Chapter 397

941 106 0
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် 27 CHAPTER (397) မင်းက ကိုယ့်သေတွင်း ကိုယ်တူးချင်နေတာဆိုရင် ငါ မင်းအိပ်မက်ကို တကယ် ဖြစ်လာအောင် ဖြည့်ဆည်းပေးနိုင်တယ်

ခြေသံကို ကြားလိုက်ရချိန်တွင် အခန်းထဲမှ လူများအားလုံး ကြောက်လန့်ကာ တုန်ယင်သွားကြသည်။
ကူးယန်တောင်မှ မျက်ခုံး ခပ်လှုပ်လှုပ် ဖြစ်ကာ လေထဲမှ သူ့လက်သည်လည်း တန့်ခနဲ ဖြစ်သွားရသည်။
“အဲ့နားက ဘယ်သူလဲ”
ကူးယန် ချက်ချင်း တစ်ဘက်လှည့်ကြည့်လိုက်သောအခါ အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက် ဖြည်းဖြည်းချင်း ဝင်လာသည်ကို မြင်လိုက်ရသည်။
ရှင်းလင်း ပြတ်သားသည့် မျက်နှာထား ရှိသည့်အပြင် ထိုလူငယ်၏ မျက်နှာက အလွန်အေးစက်ကာ ရက်စက်လှသည်။
နတ်ဆိုးဘုရင်တစ်ပါး ငရဲမှနေ၍ မော်တယ်ကမ္ဘာသို့ တက်လာသကဲ့သို့ သူ၏ မျက်လုံးများက ကြမ်းကြုတ်သော ချီဓာတ်များဖြင့် တလက်လက်တောက်ပလျက် ရှိသည်။
*အနက်ရောင်ဝတ်စုံနဲ့လူငယ်*
*အဲ့ဒါ သူပဲကိုး*
ကူးယန်၊ ကူးထျန်းနှင့် အခြား နတ်ဘုရား ဆရာသခင်အဆင့်များ အားလုံးက ချက်ချင်းဆိုသလို ယဲ့ဖန်အား ဝိုင်းထားလိုက်ကြသည်။
“အစ်ကိုယဲ့”
“ယဲ့ဖန်”
ကူးရှုံးနှင့် ကူးမိန်တို့ ပြာနှမ်းနေသော မျက်နှာများဖြင့် အော်ဟစ်လိုက်ကြသည်။
ယဲ့ဖန်က ကိုယ်လွတ်ရုန်းပြေးနိုင်သည့် အခွင့်အရေးကို အသုံးမချဘဲ ငါးစာကို လာကိုက်လိမ့်မည်ဟု သူတို့ ထင်မထားခဲ့မိကြပါ။
ကူးယန်နှင့် သူ့လူများက မျက်လုံးမှတစ်ဆင့် ကြမ်းကြုတ်သော ချီဓာတ်များကို ထုတ်ဖော်နေရင်း ကူးယန်က အော်ပြောလိုက်သည်။
“ဟေ့ကောင် မင်း ကူးထို့ကို သတ်တာလား”
ယခုအချိန်တွင် ကူးယန်၏ လွှမ်းမိုးနိုင်သော ချီဓာတ်များက ယဲ့ဖန်အား ချက်ချင်း ဖုံးလွှမ်းသွားသည်။
ယဲ့ဖန်သာ တစ်ချက်လှုပ်လိုက်ပါက ဘေးပတ်လည်မှ နတ်ဘုရား ဆရာသခင်အဆင့်များက ရှေ့သို့ ပြေးတက်လာပြီး သူ့ကို တိုက်ခိုက်ပေလိမ့်မည်။
*ကူးထို့လား*
ထိုနာမည်ကို ကြားပြီးနောက် ယဲ့ဖန်က နှုတ်ခမ်းတွန့်ရုံ ပြုံး၍ ပြောလိုက်သည်။
“ငါ မနေ့က ပုရွက်ဆိတ်တစ်ချို့ကို သတ်လိုက်တာတော့ အမှန်ပဲ၊ ဒါပေမယ့် ငါ သူတို့နာမည်တွေကို လုံးဝ မမေးလိုက်မိဘူး”
ယဲ့ဖန်က ပခုံးတွန့်ပြလိုက်သေးသည်။ သူ့စကားအဆုံးတွင် ကူးယန်နှင့် ဘေးပတ်လည်မှ နတ်ဘုရား ဆရာသခင်အဆင့်များ မျက်နှာပြာနှမ်းသွားသည်။
