Chapter 311

1.1K 124 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (21) CHAPTER (311) ငါ မင်းကို ဘယ်လိုလုပ် ခွင့်လွှတ်နိုင်မှာလဲ

ကောင်းရှန့်၏ ကိုယ်ပေါ်မှ ဆူးချွန်များ ဆွဲထုတ်ခံလိုက်ရသည်နှင့် သွေးများက ဒလဟော ပန်းထွက်လာသည်။
“အား”
ကောင်းရှန့် ထိတ်လန့်၊ ဒေါသထွက်ကာ ဟစ်အော်လိုက်မိသည်။
“မဖြစ်နိုင်ဘူး။ ဘယ်လိုလုပ် မင်းက ငါ့တိုက်ပွဲဝင် ဆူးချွန်တွေရဲ့ တိုက်ခိုက်မှုကနေ အသက်ရှင် နေသေးရတာလဲ”
ကောင်းရှန့် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ပါ။ သူ၏ သွေးဆိုး တိုက်ပွဲဝင် ဆူးချွန်များသည် သွေးသောက်ဓားထက် ပို၍ ထက်ရှသေးသည်။
ယဲ့ဖန်၏ အရေပြားအား ဖောက်ထွင်းမိသည်နှင့် သူ သေချာပေါက် သေဆုံးရပေလိမ့်မည်။ သို့ဖြစ်ပါလျက် ယခုအခါတွင် ...
ယဲ့ဖန်က ဂျွတ်ဟူသော မြည်သံနှင့်အတူ သက်သေပြလိုက်သည်။ ဒုတိယမြောက် တိုက်ပွဲဝင် ဆူးချွန်သည် သူ့ကိုယ်ပေါ်မှ ဆွဲဖြုတ်ခြင်း ခံလိုက်သည်။
ယဲ့ဖန်၏ မျက်လုံးများက ခက်ထန်လာသည်။ သူ၏ ခန္ဓာကိုယ်သည် အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်များ၏ အသွေးအသားများနှင့် ပြန်တည်ဆောက်ထားခဲ့ခြင်း ဖြစ်သည်။
မြင့်မြတ်သော ရှေးဟောင်းပစ္စည်းများတောင်မှ သူ့အရေပြားအား မဖောက်ထွင်းနိုင်ပါ။
“မင်းက အခုထိ ငါ့မျက်လုံးထဲမှာ တီကောင်လိုပါပဲလို့ ငါ ပြောခဲ့သားပဲ”
ထိုသို့ပြောပြီး ယဲဖ့န်သည် ဆူးပါသော ဘောလုံးအား မြေကြီးပေါ် ဖိကပ်၍ သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ပြီး ကောင်းရှန့်၏ ကိုယ်ပေါ်မှ ဆူးချွန်များအား လျင်မြန်စွာ ဆွဲထုတ်လေတော့သည်။
နောက်ထပ် မြည်သံနှင့်အတူ တတိယမြောက် သွေးဆိုးတိုက်ပွဲဝင် ဆူးချွန်သည် ကောင်းရှန့်၏ ကိုယ်ပေါ်မှ ဆွဲထုတ်ခံလိုက်ရသည်။
“အား...အား...အား...”
