Chapter 334

1K 119 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (23) CHAPTER (334) နတ်ဆိုးများ ရောက်ရှိလာခြင်း

နတ်ဘုရားအဆင့် လေးယောက်။
ယခုအချိန်တွင် နတ်ဘုရားမမြို့တော်ရှိ လူတိုင်းသည် နတ်ဘုရားအဆင့်များ၏ ခွန်အားကို လွယ်လင့်တကူ အာရုံခံနိုင်သည်။ ထို့ကြောင့် မြို့သူမြို့သားတိုင်း ကြောက်လန့်ကာ တုန်ယင်လို့နေ၏။
သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားများအရ နတ်ဘုရားအဆင့် လေးယောက်လုံးသည် ဒဏ္ဍာရီလာအဆင့်တစ်ယောက်ကို လက်ချည်းသက်သက်ဖြင့် ရိုက်နှက်နိုင်သည်။
ဤမြင်ကွင်းကို ကြည့်ပြီး နတ်ဘုရားမများ၏ နောက်လိုက်များ အလွန် ရူးမတတ် ဖြစ်သွားကြသည်။
“အိုး ဝိုး … အလင်းတော် ဘုန်းတော်ကြီး၊ သူက အလင်းတော် ဘုရားကျောင်းရဲ့ အရှင်သခင်ပဲ၊ သူက အလင်းတော် ဘုရားကျောင်းရဲ့ ရှေးဟောင်း လျှို့ဝှက်သိုင်းကျမ်းကို တတ်မြောက်သွားပြီးတော့ ကြောက်စရာကောင်းလိုက်တဲ့ အင်အားလည်း ရှိတယ်တဲ့”
“အဲ့မိန်းမက ထိုင်းနိုင်ငံက ဝူဘုရားကျောင်းရဲ့ မှော်နက်နတ်ဘုရားမပဲ၊ သူ့ရဲ့ကျိန်စာအစွမ်းက ကမ္ဘာပေါ်မှာ အတုမရှိဘူးလို့ ပြောကြတယ်”
“အဲ့ဒါ မဟာ ကာရိုးလ်သခင်ကြီးကွ၊ သူက မင်းသား ကာရိုးလ်ရဲ့ အဘိုးလေ၊ သူက အသက် တစ်ရာ့ငါးဆယ်တောင် ရှိနေပြီးတော့ ပြိုင်ဘက်ကင်းတဲ့ ထူးခြားတဲ့ သိုင်းကွက်တွေကို တတ်မြောက်ထားတယ်လို့ ပြောကြတယ်”
....
နတ်ဘုရားမများ၏ နောက်လိုက်တိုင်း တက်ကြွလာကြသည်။ နတ်ဘုရားအဆင့် သုံးယောက်နဲ့ နတ်ဘုရားမတို့၏ ဧကရီ။
သူတို့သည် ကမ္ဘာဂြိုဟ်၏ ထိပ်သီးအင်အားစုများ ဖြစ်သည်။ သူတို့အတူတကွ လက်တွဲလိုက်လျင် သူတို့သည် နတ်ဘုရားများကိုတောင် သတ်နိုင်သည်။
နတ်ဘုရားမများ၏ နောက်လိုက်များသည် ယဲ့ဖန်နှင့် ညအဖွဲ့သားများအား လှောင်ရယ်၍ လမ်းလျှောက်နေသော အလောင်းကောင်များကို ကြည့်သကဲ့သို့ စိုက်ကြည့်နေကြသည်။
ယခင်တုန်းက ခဲလ်ဆာနှင့် အခြားသူများသည် သူတို့ မုချသေတော့မည်ဟု ယုံကြည်ခဲ့ကြသည်။ သို့သော် ကျောထောက်နောက်ခံ ရလာလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့မိကြပါ။