*ပုရွက်ဆိတ်တွေတဲ့လား*
*ဒီမျိုးမစစ်ကောင်က ဒုတိယသခင်လေး ကူးထို့ကို ပုရွက်ဆိတ်လို့ ခေါ်လိုက်တာလား*
*ရူးလိုက်တဲ့ကောင်*
ထိုသို့သော အချိန်တွင် ကူးထျန်းက ခက်ထန်သော မျက်နှာထားဖြင့် ကူးရှုံးနှင့် ကူးမိန်တို့ဘက် လှည့်ကာ ပြောလိုက်သည်။
“ရှုံး၊ မိန်။ မင်းတို့ ဘယ်ကနေ ဒီလိုအရူးကို ရှာတွေ့ခဲ့တာလဲ။ သူက ကူးထို့ကို သတ်ခဲ့တာမို့လို့ သူ သေကိုသေရမယ်။ မင်းတို့နှစ်ယောက် သူနဲ့ ပတ်သက်ပြီး ဝင်ပါချင်လို့ကတော့ မင်းတို့လည်း သေရမယ်”
ထိုသို့ပြောပြီး ကူးထျန်းက ကူးယန်အား မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ပြောလိုက်သည်။
“သခင်လေး၊ အပိုတွေ ပြောမနေပါနဲ့တော့။ သူ့ကို သတ်ပြီး ဒုတိယသခင်လေး သေဆုံးမှုအတွက် လက်စားချေလိုက်ပါတော့”
*လက်စားချေမယ်*
ကူးယန်၏ မျက်လုံးထဲမှ မီးတောက်သည် မသိမသာ တောက်ပလာသည်။ သူ့ညီလေးကို သူ သိပ်ချစ်သည်။ သူတို့သည် အလွန်ရင်းနှီးချစ်ခင်ကြသော ညီအစ်ကိုများ ဖြစ်ခဲ့ကြသည်။
သို့သော် သူ့ညီငယ်က အနက်ရောင်ဝတ်စုံနှင့် လူ၏ သတ်ခြင်းကို ခံလိုက်ရသည်၊ ထို့ကြောင့် ကူးယန်သည် ထိုသူအား တစ်စစီဖြစ်အောင် ခုတ်ပိုင်းပစ်မည်ဟု ဆုံးဖြတ်ထားသည်။
ထို့နောက် ကူးယန်က လက်ကိုဝှေ့ယမ်း၍ အမိန့်ပေးလိုက်သည်။
“သူ့ကို သတ်လိုက်၊ သူ့ကို အပိုင်းတစ်ထောင်အထိ ဖြစ်အောင် ခုတ်ပိုင်းလိုက်ကြ”
ကူးယန်၏ စကားကို ကြားသည်နှင့် အခြား နတ်ဘုရား ဆရာသခင်အဆင့် ဆယ်ယောက်က ချက်ချင်း ချီဓာတ်များကို ထုတ်ဖော်လာကြသည်။
လေတိုးသံနှင့်အတူ သူတို့အားလုံး ယဲ့ဖန်ထံသို့ ပြေးဝင်သွားကြသည်။
“သွားသေလိုက်တော့”
နတ်ဘုရား ဆရာသခင်အဆင့်တစ်ယောက်ချင်းစီသည် ကြောက်မက်ဖွယ်ကောင်းသော အင်အားများ ပိုင်ဆိုင်ထားကြသည်။
သူတို့အားလုံး စုပေါင်း၍ တိုက်ခိုက်လာသောအခါ သူတို့၏ လွှမ်းမိုးနိုင်သော ချီဓာတ်များက ယဲ့ဖန်အား ဖုံးအုပ်သွားသည်။
ဤမြင်ကွင်းကို ကြည့်ပြီး ကူးရှုံးနှင့် ကူးမိန်တို့ အလွန်အမင်း ထိတ်လန့်သွားကြသည်။
ယဲ့ဖန်၌ ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲဝင် ခွန်အားရှိပြီး နတ်ဘုရား ဆရာသခင်အဆင့် ရှစ်ယောက်အား တစ်ခါက သတ်ခဲ့ဖူးမှန်း သူတို့သိသော်လည်း လူဆယ်ယောက်၏ တိုက်ခိုက်မှုက လူရှစ်ယောက်ထက် ပို၍ သန်မာသည်ကိုလည်း သူတို့ သိထားသည်။
