Chapter 303

1K 129 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (21) CHAPTER (303) သေမင်း ရောက်လာပြီ

*ငါ သေတော့မှာပါလား … *
ထိပ်ပြောင်အားဆန် မျက်လုံးမှိတ်ထားစဉ်တွင် တစ်စုံတစ်ခုက သူ့မျက်နှာနား ဖြတ်ပြေးသွားသည်။
ခွေးဖက်တီး၏ ခြေထောက်မှာ ဖိအားက ပို၍ တိုးလာသည်ကို သူ ခံစားမိသည်။သေမင်းနတ်ဘုရား ချဉ်းကပ်လာနေမှန်း သူ သိလိုက်သည်။
“စိတ်မကောင်းစရာပဲ၊ ငါ့သခင်ကြီး ဒီနေ့ ပြန်မလာနိုင်ဘူးနဲ့ ထင်တယ်”
သူ့စိတ်ထဲတွင် ယဲ့ဖန်သည် နတ်ဘုရားတစ်ပါး ဖြစ်သည်။ သူ၏ နတ်ဘုရားသည် ဘယ်သောအခါမှ သေဆုံးမည် မဟုတ်ပေ။
သူ့သခင်ကြီး သေသွားပြီဟူသည့် အချက်ကိုလည်း သူ လုံးဝ မယုံကြည်ပါ။ ယဲ့ဖန်က ဟွာရှနိုင်ငံ၏ နံပါတ်တစ် သိုင်းပညာရှင်အဖြစ် ပြန်လာလိမ့်မည်ဟု သူ ယုံကြည်နေသည်။
ထိပ်ပြောင်အားဆန်သည် အခက်အခဲအားလုံးကို တောင့်ခံထားရင်း ယဲ့ဖန် ပြန်လာသည်ကို စောင့်နေခဲ့သည်။ ထိုနေ့ကို သူ မမြင်နိုင်တော့သည်က စိတ်မကောင်းစရာပင်။
“နတ်ဆိုးတွေက မသေဆုံးနိုင်ဘူး”
ထိပ်ပြောင်အားဆန် ရူးသွပ်စွာ ဟစ်ကြွေးလိုက်သည်။
ရွှစ်!
ထိုအသံနှင့်အတူ ရဲရဲနီနေသော သွေးများက လေထဲ ပန်းထွက်လာသည်။ သို့သော် ထိပ်ပြောင်အားဆန်သည် မည်သည့် နာကျင်မှုမျိုးမှ မခံစားရသဖြင့် အံ့ဩသွားသည်။ နာကျင်မှုအစား ပူနွေးနေသော သွေးများက သူ့မျက်နှာသို့ လာစင်သည်ကို ခံစားလိုက်မိသည်။
*အမ်*
သူ ဇဝေဇဝါဖြစ်ကာ ချက်ချင်း မျက်လုံး ဖွင့်ကြည့်လိုက်သည်။ ဘာဖြစ်သွားခဲ့သည်ကို သဘောပေါက်သွား ပြီးနောက် သူ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
ခွေးဖက်တီးသည် ထိပ်ပြောင်အားဆန်၏ ခေါင်းပေါ်သို့ ခြေထောက်တင်၍ ရပ်နေဆဲဖြစ်သည်။ သို့သော် ခွေးဖက်တီး၏ ဦးခေါင်းကတော့ ပျောက်ဆုံးနေပြီး လေထဲ၌ သွေးစက်များ ဝဲပျံနေသည်။
သူ့ဦးခေါင်းသည် တစ်စုံတစ်ယောက်ကြောင့် ပေါက်ကွဲထွက်သွားခဲ့ပြီ ဖြစ်သည်။
....