ကြောက်မက်ဖွယ်ကောင်းသည့် နတ်ဘုရားအဆင့် လေးယောက်ကို ကြည့်ပြီး ခဲလ်ဆာနှင့် သူ့နောက်လိုက်များ တက်ကြွလာကြသည်။
“ကောင်းတယ်၊ သိပ်ကောင်းတယ်။ ယဲ့ဖန် မင်းက တစ်မူထူးခြားတယ်ဆိုရင်တောင်မှ မင်း ဒီတစ်ခေါက်တော့ သေရမှာပဲ။ ဟားဟား”
ခဲလ်ဆာနှင့် သူ့လူများ အလွန် စိတ်လှုပ်ရှားလာကြသည်။ ခရီနာ တစ်ယောက်တည်းသာ စိုးရိမ်ပူပန်သော မျက်နှာလေးနှင့် ဖြစ်နေသည်။
*ဒါ သေစေနိုင်လောက်တဲ့ ထောင်ချောက်ပဲ*
ထိုအခါမှသာ နတ်ဘုရားမ၏ ဧကရီက ယဲ့ဖန် နတ်ဘုရားမမြို့သို့ ရောက်လာမည်ကို ခန့်မှန်းခဲ့ မိသည့်ပုံရသည်ကို သူမ သတိပြုမိသည်။ ထို့ကြောင့် သူမသည် အခြား နတ်ဘုရားအဆင့် သုံးယောက်ကို ဖိတ်ခေါ်၍ သေစေနိုင်သော ထောင်ချောက်ကို ဆင်ထားခြင်း ဖြစ်သည်။
“ငါ ဘာလုပ်သင့်လဲ။ သူတော့ ဒုက္ခရောက်နေပြီ”
ခရီနာက နဖူးမှ ချွေးတဒီးဒီးကျနေရင်း ရေရွတ်လိုက်မိသည်။ သူမ၏ အသက်သခင် ကျေးဇူးရှင်အတွက် သူမ တကယ့်ကို စိုးရိမ်နေသည်။
ထိုစဉ် မဟာ ကာရိုးလ်သခင်ကြီးက အော်ပြောလာသည်။
“ယဲ့ဖန် ခွေးမသား မင်း ငါ့မြေးအသက်အတွက် ပြန်ပေးဆပ်ရမယ်ကွ”
သူသည် အလွန် ကြမ်းကြုတ်ပုံရပြီး ဆံပင်မွေးများပင် ထောင်လို့နေသည်။ မဟာ ကာရိုးလ်သခင်ကြီးသည် သူ့မြေး သေဆုံးခြင်းအတွက် လက်စားချေရန် ယဲ့ဖန်၏ အသားကို စား၍ သွေးကို သောက်ချင်နေသည်။
အလင်းတော်ဘုန်းတော်ကြီး၏ မျက်လုံးများသည် အေးစက်လို့နေ၏။ သူက ခေါင်းခါ၍ ယဲ့ဖန်အား မခိုးမခန့် မျက်နှာထားဖြင့် ပြောလိုက်သည်။
“ယဲ့ဖန် ငါ မင်းကို စလာကတည်းက မသတ်ချင်ပါဘူး။ စိတ်မကောင်းစရာက မင်းက တအား ရက်စက်ပြီးတော့ မင်း လူတွေကို ကာကွယ်လွန်း အားကြီးတယ်။ တကယ်လို့ မင်းကို ငါ အခု မသတ်ဖူးဆိုရင် မင်းက ငါ့ကို သတ်လာနိုင်တယ်”
“ဒါကြောင့် မင်း အရင်သေဖို့ လိုအပ်တယ်”
အလင်းတော် ဘုန်းတော်ကြီးက ဖြည်းဖြည်းချင်း ပြောနေသော်လည်း သူ၏ စကားလုံးများတွင် ရက်စက်သော အလိုဆန္ဒများ ပါဝင်နေ၏။‌
မှော်နက်နတ်ဘုရားမသည် ခပ်တန်းတန်း ဖြစ်နေပုံ ပေါ်နေသည်။ သူ့စိတ်ထဲတွင် ယဲ့ဖန်သည် သေပြီးသားလူ ဖြစ်သည်။
“ယဲ့ဖန် မြောင်ဒေသက ဝူကလန်က ဝူနတ်ဘုရား ဘုရားကျောင်းတော်ရဲ့ ဂိုဏ်းခွဲပဲ။ မင်းက ဝူကလန်ကို သုတ်သင်လိုက်မှတော့ မင်းရဲ့ ကံကြမ္မာက သတ်မှတ်ပြီးသွားပြီပဲ”
