Chapter 315

1.1K 132 2
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (21) CHAPTER (315) သတ်၊သတ်၊သတ်

တစ်ချိန်တည်းလိုလိုမှာပင် ဗွီဒီယို အတိုလေးတစ်ပုဒ်ကြောင့် ဟွာရှတစ်နိုင်ငံလုံး အလွန် ထိတ်လန့်သွားကြသည်။
*ညအဖွဲ့ ပြန်လာပြီ*
ထိုရိုးစင်းသော စကားလုံး နှစ်လုံးသည် များစွာသော သိုင်းပညာရှင်များ၏ စိတ်ဝိညာဉ်ကို တက်ကြွလာစေခဲ့သည်။ သူတို့၏ နှလုံးသားသည် ရွှင်လန်းစွာ ခုန်လှုပ်လာကြသည်။
ဟွာရှနိုင်ငံအနှံ့အပြားတွင် ဘေးဘီဝဲယာရှိ သိုင်းပညာရှင်များက အခြားသူများ၏ အံ့ဩနေသော အကြည့်များအောက်မှာပင် ဒူးထောက်လျက် ရှိကြသည်။ ထို့နောက် သူတို့ အတူတကွ ဟစ်ကြွေးလာကြသည်။
သူတို့ အလွန် စိတ်အားထက်သန်နေကြသည်။ သူတို့ သွေးဆာနေကြ၏။
သူတို့ထဲတွင် စစ်တပ်၏ ဗိုလ်ကြီးများ၊ လမ်းဘေးကုန်သည်များ၊ မီးဖိုချောင်ဓားများကို ကိုင်ဆောင်ထားသော သားသတ်သမားများနှင့် မြို့များ၏ အရှင်သခင်များ … စသည်တို့ ပါဝင်နေကြသည်။
ယခုအချိန်တွင် သူတို့အားလုံး၌ နာမည်တစ်ခုတည်းသာ ရှိသည်။ ဤသည်ကား … ညအဖွဲ့ပင်။
သူတို့သည် လူစုလူဝေး များစွာဖြင့် ကျန်းရှီမြို့သို့ ချီတက်လာကြသည်။ သူတို့ အရှင်နောက်သို့ ကြမ်းကြုတ်သော ဝံပုလွေများကဲ့သို့ လိုက်ပါလာကြသည်။
နှစ်ဝက်ခန့် ယိုယွင်းနေခဲ့သော နတ်ဆိုးစစ်တပ်ကြီးသည် ကျန်းရှီမြို့၌ စုဝေးလျက် ရှိနေကြသည်။ လူငါးရာမှ စ၍ လူဦးရေသည် တဖြည်းဖြည်း တိုးပွားလာပြီး ခြောက်ရာ၊ခုနစ်ရာ၊ရှစ်ရာမှနေ၍ ‌နောက်ဆုံးတွင် အယောက်တစ်ထောင်သို့ ရောက်ရှိလာသည်။
ကြည်နူးပျော်ရွှင်သော မျက်ရည်စများနှင့် ညီအစ်ကိုများ အတူတကွ ပြန်လည်ဆုံစည်းခဲ့ကြပြီ ဖြစ်သည်။ အချိနအတော်ကြာ ကွဲကွာနေခဲ့ကြသော ညအဖွဲ့သားများက တစ်ယောက်နှင့်တစ်ယောက် စိတ်လှုပ်ရှားစွာ ထွေးပွေ့လာကြသည်။
သူတို့အားလုံး၌ ယုံကြည်ချက် တစ်ခုတည်းသာ ရှိသည်၊ ၎င်းသည် ကျန်းရှီ ဗဟိုဗိမာန်၏ ခေါင်မိုး၌ ရှိနေသော လူသည် နတ်ဆိုးအားလုံး၏ အရှင်သခင် ဖြစ်သည်ဟုသော ယုံကြည်မှုပင်။
ထိုစဉ် လူငယ်တစ်ယောက်သည် ကျန်းရှီမြို့ထဲသို့ ဖြည်းညင်းစွာ ဝင်ရောက်လာသည်။ မြို့ထဲ ဝင်လာသည်နှင့် ကျန်းရှီ ဗဟိုဗိမာန် ခေါင်မိုး၌ ရပ်နေသော ယဲ့ဖန်ကို သူ လှမ်းမြင်လိုက်သည်။
ထိုလူငယ်သည် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်လာကာ ပူနွေးသော မျက်ရည်များ စီးကျလာသည်။ ထို့နောက် သူသည် ကျန်းရှီ ဗဟို ဗိမာန်ထံသို့ ပြေးလာသည်။ ဗိမာန်ရှေ့သို့ ရောက်သောအခါ သူက ချက်ချင်း ဒူးတစ်ဘက်ထောက်၍ ဟစ်ကြွေးလိုက်သည်။