ဘားထဲမှ လူတိုင်းသည် ထိုမြင်ကွင်းကြောင့် အလွန် ထိတ်လန့်သွားကြရသည်။ ဘယ်လိုဖြစ်သွားခဲ့သလဲ ဆိုတာကို မည်သူမျှ သတိမထားမိခဲ့ကြပါ။ လက်သည်တရားခံကိုလည်း သူတို့ မမြင်လိုက်ကြချေ။
ဘုန်းခနဲ အသံနှင့်အတူ ခွေးဖက်တီး၏ ခေါင်းပြတ်နေသော အလောင်းက ကြမ်းပြင်ပေါ်သို့ ပစ်လဲကျလာသည်။ ထိုအခါမှသာ အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်ကို သူတို့ မြင်လိုက်ကြရသည်။
အေးစက်လွန်းလှသည်။ ရက်စက်လွန်းလှ၏။
အနက်ရောင်ဝတ်စုံနှင့် လူငယ်ကို မြင်လိုက်ရသည်နှင့် သူတို့ ရင်တွေတုန်လာကြသည်။ ဘာရယ်ကြောင့်မှန်း မသိသော်လည်း သူတို့ သေရေးရှင်ရေး အခြေအနေနှင့် ရင်ဆိုင်နေရပြီဟု ရုတ်တရက် ခံစားမိလိုက်ကြသည်။
တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဘားတစ်ခုလုံး ဆူညံ ပွက်လောရိုက်သွားသည်။ ဓားသမားဂိုဏ်း၏ ဂိုဏ်းသားတိုင်း ဒေါသစိတ်တို့ တောက်လောင်လာကြသည်။
“ခွေးမသား ... ဟေ့ကောင် မင်း ဘယ်သူလဲ ... မင်းက ခွေးဖက်တီးကို သတ်ရဲတယ်ပေါ့လေ ... မင်း သေချင်နေတာလား”
“ရိုင်းစိုင်းလိုက်တာ ... မင်းကများ ဓားသမားဂိုဏ်းရဲ့ ဂိုဏ်းသားကို သတ်ရဲတယ်ပေါ့ ... ခွေးမသားလေး ... မင်းတော့ အသေပဲမှတ်”
...
ဓားသမားဂိုဏ်း၏ တပည့်ဂိုဏ်းသားတိုင်းက ကြမ်းကြုတ်သော ချီဓာတ်များကို ထုတ်လွှတ် လာကြသည်။
လွန်ခဲ့သည့် တစ်နှစ်ခွဲအချိန်မှစ၍ ရီကျင့်ထျန်းသည် ဟွာရှနိုင်ငံ၏ နံပါတ်တစ် သိုင်းပညာရှင် ဖြစ်လာပြီး ကတည်းက ဓားသမားဂိုဏ်း၏ တပည့်ဂိုဏ်းသားများသာ အခြားသူများကို သတ်ခဲ့ကြသည်။ မည်သူမျှ ဓားသမားဂိုဏ်း၏ တပည့်ဂိုဏ်းသားများကို မသတ်ရဲကြချေ။
ဓားသမားဂိုဏ်းသည် ဟွာရှနိုင်ငံ၌ ကြောက်စရာအကောင်းဆုံး အင်အားစု ဖြစ်လာခဲ့သည်။ သူတို့ကို ရန်စသည့် မည်သူမဆို သေဆုံးကြရလိမ့်မည်။
ခွေးဖက်တီးသည် ပြီးခဲ့သည့် တစ်နှစ်ခွဲကာလအတွင်း ပထမဆုံး အသတ်ခံရသည့် ဓားသမားဂိုဏ်း၏ ဂိုဏ်းသား ဖြစ်လာခဲ့သည်။ ထို့ကြောင့် ဘားထဲရှိ အခြား ဓားသမားဂိုဏ်းသားများ အားလုံး ဒေါကန်သွားကြသည်။