နတ်ဘုရားအဆင့် လေးယောက်လုံးက ယဲ့ဖန်ကို သတ်ရန် ဆုံးဖြတ်သားပြီးသား ဖြစ်သည်။ သူတို့၏ စကားများကို ကြားပြီးနောက် ဘေးပတ်လည်မှ နတ်ဘုရားမ၏ နောက်လိုက်များ အလွန် တက်ကြွလာကြသည်။
သူတို့သည် ချက်ချင်းဆိုသလို စတင်၍ ဩဘာပေးကြသည်။
“ယဲ့ဖန်ကိုသတ်”
“ယဲ့ဖန်ကိုသတ်”
“ယဲ့ဖန်ကိုသတ်”
သူတို့၏ အော်သံများက ကမ္ဘာကိုတောင် တုန်လှုပ်စေသည်။ လူတိုင်းနီးပါးက ယဲ့ဖန် သေတော့မည်ဟု ယုံကြည်ထားကြသည်။
သို့သော် သူတို့ လုံးဝ မသိလိုက်သည်က တိုက်ပွဲသည် တစ်ဖက်သတ် သုတ်သင်ပွဲကြီး ဖြစ်လာတော့မည် ဆိုသည်ကိုပင် ဖြစ်သည်။
သို့သော် နတ်ဘုရားအဆင့် လေးယောက်လုံးသည် မောက်မာစွာ ပြောဆိုသဖြင့် သူတို့၏ နောက်လိုက်များသည်လည်း သောင်းကျန်းနေစဉ် ဝုန်းခနဲ ပေါက်ကွဲသံကို ကြားလိုက်ရသည်။
နတ်ဘုရားမမြို့တော်၏ မြို့တံတိုင်းသည် အပြင်ဘက်မှနေ၍ ပြိုလဲပျက်စီးသွား၏။ ထို့နောက် ဟစ်ကြွေးသံတစ်ခုက မြို့အနှံ့ ပဲ့တင်ထပ်သွားသည်။
ထိုဟစ်ကြွေးသံနှင့်အတူ နတ်ဆိုးပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။ သံမဏိ မျှော်စင်ကဲ့သို့ မြင့်မား၍ သန်မာသော ထိုလူသည် နတ်ဆိုးကဲ့သို့ သန်မာပြီး ကြမ်းကြုတ်သည့် ချီဓာတ်ကို ထုတ်ဖော်နေသည်။
ထိုလူ၏ နဖူးအလယ်တည့်တည့်၌ နတ်ဘုရား အမှတ်အသားက ထင်းခနဲ ဖြစ်နေသည်။
နတ်ဘုရားအဆင့်။
ထိုစဉ် မြို့ထဲမှ လူတိုင်း အံ့အားသင့်သွားကြသည်။ နောက်ထပ် နတ်ဘုရားအဆင့်တစ်ယောက်ကို တွေ့ရလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲံကြပေ။
သူ၏ ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ်အရ သူသည် ကျန်လေးယောက်ထက် ဘယ်လိုနည်းနှင့်မျှ အားနည်းလိမ့်မည် မဟုတ်ပေ။
ထို့အပြင် ထိုနတ်ဘုရားအဆင့်၏ နောက်လိုက်၌ နောက်ထပ် ဒဏ္ဍာရီလာအဆင့် အယောက်နှစ်ဆယ် လိုက်ပါလာသည်။
ထိုနတ်ဆိုးလူသားများ ရောက်လာပြီး မကြာခင်မှာပင် သူတို့အားလုံးသည် ယဲ့ဖန်ရှေ့၌ ဒူးထောက် လိုက်ကြသည်။
“မိုရိုသွေးစွန်းတစ္ဆေက သခင်ကြီးကို ဂါဝရပြုပါတယ်”
“ဒုစရိုက် နတ်ဆိုးများက သခင်ကြီးကို ဂါဝရပြုပါတယ်”
....
