂါဝရပြုပါတယ်”
သူတို့၏ ကျယ်လောင်သော အသံများက မိုးတိမ်တိုက်များထက်သို့ တိုင်အောင် ပဲ့တင်ထပ်သွားသည်။
သူတို့၏ အသံကြောင့် သတ္တုများနှင့် ကျောက်ဆောင်များပင် အက်ကွဲသွားလောက်သည်။
ထို့နောက်တွင်မူ ကမ္ဘာမြေရှိ ကျန်ရှိနေသော အခြားသူများအားလုံး သူတို့၏ အခြေစိုက်စခန်းများသို့ ပြန်လည်ရောက်ရှိသွားကြသည်။
သူတို့အားလုံး ကောင်းကင်ပေါ်မှ ဝတ်စုံအနက်နှင့်လူအား ဝမ်းမြောက်ပျော်ရွှင်စွာဖြင့် မော့ကြည့်နေကြသည်။
ဝုန်းခနဲ အသံနှင့်အတူ သူတို့အားလုံး မြေကြီးပေါ် ဒူးထောက်လိုက်ကြသည်။
ထို့နောက်တွင်မူ ညီညာသော အသံက ကောင်းကင်ထက်သို့တိုင်အောင် ထိတ်လန့်သွားစေခဲ့သည်။
“အရှင်မင်းမြတ်ကို ဂါဝရပြုပါတယ်”
ယခုအချိန်တွင် ထိုနတ်ဆိုးသည် ကမ္ဘာမြေသားတိုင်း၏ ရင်ထဲ၌ နတ်ဘုရားတစ်ပါးသား ဖြစ်လာခဲ့သည်။
….
ဂရေးကလန်၏ တားမြစ်နယ်မြေအတွင်း၌ အဘိုးအိုတစ်ယောက်သည် ရွှေရောင်စည်းထဲရှိ ကြမ်းပြင်ပေါ်တွင် တင်ပုလ္လင်ချိတ် ထိုင်လျက် ရှိသည်။
သူ ဤပုံစံအတိုင်း ထိုင်နေခဲ့မှာ နှစ်တစ်သောင်းတိုင်ခဲ့ပြီ ဖြစ်သည်။
သူ၏ တစ်ကိုယ်လုံးပေါ်မှ ဖုန်မှုန့်များသည် နှစ်စင်တီမီတာခန့် ထူထပ်လို့နေသည်။
ဂရေးကလန်၏ မဟာအကြီးအကဲနှစ်ယောက်က သူ့ဘေး၌ ငြိမ်သက်စွာ အဖော်ပြုပေးလျက် ရှိသည်။
ကိုယ်ပွား ဖျက်ဆီးခံလိုက်ရချိန်တွင် အဘိုးအိုသည် ရုတ်တရက် မျက်လုံးပွင့်လာပြီး သွေးတစ်လုပ် အန်လာသည်။
“ဘိုးဘေး။ ဘာဖြစ်တာလဲ”
ဤသည်ကို ကြည့်ပြီး သူ့ဘေးဘက်မှ မဟာအကြီးအကဲနှစ်ယောက် အလွန် ထိတ်လန့်သွားကြသည်။
သို့သော် အဘိုးအိုက သူတို့၏ စိုးရိမ်သောစကားများကို လျစ်လျူရှုထားသည်။
သူသည် အသိစိတ်လွတ်သွားသကဲ့သို့ ကြောက်လန့်ကာ တုန်ယင်နေသည်။ သူ့မျက်လုံး၌ ထိတ်လန့်မှုများဖြင့် ပြည့်နှက်လို့နေ၏။
“ငါ့ကိုယ်ပွား အသတ်ခံလိုက်ရပြီ”
*ဘာ*
သူ့စကားကြောင့် မဟာအကြီးအကဲနှစ်ယောက် ကြောက်လန့်သွားသည်။
“ဘိုးဘေး ဘယ်သူလုပ်တာလဲ။ ဂရေးကလန်ရဲ့ အင်အားစုကို သူ့ကို သတ်ဖြတ်ဖို့အတွက် ဆော်ဩကြရအောင်”
“ဟုတ်တယ်။ ဂရေးကလန်မှာ သိုင်းပညာရှင်တွေ အများကြီး ရှိတာ။ ဘယ်သူက ဘိုးဘေးရဲ့ကိုယ်ပွားကို သတ်ရဲတာလဲ။ သူက ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ”
မဟာအကြီးအကဲနှစ်ယောက်လုံး ဒေါသအမျက် ခြောင်းခြောင်းထွက်နေကြသည်။
သို့သော် သူတို့၏ စကားများကို နားထောင်ပြီးနောက် ဂရေးကလန်၏ ဘိုးဘေးသည် အလွန် သောကရောက်သွားသည်။
ထို့နောက် သူသည် ထိတ်လန့်၍ ကြောက်လန့်နေသော မျက်လုံးများနှင့် ပြောလိုက်သည်။
“ငါ့ကိုယ်ပွားကို သတ်လိုက်တဲ့သူက ….”
“နတ်ဆိုးဧကရာဇ်ပဲ”
သူ၏ စကားကို ကြားပြီး မဟာအကြီးအကဲနှစ်ယောက်လုံး ချက်ချင်း ငြိမ်ကျသွားသည်။
သူတို့သည် လည်မျိုအညှစ်ခံထားရသော ဘဲများကဲ့သို့ ပါးစပ်အဟောင်းသားနှင့် ငြိမ်သက်နေကြသည်။
“နတ်ဆိုး … နတ်ဆိုးဧကရာဇ်လား”
မဟာအကြီးအကဲနှစ်ယောက်လုံး ကိုယ့်နားနှင့် ကြားလိုက်ရသည့်စကားများကို မယုံကြည်နိုင် ဖြစ်နေ၏။
သို့သော် ဂရေးကလန်၏ ဘိုးဘေးသည် သူတို့၏ အပြုအမူကို ခန့်မှန်းခဲ့မိပြီးပုံပေါ်သည်။
ထို့နောက် သူသည် မျက်ခုံးတလှုပ်လှုပ်နှင့် လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
“အခုချိန်ကစပြီး ကမ္ဘာမြေရဲ့ နေအဖွဲ့အစည်းကို အာရုံစိုက်ကြ။ အကယ်၍ တစ်ခုခု ထွက်လာရင် အဲ့အရာက ပုရွက်ဆိတ်လို သေးနုပ်နေရင်တောင်မှ မင်းတို့ မင်းတို့ကလန်ခေါင်းဆောင်ကို နှုတ်ဆက်သလို လေးစားသမှု ပြုရမယ်”
*အဲ့က ထွက်လာတာက ပုရွက်ဆိတ်လို သေးနုပ်တဲ့အရာမျိုး ဖြစ်နေရင်တောင်မှလား*
သူ၏ အမိန့်ကြောင့် မဟာအကြီးအကဲနှစ်ယောက် မှင်တက်သွားကြသည်။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now