ထို့အပြင် သူတို့သည် အရူးအမူး အော်ဟစ်လာကြသည်။ သို့သော် ထိုအချိန်တွင် ထိပ်ပြောင်အားဆန်က ယဲ့ဖန်အား အလွန် ထိတ်လန့်ကာ မျက်တောင် တဖျပ်ဖျပ်ခတ်ရင်း ကြည့်နေမိသည်။
“သခင်ကြီး ... ကျုပ် ... ကျုပ် သခင်ကြီးကို မြင်နေတယ် ... ခင် ... ခင်ဗျားက ပုံရိပ်ယောင်လား”
ပြီးခဲ့သည့် တစ်နှစ်ခွဲကာလအတွင်း ထိပ်ပြောင်အားဆန်သည် ယဲ့ဖန် ပြန်လာသည်ဟု အကြိမ်ပေါင်းများစွာ အိပ်မက်မက်ခဲ့သည်။
*သခင်ကြီးတဲ့လား*
ထိပ်ပြောင်အားဆန် ရေရွတ်လိုက်သော စကားအဆုံး၌ ဘားထဲမှ ဆူညံသံများ တစ်မဟုတ်ချင်း ပျောက်ကွယ်သွားသည်။
ဘားထဲရှိ ဓားသမားဂိုဏ်းသားများ အားလုံး မျက်လုံးပြူးသွားကြသည်။
*ထိပ်ပြောင်အားဆန်ရဲ့ သခင်ကြီးလား*
*ဒါဆို သူက ... အဲ့လူလား*
“ယဲ့ဖန် ... ငါမှတ်မိပြီ .. မင်း ... မင်းက ယဲ့ဖန်ပဲ”
ဓားသမားဂိုဏ်း၏ တပည့်ဂိုဏ်းသား တစ်ယောက်က ထအော်လာသည်။ ရှန့်ကျန်းမြို့က ယဲ့ဖန်၏ ဗွီဒီယိုကို သူ ကြည့်ဖူးသည်။ ထိုသူက ယဲ့ဖန်မှန်း သူ သတိထားလိုက်မိသည်နှင့် သူ့ဘောင်းဘီ စိုတော့မတတ် ဖြစ်သွားရသည်။
“မဖြစ်နိုင်ဘူး ... မင်း ဘယ်လိုလုပ် အသက်ရှင်နေတာလဲ”
...
သူ့စကားကြောင့် ဘားတစ်ခုလုံး ချက်ချင်း ပွက်လောရိုက်သွားသည်။ ဓားသမားဂိုဏ်း၏ မည်သည့် ဂိုဏ်းသားကမှ သူတို့ ယခင် ဟွာရှနိုင်ငံ၏ နံပါတ်တစ် သိုင်းပညာရှင်နှင့် ဆုံတွေ့ရလိမ့်မည်ဟု ထင်မှတ်မထားမိကြပါ။
ထို့ကြောင့် သူတို့မျက်နှာပေါ်တွင် အလွန် ထိတ်လန့်၊ကြောက်ရွံ့ဟန်များ ဖုံးလွှမ်းလာသည်။ သို့သော် အာကျယ်ကျယ်နှင့် ဂိုဏ်းသားတစ်ယောက်က တက်ကြွစွာဖြင့် ထအော်လာသည်။
“မကြောက်ကြနဲ့ ... သူက ယဲ့ဖန်ဖြစ်နေလဲ ဘာလုပ်ရမှာလဲ .. ဓားသမားဂိုဏ်းက ကမ္ဘာမှာ နံပါတ်တစ်ဂိုဏ်းပဲ ... သူ့ကို သတ်ပြီး ငါတို့ အရှင့်ဆီက ဆုကြေးတောင်းကြရအောင်”
သူ၏ ကြုံးဝါးသံကြောင့် ကျန်သူများအားလုံး ချက်ချင်း တုန်ယင်သွားကြသည်။
သူတို့အားလုံးသည် အနည်းဆုံး ဆရာသခင်အဆင့် ရှိသူများ ဖြစ်ကြသည်။ သူတို့ထဲက တစ်ချို့ဆိုလျင် ဒဏ္ဍာရီအဆင့်တောင် ရောက်နေပြီ ဖြစ်သည်။ ဘားထဲ၌ ဂိုဏ်းသားပေါင်း ရာနှင့်ချီ၍ ရှိသည်။
ယခင် ဟွာရှနိုင်ငံ၏ နံပါတ်တစ် သိုင်းပညာရှင် ဖြစ်နေလျင်တောင်မှ ဤမျှ သန်မာသော အင်အားစုနှင့် တွေ့လျင် သေဆုံးရပေလိမ့်မည်။