ထိတ်လန့်စရာကောင်းလိုက်ပါဘိ။
နတ်ဘုရားမများ၏ နောက်လိုက်များ အလွန်တရာ ထိတ်လန့်သွားကြသည်။
*နတ်ဘုရားအဆင့် အစေခံလား*
*မဖြစ်နိုင်လိုက်တာ*
ကြည့်နေကြသူများအားလုံး အလွန် မယုံသင်္ကာဖြစ်သွားကြသည်။ ကမ္ဘာပေါ်ရှိ နတ်ဘုရားအဆင့် တစ်ယောက်ချင်းစီသည် ဒေသတစ်ခု၏ ထိပ်သီး အရှင်သခင်များ ဖြစ်ကြသည်။
သူတို့အားလုံးသည် ကြောက်စာကောင်းလောက်သည့် အင်အားစုများဖြစ်ပြီး နောက်လိုက်များစွာလည်း ရှိသည်။ သူတို့က ဘယ်လိုလုပ် တစ်စုံတစ်ယောက်၏ အစေခံ ဖြစ်နိုင်ပါမည်နည်း။
*အံ့ဩဖို့ကောင်းလိုက်တာ*
အလင်းတော် ဘုန်းတော်ကြီးနှင့် အခြား နတ်ဘုရားအဆင့် သုံးယောက်တို့လည်း အလွန် ထိတ်လန့်နေကြသည်။
ထိုစဉ် သွေးစွန်းတစ္ဆေက အခြားသူများ၏ အပြုအမူများကို လျစ်လျူရှုက ယဲ့ဖန်ကိုသာ မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် ကြည့်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“သခင်ကြီး ကျွန်တော် ပျောက်သွားပြီး နောက်ပိုင်း လျှို့ဝှက်နယ်မြေတစ်ခုဆီကို ရောက်သွားခဲ့တယ်။ ကျွန်တော် သိပ်မကြာခင်ကမှ အဲ့ထဲက ထွက်လာနိုင်ခဲ့တာ”
“သခင်ကြီးနဲ့ ပြန် ... ပြန်တွေ့ရတာ သိပ်ကောင်းတာပဲ”
သွေးစွန်းတစ္ဆေသည် စိတ်လှုပ်ရှားမှုကြောင့် သွေးပွက်ပွက်ဆူလာသည်။ သူ ပျောက်သွားခဲ့သည် ယခင်လများ အတောအတွင်း၌ သူ့သခင်ကြီး၏ သေဆုံးမှုအတွက် လက်စားချေရန်သာ သူ တစ်ချိန်လုံး တွေးတောနေခဲ့သည်။
သူ အသက်ဆုံးလုနီးပါး ဖြစ်ခဲ့သည့် အချိန်က ဘယ်လောက်တောင် များပြားလှသည်ကို မည်သူမျှ သိနိုင်မည် မဟုတ်ပါ။
သူ ဘယ်လောက် သွေးတွေ ခြောက်ခမ်း၍ ဒဏ်ရာများစွာ ရခဲ့သည်ကို မည်သူမျှ သိနိုင်မည် မဟုတ်ပါ။
သို့သော် သူသည် အကျပ်အတည်းတိုင်း၌ ရှင်သန်ခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် သူ့သခင်ကြီး ဂရုစိုက်သော သူများကို ကာကွယ်ရန်နှင့် သူ့သခင်ကြီး မုန်းတီးသော သူများကို သတ်ဖြတ်ရန် လိုအပ်သည်ကို သူ သိနေသောကြောင့်ပင်။
သို့သော် ယဲ့ဖန် အသက်ရှင်နေသေးသည် ဟူသော သတင်းစကားကို ကြားရလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပါ။
ထို့ကြောင့် သူ စိတ်လှုပ်ရှားကာ အော်ငိုမိခြင်း ဖြစ်သည်။ အကြောက်အလန့် ကင်းသော နတ်ဘုရားတောင်မှ ယဲ့ဖန်၏ အသက်ရှင်နေသေးမှုအတွက် ငိုကြွေးနေရသည်။ ဤသည်ကား ယဲ့ဖန်သည် သူ့ရင်ထဲ၌ အရေးပါသော နေရာ၌ ရှိနေသည်ဆိုတာကို ပြသလို့နေ၏။