သို့သော် နောက်ဆက်တွဲ အဖြစ်အပျက်က အခြားသူများအား ကြောက်လန့်သွားစေခဲ့သည်။
ယဲ့ဖန်သည် သူတို့၏ ဖိနှိပ်နိုင်သော တိုက်ခိုက်မှုအား တားဆီးရန် ကြံစည်ခြင်း မရှိသည့်အပြင် အင်္ကျီလက်ပင် ပင့်တင်လိုက်သေးသည်။
*ချီးပဲ*
*သူက သေမင်းခံတွင်းဝ ရောက်နေတာတောင်မှ အင်္ကျီလက် ပင့်တင်နေလိုက်သေးတယ်*
ကူးရှုံး၊ ကူးမိန်၊ ကူးယန်နှင့် ကူးထျန်းတို့အားလုံး မှင်တက်သွားကြသည်။
ကူးယန်နှင့် ကူးထျန်းတို့သည် ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သလို ကြည့်နေကြသည်။
*သူတော့ သေမှာပဲ*
သူတို့စိတ်ထဲတွင် ယဲ့ဖန်သည် အပိုင်းတစ်ထောင်အထိ ခုတ်ပိုင်းခံရတော့မည်ဟု ထင်နေကြသည်။
ထိုစဉ် ရုတ်တရက် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။
ယဲ့ဖန် အင်္ကျီလက် ပင့်တင်လိုက်သောအခါ သူ့လက်မောင်းမှ သေးငယ်သော အနက်ရောက် တက်တူး ရှစ်ခု ပေါ်လာသည်။
ထိုတက်တူး ရှစ်ခုက ရုတ်တရက် တောက်ပလို့လာသည်။ ထို့နောက် အနက်ရောင် ဝတ်ရုံနှင့် နတ်ဆိုး ရှစ်ကောင်က ယဲ့ဖန်ရှေ့ မားမားမတ်မတ် ရပ်လာလေ၏။
ထိုအချိန်တွင် နတ်ဘုရား ဆရာသခင်အဆင့် ဆယ်ယောက်၏ တိုက်ခိုက်မှုက စတင်လို့လာသည်။
ဝှစ်! ဝှစ်! ဝှစ်!
ထို့နောက် အခန်းထဲတွင် တဖျစ်ဖျစ် တဖြောက်ဖြောက် မြည်သံများ ပဲ့တင်ထပ်လာသည်။ ထို့ကြောင့် အားလုံး လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကြတော့သည်။
ထိုအသံများ ရပ်တန့်သွားသောအခါ အခန်းတွင်း၌ သွေးနံ့များဖြင့် လှိုင်လှိုင်ထသွားသည်။ အခန်းထဲမှ မြင်ကွင်းကို ကြည့်ပြီး အခြားသူများအားလုံး နားဝေတိမ်တောင် ဖြစ်ကာ ကြောက်လန့်စိတ်ကြောင့် သူတို့ခေါင်းတွေ ပေါက်ကွဲမတတ် ဖြစ်လာရသည်။
သွေးများနှင့် အသားတွေပါလား။
အခန်း၏ ကြမ်းပြင်တွေ သွေးများ၊ အသားများနှင့် ပြည့်နှက်လို့နေသည်။ အသားစတွေ တစ်ပုံကြီးပါတကား။
အသားစတစ်ခုချင်းစီတိုင်းသည် သွေးသံတရဲရဲနှင့် ပုံသဏ္ဍာန် ဆိုးရွားလှသည်။
အခန်းတစ်ခုလုံးသည် သားသတ်ရုံအလား ထင်မှတ်မှားရသည်။ သွေးသံတရဲရဲနှင့် အသားစများကို ကြည့်ပြီး ကျန်သူများအားလုံး ကြောက်လန့်ကာ တုန်လှုပ်လာကြသည်။
ထို့ပြင် ယဲ့ဖန်နှင့် အနက်ရောင်ဝတ်စုံနှင့် လူရှစ်ယောက်က သွေးအိုင်ထဲ ရပ်လျက်ရှိသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။