“သခင်ကြီးကို ဂါဝရပြုပါတယ်။ ညအဖွဲ့ရဲ့ မိစ္ဆာ ဝိညာဉ်ရိုင်း ပြန်လာပါပြီ”
တစ်ချိန်တည်းမှာပင် နောက်ထပ် နတ်ဆိုးဆန်သော လူတစ်ယောက်က မြို့ထဲသို့ ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် ခြောက်ယောက်နှင့်အတူ လှစ်ခနဲ ရောက်ရှိလာသည်။ သူတို့အားလုံး ဒူးတစ်ဘက် ထောက်ကာ အလွန် ရူးသွပ်နေသော မျက်လုံးများဖြင့် နှုတ်ခွန်းဆက်လာကြသည်။
“သခင်ကြီးကို ဂါဝရပြုပါတယ်၊ ညအဖွဲ့ရဲ့ သွေးစွန်းတစ္ဆေ ပြန်လာပါပြီ”
ဤမျှလောက်နှင့် အဆုံးမသတ်သေးပေ။ ကမ္ဘာမြေကြီးတောင် တုန်ခါလို့လာရသည်။
ကျားဘုရင်ကို စီးနင်း၍ စပါးကြီးမြွေဘုရင်ကိုပါ ရစ်ပတ်၍ သယ်ဆောင်လာသော နတ်ဆိုးလူသားတစ်ယောက်နှင့် သူ၏နောက်မှ ထိပ်တန်း သိုင်းပညာရှင် ဆယ့်ရှစ်ယောက် လိုက်ပါလာသည်။
ဗိမာန်ရှေ့သို့ ရောက်သည်နှင့် ထိုလူက ကျားပေါ်မှ ခုန်ဆင်းကာ နောက်မှ လိုက်ပါလာသော အခြားသူများနှင့်အတူ ဒူးတစ်ဘက်ထောက်လိုက်သည်။
“သခင်ကြီးကို ဂါဝရပြုပါတယ်။ သံလက် ဝံပုလွေရိုင်း ပြန်လာပါပြီ”
ကျန်းရှီမြို့ရှိ လမ်းမများပေါ်၌ ညအဖွဲ့သားများအားလုံးသည် ကျန်းရှီ ဗဟိုဗိမာန် ခေါင်မိုး၌ ရပ်နေသော သူအား ပြိုင်တူ နှုတ်ဆက်လိုက်သည်။
“သခင်ကြီးကို ဂါဝရပြုပါတယ်၊ ညအဖွဲ့က နတ်ဆိုးတွေ ပြန်လာပါပြီ”
ဗိမာန်၏ ခေါင်မိုး၌ ရပ်နေသော ယဲ့ဖန်က ဟွာရှနိုင်ငံ၏ အနောက်မြောက် အရပ်သို့ လှမ်းကြည့်ကာ လေးနက်စွာ ရေရွတ်လိုက်သည်။
“သွေးကြွေးဆပ်ဖို့ အချိန်တန်ပြီ”
...
‘.... ယဲ့ဖန် ပြန်ရောက်လာပြီ၊ ဓားသမားဂိုဏ်းရဲ့ ကျန်းရှီမြို့က ဂိုဏ်းခွဲ သုတ်သင်ခံလိုက်ရပြီ။ ရီကျန့်ထျန်းရဲ့ နောက်ဆုံးတပည့် ကောင်းရှန့်က သွေးဆိုး တိုက်ပွဲဝင် ခန္ဓာကိုယ်ရှိတာတောင်မှ အသတ်ခံလိုက်ရပြီ’
ဤသတင်းက နိုင်ငံတစ်ခုလုံးကို ထိတ်လန့်သွားစေခဲ့သည်။ ဟွာရှနိုင်ငံသားတိုင်းက ဓားသမားဂိုဏ်း၏ တုံ့ပြန်မှုကို စောင့်မျှော်နေကြသည်။
ထင်ထားသည့်အတိုင်းပင် တစ်ရက်အကြာ၌ ရုပ်သံလိုင်းအားလုံးမှ ဗွီဒီယိုတစ်ခုကို ထပ်ကာတလဲလဲ ထုတ်လွှင့်ပြသလေသည်။
ဗွီဒီယိုထဲ၌ အကျဉ်းထောင်တစ်ခု ပါဝင်သည်။ သတ်လတ်ပိုင်းအရွယ် ယောကျ်ားတစ်ယောက်၏ လက်ဖဝါးနှင့် ခြေဖဝါးများကို အကျဉ်းထောင်၏ တိုင်တစ်ခု၌ သံဖြင့်စွဲအောင် ရိုက်ထားသည်။
သူ့တစ်ကိုယ်လုံး သွေးများဖြင့် ရွှဲနစ်နေသည်။ သူ၏ အရေပြားက ဟက်တက်ကွဲနေပြီး အသားများက ပေါက်ပြဲလို့နေ၏။
သူ၏ နဖူးအလယ်တည့်တည့်၌ နီရဲရဲ အပေါက်တစ်ပေါက် ရှိနေပြီး သွေးပျက်ဖွယ်ကောင်းလှသည်။
တောက်! တောက်!