သွေးစွန်းတစ္ဆေကို ကြည့်ကာ ယဲ့ဖန်က သူ့အား မတ်တပ်ရပ်စေလိုက်ပြီး နွေးထွေးစွာ ပြုံး၍ ပြောလိုက်သည်။
“ငါ မင်းကို နတ်ဆိုးဂြိုဟ်ဆီ ခေါ်သွားမယ်လို့ ပြောခဲ့သားပဲ။ ငါက ဘယ်လိုလုပ် ငါတို့ကတိကို ဖျက်နိုင်မှာလဲ”
ယောကျ်ားရင့်မာကြီး နှစ်ယောက်က စိတ်ထိခိုက်ကာ တစ်ယောက်ကို တစ်ယောက် ဖက်ထားလိုက်ကြသည်။
ကျန်သူများက တိုက်ပွဲဖြစ်ပေါ်တော့မည်ဟု တွေးတောမိလိုက်ကြသည်။ ထိုစဉ် နတ်ဘုရားမ မြို့တော်တွင်း၌ လေပြင်းမုန်တိုင်း တိုက်ခတ်လာသည်။
ထို့နောက် သူတို့၏ အံ့ဩနေသော အကြည့်များအောက်တွင် အနက်ရောင် တိမ်တိုက်တစ်ခုက မြို့တစ်ခုလုံးအား အနက်ရောင် ပုဝါကဲ့သို့ လွှမ်းခြုံသွားသည်။
ထို့နောက် ထိုတိမ်တိုက်များမှ သိုင်းပညာရှင်များ ဆင်းသက်လာသည်။
ဒဏ္ဍာရီလာအဆင့်၊ ဒဏ္ဍာရီလာအဆင့်၊ နောက်ထပ် ဒဏ္ဍာရီလာအဆင့်။
မျက်စိ တစ်မှိတ်အတွင်းမှာပင် ဒဏ္ဍာရီလာအဆင့် အယောက်သုံးဆယ် ကျော်သွားပြီ ဖြစ်သည်။ ထို့နောက်တွင်မူ အနက်ရောင် တိမ်တိုက်မှ နက်မှောင်နေသော လူတစ်ယောက် မြေကြီးပေါ်သို့ ခုန်ဆင်းလာသည်။
ဒုန်း!
နတ်ဆိုးတစ်ကောင်လေအလား ထင်မှတ်ရသည်၊သူ မြေကြီးပေါ်သို့ ခုန်ဆင်းပြီးသည်နှင့် ဧရာမ ချိုင့်နက်ကြီး ဖြစ်ပေါ်လာကာ ကျောက်တုံးများက နေရာအနှံ့သို့ လွင့်ပျံသွားသည်။
ထို့နောက် နတ်ဘုရားမများ၏ နောက်လိုက်များ ကြည့်နေစဉ်မှာပင် ထိုလူနှင့် ဒါဇင်နှင့်ချီသော ဒဏ္ဍာရီလာအဆင့်များက ယဲ့ဖန်ရှေ့ ဒူးတစ်ဘက်ထောက်ကာ သံပြိုင် ဟစ်အော်လာသည်။
“အမှောင်မိစ္ဆာသခင်က သခင်ကြီးကို ဂါဝရပြုပါတယ်”
“နတ်ဆိုးတောင်ကြားက နတ်ဆိုးများက သခင်ကြီးကို ဂါဝရပြုပါတယ်”
ထိုအချိန်တွင် နတ်ဘုရားမမြို့တော်မှ သိုင်းပညာရှင်များအားလုံး အသက်ပင် မရှူနိုင်တော့ပေ။
ထပ်ပြီးတော့ အစေခံတွေပါပဲလား။
နတ်ဘုရားမများ၏ နောက်လိုက်များသည် ထိုနတ်ဆိုးကဲ့သို့သူသည် နဖူးအလယ်၌ နတ်ဘုရားအဆင့် အမှတ်အသားမရှိသော်လည်း သူ၏ ချီဓာတ်က သာမန် နတ်ဘုရားအဆင့်များထက် ပို၍ သန်မာကြောင်း တပ်အပ်ပြောနိုင်သည်။
သူ၏ ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ်ကြောင့် နတ်ဘုရားမ၏ နောက်လိုက်များ ကြောက်လန့်ကာ ကတုန်ကယင် ဖြစ်လာသည်။
သို့သော် ထိုမျှ ကြောက်ဖို့ကောင်းသည့် သိုင်းပညာရှင်က ယဲ့ဖန်ရှေ့ ဒူးတစ်ဘက်ထောက်ကာ သူ၏ အစေခံပါဟု ကြွေးကြော်နေ၏။
*မယုံနိုင်စရာပါလား*

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now