ခက်ထန်သော မျက်လုံးများနှင့် ယဲ့ဖန်သည် ကူးယန်နှင့် ကူးဖုန်းတို့အား အရူးကို ကြည့်သလို ကြည့်၍ ပြောလိုက်သည်။
“မင်းဆန္ဒအတိုင်းပဲ တစ်ယောက်ကို အပိုင်းတစ်ထောင်စီပဲ”
တိတ်ဆိတ်လို့သွားသည်။
ယဲ့ဖန်၏ စကားကို ကြားပြီး အခန်းတစ်ခန်းလုံး တိတ်ဆိတ်လို့သွားသည်။
လူတစ်ယောက်ကို အပိုင်းတစ်ထောင်စီတဲ့လား။
အသားစများ ကြမ်းပြင်ပေါ် ပြန့်ကျဲနေသည်ကို မြင်ပြီး အခြားသူများအားလုံး ခေါင်းစခြေဆုံး အေးစက်သွားကြသည်။
သူတို့အားလုံး လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကြသည်။
“ဒါ … ဒါ မဖြစ်နိုင်ဘူးလေ”
ကူးယန်တောင်မှ မျက်နှာ ဖြူဖတ်ဖြူရော်ဖြစ်ကာ တုန်ယင်လာသည်။
*သူတို့ သေသွားပြီ*
သန်မာသော နတ်ဘုရား ဆရာသခင်အဆင့် ဆယ်ယောက်လုံး စက္ကန်ပိုင်းအတွင်း တစ်ယောက်ကို အပိုင်းတစ်ထောင်စီ ခုတ်ဖြတ်ခံလိုက်ရသည်။
*နတ်ဆိုးဆန်တဲ့ နည်းလမ်းတွေပါလား*
“ဘယ်လိုလုပ် လူရှစ်ယောက်က …”
ကူးယန် ရေရွတ်နေရင်း မျက်ခုံး လှုပ်လာရသည်။ ထို့နောက် သူက နတ်ဆိုးရှစ်ကောင်အား ထိတ်လန့်တကြား ငေးကြည့်နေမိသည်။
ကူးထျန်းက ပို၍ ထိတ်လန့်နေသေးသည်။ ဒုန်းခနဲ အသံနှင့်အတူ ကူးထျန်းသည် ခြေမခိုင်ချင်သလို ဖြစ်ကာ လဲကျသွားသည်။ ကြမ်းပြင်ပေါ်မှ ရဲရဲနီနေသောသွေးများနှင့် ထိမိပြီး သူ အန်ချင်သလို ဖြစ်သွားသည်။
“ရူးနေပြီ၊ သူ … သူ … စောက်ရမ်း ရူးနေပြီ”
ကူးထျန်း အစာအိမ်ထဲ ရှိသမျှ အကုန် အန်ထုတ်မိမလို ဖြစ်သွားသည်။ သည်လောက် ရက်စက်သော မြင်ကွင်းမျိုး သူ တစ်ခါမှ မမြင်ခဲ့ဖူးချေ။
*သတ်ဖြတ်ပွဲကြီးလိုပါပဲလား*
*သွေးသံတရဲရဲနဲ့ လူသတ်ပွဲကြီးပါလား*
ကူးရှုံးနှင့် ကူးမိန်တို့ နှစ်ယောက်လုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။
သူတို့နှစ်ယောက်လုံး အနက်ရောင် ဝတ်ရုံနှင့် လူရှစ်ယောက်အား ဝင်းပသော မျက်နှာများဖြင့် ကြည့်နေမိကြသည်။
ယဲ့ဖန်၌ ဝှက်ဖဲအနေနှင့် နတ်ဆိုးရှစ်ကောင် ရှိနေလိမ့်မည်ဟု သူတို့ ထင်မထားကြချေ။ နတ်ဆိုးရှစ်ကောင်၏ ရက်စက်မှုသည် သူတို့ ထင်ထားသည်ကို ပို၍ ရက်စက်နေ၏။
သူတို့သည် မိစ္ဆာများကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသည်။ သို့သော် ရက်စက်မှုကား မပြီးဆုံးသေးချေ။
ထို့နောက် ယဲ့ဖန်က ကူးယန်၏ မျက်လုံးကို စေ့စေ့ကြည့်ကာ မနှစ်မြို့ဖွယ်ကောင်းသော အပြုံးဖြင့် ပြောလိုက်သည်။