သူ့ပါးစပ်မှ သွေးများ တစ်စက်တစ်စက်ချင်းစီ ကျနေသဖြင့် သူ၏ ပုံစံသည် အလွန် သနားစရာကောင်းလှသည်။
တီဗွီရှေ့မှ လူတိုင်းသည် ထိုသူ မည်သူမည်ဝါဖြစ်သည်ကို သတိပြုလိုက်မိပြီးနောက် အားလုံး ထိတ်လန့်သွားကြသည်။
ထိုသူသည် ဟွာရှနိုင်ငံ၏ ဒဏ္ဍာရီလာ သူရဲကောင်းဖြစ်ပြီး အမှောင်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သည့် ကျိုချင်းချန်ပင် ဖြစ်သည်။
သူသည် တစ်ချိန်က မဲခေါင်မြစ်ကမ်းပါး၌ အရှေ့တောင်အာရှရှိ ဒဏ္ဍာရီအဆင့် ရှစ်ယောက်အား သတ်ဖြတ်ခဲ့သည်။
သူသည် ဟွာရှနိုင်ငံသို့ ကျူးကျော်ဝင်ရောက်လာသော အရှေ့တောင်အာရှ သိုင်းပညာရှင်များကို တားဆီး၍ ရွှီရွှမ်းပန်နာဒေသ၊ ယွင်နန်စီရင်စု ဒေသနှင့်ဟွာရှနိုင်ငံ အနောက်တောင်ဒေသသို့ ကျူးကျော်သူ အားလုံးကို သတ်ဖြတ်ခဲ့သည်။
သူသည် ‘ကျဆုံးသွားသော သိုင်းပညာရှင်များ၏ ဝိညာဉ်ည’ကို ဖန်တီးခဲ့ပြီး အရှေ့တောင်အာရှရှိ သိုင်းပညာလောကအား ထိတ်လန့်စေခဲ့သည်။
သူသည် ဟွာရှနိုင်ငံအား အရှေ့တောင်အာရှ ဒဏ္ဍာရီအဆင့်များ၏ တားမြစ်နယ်မြေဖြစ်လာအောင် ပြုလုပ်ခဲ့သည်။
သူက အမှောင်ဂိုဏ်းကိုလည်း တည်ထောင်ခဲ့ပြီး ဟွာရှနိုင်ငံအား လူမျိုးခြား ရန်သူများ၏ ကျူးကျော်ခံရခြင်းမှ ကာကွယ်ခဲ့သည်။
သို့သော် ဟွာရှနိုင်ငံ၏ သမိုင်းဝင် ပုဂ္ဂိုလ်ဖြစ်ပြီး သူရဲကောင်းလည်း ဖြစ်သည့်သူက အကျဉ်းချခံရပြီး ထောင်သားတစ်ယောက်လို နှိပ်စက်ခံနေရသည်။ ဤအဖြစ်ကြောင့် ဟွာရှနိုင်ငံသားများအားလုံး ဒေါသထွက်လာကြသည်။
သို့သော် ဗွီဒီယိုက ဒီလောက်နှင့် မပြီးသွားသေးချေ။ ထို့နောက် လေးထောင့်ကျကျမျက်နှာနှင့် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ယောကျ်ားတစ်ယောက်က ဗွီဒီယိုထဲ၌ ပေါ်လာသည်။
သူသည်ကား ဓားသမားဂိုဏ်းချုပ်ဖြစ်သူ ရီကျန့်ထျန်းပင်။ ထို့နောက် ရီကျန့်ထျန်းသည် အေးတိအေးစက် မျက်လုံးများဖြင့် လက်တစ်ဘက်ကို လှုပ်လိုက်သည်။
ထို့နောက် ဓားရှည်တစ်လက်က မြွေပွေးတစ်ကောင်ကဲ့သို့ ဖျတ်ခနဲ ပေါ်လာသည်။
ဝှစ်!