ကောင်းရှန့် နာကျင်စွာ ဟစ်အော်မိသည်။ သူ ကြောက်လန့်လို့လာသည်။ ယခင်တုန်းက သူ၏ သွေးဆိုး တိုက်ပွဲဝင် ခန္ဓာကိုယ်၏ နောက်ဆုံးအသွင်နှင့် ဆိုလျင် သူ ယဲ့ဖန်ကို လွယ်လင့်တကူ သတ်နိုင်ပြီဟု ယုံကြည်ခဲ့သည်။
မမျှော်လင့်ဘဲ သူ့အဖြစ်က အင်မတန် ဆိုးရွားလာခဲ့သည်။
“ယဲ့ဖန်၊ မင်း...မင်း ငါ့ကို မသတ်သင့်ဘူးနော်၊ ငါ့ဆရာက ရီကျန့်ထျန်းကွ၊ သူက နတ်ဘုရားတစ်ပိုင်းအဆင့်ကွ”
နတ်ဘုရားတစ်ပိုင်းအဆင့်သည် ဒဏ္ဍာရီလာ အထွတ်အထိပ်အဆင့်ထပ် အဆင့်တစ်ဆင့် ပိုမြင့်သည်။ နတ်ဘုရားတစ်ပိုင်းအဆင့်များသည် သူတို့၏ သေမျိုးခန္ဓာကိုယ်အား ဖယ်ရှား၍ နတ်ဘုရားအဖြစ်သို့ ပြောင်းလဲ ဖြစ်ပေါ်သွားကြသည်ဟု ဆိုကြသည်။
သူတို့သည် လက်ကလေး တစ်ချက်လှုပ်လိုက်ရုံနှင့် တောင်များကို ပြိုစေပြီး မြေငလျင်များကို ဖန်တီးနိုင်သည်။ သူတို့သည် အလွန် ထိတ်လန့်ဖွယ်ကောင်းလှ၏။
ကောင်းရှန့်၏ စကားကြောင့် ယဲ့ဖန်က အထင်သေးသလို ပြုံး၍ ပြောလိုက်သည်။
“နတ်ဘုရားတစ်ပိုင်းအဆင့်လား၊ သူလည်း တီကောင် သာသာပါပဲ”
*ဘာ*
ယဲ့ဖန်၏ စကားကြောင့် ကောင်းရှန့် ချက်ချင်း တွေဝေသွားသည်။
နတ်ဘုရားတစ်ပိုင်းအဆင့်သည် ကောင်းရှန့် မြင်ဖူးသမျှတွင် အသန်မာဆုံး သိုင်းအဆင့်ဖြစ်သည်။ သို့သော် ယဲ့ဖန်က နတ်ဘုရား တစ်ပိုင်းအဆင့်အား တီကောင်လိုသာ သဘောထားနေသေးသည်။
*မဖြစ်နိုင်ဘူး*
သို့သော် ယဲ့ဖန်သည် သူအား ပြန်ငြင်းခုံခွင့်ပင် မပေးတော့ပေ။ ထို့နောက် ကောင်းရှန့်သည် သူ့ခန္ဓာကိုယ်ပေါ်မှ လေးခုမြောက် သွေးဆိုး တိုက်ပွဲဝင် ဆူးချွန် ဆွဲထုတ်ခံလိုက်ရပြီးနောက် နောက်ထပ် စုတ်ပြဲခံလိုက်ရသည့် နာကျင်မှုကို ထပ်၍ ခံစားလိုက်ရသည်။
ချက်ချင်းဆိုသလိုပင် သူ့ကိုယ်မှ သွေးများ ပန်းထွက်လာပြန်သည်။
“မလုပ်နဲ့”
ကောင်းရှန့် ကြောက်လွန်းသဖြင့် ဘောင်းဘီထဲ သေးထွက်ကျလုမတတ် ဖြစ်သွားရသည်။ ထို့နောက် သူ အလွန် နောင်တရသလို ခံစားလာရသည်။ အကယ်၍ ယဲ့ဖန် သည်လောက် ရက်စက်တတ်သည်ကို သူ သိခဲ့ပါက သူ ဘယ်တော့မှ ယဲ့ဖန်ကို စိန်ခေါ်မိမည် မဟုတ်။
သို့သော် ယခုအချိန်မှ နောင်တရလည်း သူ့အတွက် အသုံးမဝင်တော့ချေ။ ဂျွတ်ခနဲ အသံနှင့်အတူ နောက်ထပ် သွေးဆိုး တိုက်ပွဲဝင် ဆူးချွန်တစ်ချောင်း ထပ်၍ ဆွဲထုတ်ခံလိုက်ရသည်။
“ဒီဆူးချွန်က သေသွားခဲ့တဲ့ ညအဖွဲ့သားတွေရဲ့ ဝိညာဉ်အတွက်ပဲ”
ဂျွတ်!