“ဟားဟား ... ကံကောင်းတယ် ... ငါတို့ တော်တော်ကံကောင်းတာပဲ၊ ယဲ့ဖန်ရဲ့ ခေါင်းနဲ့ ငါတို့ ဆုကြေးတွေ တောင်းယူလို့ရမယ့် အခွင့်အရေးပဲကွ”
“သူ့နောက်လိုက် အားလုံးနီးပါးကို အရှင်က သတ်လိုက်ပြီးပြီပဲ ... ဒီနေ့ ငါတို့က သူ့ခေါင်းကို ဖြတ်ပြီး ဓားသမားဂိုဏ်းက ပြိုင်ဘက်ကင်းတယ်ဆိုတာကို ကမ္ဘာတစ်ခုလုံးကို သတ်သေပြလို့ရပြီ”
သူ့စကားကြောင့် ဘားထဲမှ ဂိုဏ်းသားများသည် အချင်းချင်း ပူးပေါင်း၍ ယဲ့ဖန်ကို သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်ကြသည်။
ချက်ချင်းဆိုသလို ဘားထဲရှိ ဓားသမားဂိုဏ်းသားများအားလုံးသည် ကြမ်းကြုတ်သော ချီဓာတ်တို့နှင့်အတူ သူတို့၏ ဓားများကို ဆွဲထုတ်လိုက်ကြသည်။
*သူ့နောက်လိုက်အားလုံးကို အရှင်က သတ်လိုက်ပြီတဲ့လား*
ထိုစကားကြောင့် ယဲ့ဖန်၏ မျက်နှာက ချက်ချင်း ခက်ထန် တင်းမာလာသည်။ ထို့နောက် သူ ပြောဆိုလိုက်သည်။
“ကောင်းပြီလေ ... ဓားသမားဂိုဏ်းအတွက် ဒီလောက်နဲ့ တော်သင့်ပြီပဲ”
“မင်းတို့ ငါ့ညီအစ်ကို တစ်ယောက်ကို သတ်ခဲ့မယ်ဆိုရင်တောင်မှ ငါ မင်းတို့ ဓားသမားဂိုဏ်းတစ်ခုလုံးကို သုတ်သင်ပစ်မှာ ... အခု မင်းတို့ရဲ့ ရာနဲ့ချီတဲ့ စိတ်ဝိညာဉ်တွေရဲ့ သေဆုံးမှုနဲ့ ကဏ္ဍအသစ် ဖွင့်လှစ်ပေးမယ်”
ယဲ့ဖန် ဒေါသူပုန်ထလျက် ရှိသည်။ သူသည် သေချာပေါက်ကို ဒေါသအမျက် ခြောင်းခြောင်း ထွက်လို့နေ၏။
...
သူသည် ချက်ချင်း လက်ကို ဝှေ့ယမ်း၍ ဝိညာဉ်စား ပုရွက်ဆိတ် အကောင် ခြောက်ထောင်ကျော်ကို လွှတ်ပေးလိုက်သည်။ ထို့ကြောင့် ဘားတစ်ခုလုံး မည်းနက်လို့ သွားသည်။
*ပုရွက်ဆိတ်တွေလား*
ပုရွက်ဆိတ်များကို မြင်သည်နှင့် ဓားသမား ဂိုဏ်းသားများအားလုံး တစ်ခဏမျှ မှင်တက်သွားကြသည်။ ထို့နောက် သူတို့သည် ဟားတိုက်ရယ်မောကြလေသည်။
“ဟားဟား ... ဒါလား ဟွာရှနိုင်ငံ၏ နံပါတ်တစ် သိုင်းပညာရှင်ဟောင်း ... သူက အရူးလား ... ဘာလို့ သူက ပုရွက်ဆိတ်အုံကြီးကို သယ်လာတာလဲ”
“ငါ ရယ်ရလွန်းလို့ အူတောင်နာတယ်ကွာ ... သူက နှစ်ဝက်လောက် ပျောက်သွားတာက သူ အရူး ဖြစ်သွားလို့ကိုး”
....