သူက ကျိုချင်းချန်၏ လက်မောင်းတစ်ဘက်ကို ချက်ချင်း ခုတ်ပိုင်းလိုက်သဖြင့် သွေးများပန်းထွက်လာရသည်။
ရက်စက်သည်။ ကြမ်းကြုတ်လှ၏။
ရီကျန့်ထျန်းက ဟွာရှ သူရဲကောင်း၏ လက်မောင်းကို ဖြတ်ရဲရုံသာမက ဟွာရှနိုင်ငံသားများ မကျေမနပ် ဖြစ်မည်ကို မသိတတ်သည့်ဟန်ဖြင့် ရုပ်သံလိုင်းအားလုံး၌ ထုတ်လွှင့်ပြသလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့မိပါ။
သူသည် အလွန့်ကို မောက်မာလောက်သည်။
“ရီကျန့်ထျန်း၊ ငကြောက်ကောင်။ ငါ့ကို သတ်လိုက်စမ်း။ ငါ့ကို သတ်လိုက်ဖို့ မင်းကို ငါ ပြောရဲတယ်ကွ”
ကျိုချင်းချန်သည် လက်မောင်းတစ်ဘက် ဆုံးရှုံးသွားသော်လည်း မျက်မှောင်တစ်ချက်ကလေးတောင်မှ မကြုတ်သွားချေ။ ထို့အပြင် သူက နာကျည်းမုန်းတီးစွာဖြင့် ကြုံးဝါးလိုက်သည်။
သူ့စကားကြောင့် ရီကျန့်ထျန်းက အော်ရယ်လေသည်။
“မင်းက သေချင်နေတာလား။ စိတ်မပူပါနဲ့၊ မင်း သခင်ကြီး သေသွားတဲ့အခါကျရင် ငါ မင်းအိပ်မက်တွေ တကယ်ဖြစ်လာအောင် ဖြည့်ဆည်းပေးပါ့မယ်”
*သခင်ကြီး*
သူ့စကားကြောင့် ကျိုချင်းချန်သည် ထိတ်လန့်မှုကြောင့် တုန်ယင်သွားပြီးနောက် သူသည် ပျော်ရွှင်သွားသော မျက်နှာထားဖြင့် ပြောလိုက်သည်။
“သခင်ကြီးလား ... ငါ့သခင်ကြီး မသေသေးဘူးပေါ့ ... ဟားဟား၊ ငါ့သခင်ကြီး မသေသေးဘူးကွ”
ကျိုချင်းချန်၏ ပျော်ရွှင်နေသော အမူအရာကို ကြည့်ပြီး ရီကျန့်ထျန်းက မခိုးမခန့် မျက်နှာပေးဖြင့် ပြောလိုက်သည်။
“သူ မသေသေးဘူးတဲ့လား။ သူ မကြာခင် သေတော့မှာ”
ထိုသို့ပြောပြီး ရီကျန့်ထျန်းက ကျိုချင်းချန်၏ လက်မောင်းအား ကောက်ယူလိုက်ပြီး ကင်မရာဘက် ထောင်ပြပြီး ရက်စက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
“ယဲ့ဖန်၊ ဒါ ငါ့တပည့်ကို သတ်တဲ့အတွက် တန်ရာတန်ကြေးပဲ။ သုံးရက်အတွင်း ခွန်းလွင်တောင်ပေါ်မှာ မင်းနဲ့ ငါ တွေ့မယ်”
“မှတ်ထားပါ၊ မင်း တစ်ယောက်တည်း လာရမယ်၊ မဟုတ်လို့ကတော့ ငါ ကျိုချင်းချန်ကို အသားလုံး ဖြစ်အောင်လုပ်ပြီး မင်းကို လက်ဆောင်ပေးလိုက်မယ်”
ထိုသို့ပြောပြီး သူက ဗွီဒီယိုကို ချက်ချင်း ရပ်ပစ်လုက်သည်။
....