နောက်ထပ် သွေးဆိုး တိုက်ပွဲဝင် ဆူးချွန်တစ်ချောင်း သူ့ကိုယ်ထဲမှ သူ့အသွေးအသားနှင့်အတူ ဆွဲထုတ်ခံလိုက်ရသည်။
“ဒီဆူးချွန်က မကြာခင် ရောက်လာမယ့် မင်းရဲ့ သေခြင်းတရားအတွက်ပဲ”
ဂျွတ်!
“ဒီဆူးချွန်က ရို့စ်အတွက်ပဲ”
ရွှစ်!
“ဒီဆူးချွန်က အားဆန်အတွက်ပဲ”

ဤမြင်ကွင်းကို ကြည့်ပြီး အခြားသူများအားလုံး ကြက်သီးတဖြန်းဖြန်း ထသွားရသည်။ ဂျွတ်ဟူသော အသံများက သူတို့နားထဲ ဆက်တိုက် စွဲထင်ကျန်ရစ်နေသည်။
ခြံဝန်းတစ်ခုလုံး၌ ကောင်းရှန့်၏ ငယ်သံပါအောင် အော်ဟစ်သံများ ပဲ့တင်ထပ်နေ၏။ တိုက်ပွဲဝင် ဆူးချွန်များသည် ကောင်းရှန့်၏ ကိုယ်ပေါ်မှ ဆက်တိုက် ဆွဲထုတ်ခံနေရသည်။ ဆူးချွန်များ ပို၍ ဆွဲထုတ်ခံရလေ၊ ရဲရဲနီသော သွေးများက ပို၍ ပန်းထွက်လာလေ ဖြစ်သည်။
နာရီဝက်အတွင်းမှာပင် နောက်ဆုံးကျန်ရှိသော သွေးဆိုး တိုက်ပွဲဝင် ဆူးချွန်သည် သူ့ကိုယ်ပေါ်မှ ဆွဲထုတ်ခံလိုက်ရပြီးနောက် ကောင်းရှန့်သည်လည်း သွေးသံတရဲရဲနှင့် ပုံပျက်နေသော အသားဖတ် အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်.
သူ၏ လည်ပင်း၊ ကျောပြင်၊ ခါးနှင့် ဝမ်းဗိုက်တို့ရှိ သွေးသံတရဲရဲနှင့် အပေါက်များမှ သွေးများ စီးကျနေဆဲဖြစ်ပြီး သူသည်လည်း မြေကြီးပေါ်၌ လဲလို့နေသေးသည်။
သူ အတော်လေးကို ဆိုးဆိုးရွားရွား ဒဏ်ရာရထားသည်။
“နာလိုက်တာ …”
ကောင်းရှန့်သည် မည်သူမဆို အဘယ်နေရာတွင်မှ မခံစားဖူးသည့် နာကျင်မှုအား ခံစားလိုက် ရသကဲ့သို့ တုန်ယင်နေသော အသံဖြင့် ညည်းတွားလိုက်မိသည်။
သူ ကြောက်လန့်လို့နေသည်။ အကယ်၍ သူသာ အသက်ရှင်နိုင်မည်ဆိုပါက သူ ဘယ်တော့မှ ယဲ့ဖန် ထပ်၍ ရန်စမည် မဟုတ်ပါ။
နောက်ဆုံးတွင်တော့ သူ ယဲ့ဖန်ကို ကြောက်လို့လာပြီ ဖြစ်သည်။ သည်လောက် ရက်စက်၊ ကြမ်းကြုတ်သည့် လူမျိုး သူ တစ်ခါမှ မမြင်ခဲ့ဖူးပါ။ ယဲ့ဖန်သည် လုံးဝကို လူသားတစ်ယောက် မဖြစ်နိုင်ပေ။