“နားထောင် ငါ မင်းညီကို သတ်ခဲ့တယ်”
“မင်း ငါ့လုပ်ရပ်ကို လက်ခံလား”
မောက်မာလွန်းလှသည်။ နိုင်လိုမင်းထက် ဆန်လှ၏။
*ငါ မင်းညီကို သတ်ခဲ့တယ်၊ မင်း ငါ့လုပ်ရပ်ကို လက်ခံလားတဲ့*
*ဒါက သောက်ရမ်းတွေ …*
ယဲ့ဖန်၏ မောက်မာ၍ အေးစက်သော စကားလုံးများက ကူးထျန်းအား သေမတတ် ကြောက်လန့် သွားစေသည်။
ဤမျှ မောက်မာသော သူအား ကူးထျန်း ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ တစ်နည်းဆိုရလျင် ကူးထျန်း၏ စိတ်ထဲတွင် ယဲ့ဖန်ကို လူသားတစ်ယောက်ဟုပင် မမြင်မိချေ။
ကူးယန် ကြောက်လန့်လာသည်။
ကူးယန်သည် တကယ့်ကို ပါရမီရှင် ဖြစ်သည်၊ သို့သော် နတ်ဆိုးရှစ်ကောင်နှင့် ရင်ဆိုင်ရသောအခါ သူသည် ပုရွက်ဆိတ်ကဲ့သို့ အားနည်းသွားသယောင် ခံစားမိသွားသည်။
အကယ်၍ သူသာ စ၍ တိုက်ခိုက်လိုက်လျင် သူသည်လည်း အပိုင်းပိုင်း ခုတ်ဖြတ်ခံရလိမ့်မည်ဟု ကူးယန် သေချာပေါက် သိနေသည်။
ထို့ကြောင့် သူ့နဖူးတွင် ချွေးများ စို့လာသည်။ ထို့နောက် သူ စကားစလာ၏။
“ဟေ့ကောင် မင်းက တယ်လာပါလား”
“မင်းသာ ယောကျ်ားဆိုရင် အခြားသူတွေနောက်မှာ ပုန်းမနေနဲ့ကွာ။ မင်းသာ ယောကျာ်းစစ်စစ်ဆိုရင် ငါနဲ့ လာတိုက်”
ကူးယန်၏ စကားကို ကြားပြီး ကူးမိန်နှင့် ကူးရှုံးတို့ မှင်တက်သွားသည်။ ထို့နောက် သူတို့ ယဲ့ဖန်အား ခပ်သွက်သွက် သတိပေးလိုက်သည်။
“အစ်ကိုယဲ့၊ သူ့ထောင်ချောက်ထဲ မဝင်လိုက်နဲ့နော်။ သူက အစ်ကို့ကို ဆွပေးနေတာ”
“ယဲ့ဖန် သူ့စကားတွေကို လုံးဝ မယုံနဲ့နော်။ ကူးယန်က သူ့ထက် အဆင့်လေးဆင့် မြင့်တဲ့ နတ်ဘုရား သေနာပတိအဆင့်ကို သတ်နိုင်တယ်။ သူနဲ့ လုံးဝ မတိုက်ပါနဲ့”
ကူးရှုံးနှင့် ကူးမိန်တို့ အလွန် စိုးရိမ်လာကြသည်။
သို့သော် ယဲ့ဖန် ပြောလာသည့် စကားများကို ကြားပြီးနောက်တွင် သူတို့နှစ်ယောက်လုံး ချက်ချင်း မျက်နှာ ပြာနှမ်းသွားသည်။
“ငါ့ကို ဆွပေးနေတာတဲ့လား”
ယဲ့ဖန်က ခေါင်းခါ၍ ပြုံးကာ ပြောလိုက်သည်။
“ပုရွက်ဆိတ်တစ်ကောင်က ဆင်တစ်ကောင်ကို ဆွပေးလည်း အသုံးမဝင်ဘူး။ အဲ့လိုပဲ တီကောင်တစ်ကောင်က နတ်ဆိုးတစ်ကောင်ကို ဆွပေးနေလည်း အပိုပဲ”
“မင်း ငါ့ကို လာဆွပေးစရာမလိုဘူး။ တကယ်လို့ မင်း ကိုယ့်သေတွင်း ကိုယ်တူးချင်နေတာဆိုရင် ငါ မင်းအိပ်မက်တွေ တကယ်ဖြစ်လာအောင် ဖြည့်ဆည်းပေးမယ်”

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now