ဗွီဒီယို ပြီးသွားသည့်အခါ၌ ကျန်းရှီမြို့ရှိ အခန်းတစ်ခန်းထဲ၌ အလွန် တိတ်ကျသွားသည်။ အခန်းထဲရှိ လေထုထဲ၌ အလွန် ရက်စက်ပြီး လူသတ်လိုသော အရိပ်အငွေ့များ ပြည့်နှက်နေသည်။
“သခင်ကြီး၊ ခင်ဗျား တစ်ယောက်တည်း သွားလို့မဖြစ်ပါဘူး၊ ရီကျန့်ထျန်းက အရမ်းရက်စက်တယ်၊ သူ ထောင်ချောက်ဆင်ထားနိုင်တယ်”
ဝံပုလွေရိုင်းက သုန်မှုန်နေသော မျက်နှာထားဖြင့် အကြံပေးလိုက်သည်။ သူ့ဘေးမှ မိစ္ဆာရိုင်းကလည်း ယဲ့ဖန်ကို ဖျောင်းဖျလာသည်။
“သခင်ကြီး၊ ခွန်းလွင်တောင်ကို အတူတူသွားပြီး လမ်းတစ်လျှောက်က အရာအားလုံးကို သတ်ပစ်ရင်ကောင်းမယ် ပြိးတော့ ရီကျန့်ထျန်းနဲ့ ဓားသမားဂိုဏ်းက အခြားဂိုဏ်းသားအားလုံးကိုလည်း ခေါင်းဖြတ် သတ်ပစ်မယ်”
ဝိညာဉ်ရိုင်း၏ စကားကြောင့် အခန်းထဲရှိ ကျန်သူများအားလုံးက ယဲ့ဖန်ကို စိုက်ကြည့်လာကြသည်။
အကယ်၍ ယဲ့ဖန်သာ အမိန့်ပေးလိုက်ပါက သူတို့အားလုံး ချက်ချင်း ခွန်းလွင်တောင်ကို လိုက်ပါ၍ အရာအားလုံးကို သတ်ပစ်မည် ဖြစ်သည်။
ယဲ့ဖန်၏ မျက်လုံးများက ဒေါသကြောင့် မီးဝင်းဝင်းတောက်နေပြီး တင်းမာသော မျက်နှာထားဖြင့် ပြောလိုက်သည်။
“ချင်းချန်က ကောင်းကင်ဘုံ မိစ္ဆာရဲ့ မျိုးဆက်ပဲ၊ သူ မသေနိုင်ဘူး”
“ဖေးချမ်၊ အန်းရှီ၊လင်းလန်နဲ့ အခြားသူတွေလည်း ပျောက်နေသေးတယ်။ သူတို့ ခွန်းလွင်တောင်မှာ ရှိနေဖို့ များတယ်’”
ထို့နောက် ယဲ့ဖန်က မာဆတ်ဆတ် လေသံဖြင့် ပြောလိုက်သည်။
“ငါ ခွန်းလွင်တောင်ကို တစ်ယောက်တည်း သွားပြီး ရီကျန့်ထျန်းကို သတ်မှဖြစ်မယ်”
“ညအဖွဲ့ အမိန့်နာခံစမ်း”
ယဲ့ဖန်၏ စကားဆုံးတွင် အခန်းထဲရှိ ညအဖွဲ့သားများက ချက်ချင်းဆိုသလို ရူးသွပ်မတတ် မျက်နှာထားများဖြင့် ဒူးထောက်လိုက်ကြသည်။
“ဟွာရှနိုင်ငံထဲက ဓားသမားဂိုဏ်းရဲ့ ဂိုဏ်းခွဲအားလုံးကို သုံးရက်တည်းနဲ့ ရှင်းပစ်လိုက်”
“သူတို့အားလုံးကို သတ်ပစ်”
ယဲ့ဖန်၏ အမိန့်သံ အဆုံးတွင် သိုင်းပညာရှင်အားလုံးသည် သွေးများ ပွက်ပွက်ဆူလာသလို ခံစားလာရပြီး ကြမ်းကြုတ်သော ချီဓာတ်များကို ထုတ်ဖော်လာကြသည်။
“သတ်၊သတ်၊သတ်”
သူတို့အားလုံး ရူးသွပ်စွာ ဟစ်ကြွေးလိုက်ကြသည်။
ဟွာရှနိုင်ငံ၏ သွေးစွန်းသော အခန်းကဏ္ဍကား တရားဝင် စတင်လို့လာပြီဖြစ်သည်။
                     စာစဉ် (၁၈) ဤတွင်ပြီးပါပြီ။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now