ဓားသမား ဂိုဏ်းသားများအားလုံး အသားကုန် ရယ်မောကြလေသည်။ ထိုစဉ် ပုရွက်ဆိတ်များက အသံထက်မြန်သော နှုန်းဖြင့် ရှေ့သို့ ပြေးတက်လာကြသည်။
လှစ်ခနဲ ဆိုသလို ပုရွက်ဆိတ်တစ်ကောင်က ဆရာသခင် အထွတ်အထိပ်ရှိသော ဂိုဏ်းသား တစ်ယောက်ထံသို့ ချဉ်းကပ်လာသည်။
ပုရွက်ဆိတ်ကို မြင်ပြီး ထိုလူက တစ်ခဏမျှ ကြောင်အသွားသည်၊ ထို့နောက် သူသည် စိတ်ပျက်ကာ ထအော်လေတော့သည်။
“သောက်ပုရွက်ဆိတ်”
ထို့နောက် ထိုလူသည် ဒေါနှင့်မောနှင့် ရိုက်နှက်လေတော့သည်။ ထိုစဉ် ထင်မှတ်မထားသော ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာသည်။
ဝိညာဉ်စား ပုရွက်ဆိတ်သည် ထိုဆရာသခင်အဆင့်၏ သံမဏိလက်သီးပေါ်သို့ ခုန်တက်လာသည်။ ထို့နောက် ထိုပုရွက်ဆိတ်သည် သူ၏ အစွယ်များကို ထုတ်၍ ထိုလူအား ရူးသွပ်စွာ ကိုက်စားလေတော့သည်။
“အား...အား...အား...”
သူ၏ ကျယ်လောင်သော အော်သံများက ဘားတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားသည်။ ဘေးမှ ကြည့်နေသည့် ဂိုဏ်းသားများအားလုံး ကြည့်နေစဉ်မှာပင် ထိုဆရာသခင်အဆင့်၏ သံမဏိလက်သီးက စုတ်ပြဲ သွားလေတော့သည်။
သူ့လက်သီး ပြီးနောက်တွင် သူ၏ လက်ဖျံ၊ ထို့နောက် သူ့ပခုံးနှင့် လက်ပြင်ရိုး ....
မြန်သည်၊ ဖြစ်ပျက်သွားသည်က အလွန် လျင်မြန်လွန်းလှသည်။
ပုရွက်ဆိတ်တစ်ကောင်က ထိုလူ၏ လက်မောင်းတစ်ခုလုံးကို စားပစ်ရန် စက္ကန့်အနည်းငယ်လောက်သာ ကြာခဲ့ပြီး ကြမ်းပြင်ပေါ်၌ သွေးအိုင်တစ်ခုသာ ကျန်ရှိခဲ့သည်။
ဝိညာဉ်စား ပုရွက်ဆိတ်သည် ထိုသွေးအိုင်ထဲ၌ ရပ်လျက်ရှိသည်။ လူတိုင်း တွေဝေသွားကြသည်။ ပုရွက်ဆိတ်တစ်ကောင်က ဆရာသခင်အဆင့် တစ်ယောက်ကို စက္ကန့်ပိုင်းအတွင်း ဝါးမျို လိုက်သည်တဲ့လား။
*ဒါ ... မဖြစ်နိုင်ဘူးလေ*
ဘားထဲရှိ မည်သူမျှ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ကြပါ။ သို့သော် ဤသည်ကား အစသာ ရှိသေးသည်။ ထို့နောက်တွင်မူ နောက်ထပ် ဝိညာဉ်စား ပုရွက်ဆိတ် လှိုင်းလုံးကြီးက လူအုပ်ကြီးထံသို့ မိုးစက်များကဲ့သို့ ပျံသန်းလာကြသည်။
ငရဲမှလာသော ပုရွက်ဆိတ်များလားဟုတောင် ထင်မှတ်မှားရသည်။ ထိုပုရွက်ဆိတ်များသည် သူတို့၏ ချွန်ထက်သော အစွယ်များနှင့် လက်သည်းများကို အသုံးပြု၍ သိုင်းပညာရှင်များအား ဆက်တိုက် ကိုက်ဖြဲ ဆွဲစုတ်ကြလေတော့သည်။
သေခြင်းတရား ရောက်ရှိလို့လာလေပြီ။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now