“ယဲ့ဖန် … ငါ မှားသွားပါတယ်။ ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပေးပါ။ ငါ့ … ငါ့မှာ သွေးဆိုး တိုက်ပွဲဝင် ခန္ဓာကိုယ် ရှိတယ်လေ။ ငါ မင်းရဲ့ ကျေးကျွန်အဖြစ် နေနိုင်ပါတယ်။ ငါ မင်းရဲ့ ကြိုးဆွဲရာ ကပြီး မင်းရဲ့ ခြေနင်းခံအဖြစ် နောက်ကနေ လိုက်ပါ့မယ်။ ကျေးဇူးပြုပြီး … ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပေးပါ”
ကောင်းရှန့် သေရမည်ကို အလွန် ကြောက်နေသည်။ သူ သေခြင်းတရားကို အလွန် ကြောက်ရွံ့သည်။ ယဲ့ဖန်ကြောင့် သူ ဒုက္ခိတ ဖြစ်သွားတာ‌တောင်မှ သူ မသေချင်သေးပါ။
ယဲ့ဖန်အား အနူးအညွတ်တောင်းပန်နေသော မျက်နှာထားဖြင့် သူ ကြည့်နေမိသည်။ ဤသည်ကို ကြည့်ပြီး ဘေးပတ်လည်မှ ကျန်သိုင်းပညာရှင်များသည် သူတို့ အိပ်မက်မက်နေသည်ဟု ခံစားနေမိကြသည်။
လွန်ခဲ့သည့် နှစ်ဝက်ခန့်က ဓားသမားဂိုဏ်းသည် ကျန်းရှီမြို့၏ နံပါတ်တစ် အင်အားစု ဖြစ်ပြီး ကောင်းရှန့်သည်လည်း ကျန်းရှီမြို့၏ ဘုရင် ဖြစ်နေခဲ့သေးသည်။
သို့သော် ယခုအခါတွင် ဓားသမားဂိုဏ်း၏ ကျန်းရှီမြို့ ဂိုဏ်းခွဲကား သုတ်သင်ခံလိုက်ရလေပြီ။ ကောင်းရှန့်သည် ဒုက္ခိတဖြစ်နေပြီး ယဲ့ဖန်အား ခွင့်လွှတ်ပေးပါရန် ခွေးတစ်ကောင်လိုဆက်၍ တောင်းပန်နေသည်။
“မင်းကို ခွင့်လွှတ်ပေးရမယ် ဟုတ်လား”
ကောင်းရှန့်၏ စကားကြောင့် ယဲ့ဖန်က မကောင်းဆိုးဝါး အပြုံးမျိုးနှင့် ပြန်ပြောလိုက်သည်။
“မင်းကို ငါ ခွင့်လွှတ်ပေးရင်တောင်မှ ကျဆုံးသွားတဲ့ ညအဖွဲ့သားတွေရဲ့ ဝိညာဉ်က မင်းကို ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး”
“သွားသေလိုက်တော့”
ထိုသို့ပြောပြီး ယဲ့ဖန်၏ ခြေထောက်တစ်ဘက်က ကောင်းရှန့်၏ ခေါင်းပေါ်သို့ တဖြည်းဖြည်း နိမ့်ကျလာသည်။
“မလုပ်နဲ့”
ကောင်းရှန့် ကြောက်လန့်တကြား အော်ဟစ်လိုက်ပြီးနောက် သူ၏ဦးခေါင်းသည် ယဲ့ဖန်၏ ခြေထောက်ဖြင့် နင်းချေခြင်းကို ခံလိုက်ရသည်။
*သူ သေသွားပြီ*
*လွန်ခဲ့တဲ့ နှစ်ဝက်က ကျန်းရှီမြို့ကို စိုးမိုးခဲ့တဲ့ ဓားသမားဂိုဏ်းခေါင်းဆောင် ရီကျန့်ထျန်းရဲ့ နောက်ဆုံး တပည့် ကောင်းရှန့်က ခွေးလိုဝက်လို အလှောင်ခံရပြီး‌တော့ တီကောင်လို တက်နင်းခံလိုက်ရတယ်*
ပြောင်းပြန် ဖြစ်သွားသည့် အခြေအနေကြောင့် ကျန်းရှီမြို့ရှိ သိုင်းပညာရှင်များသည် ယဲ့ဖန်အား အလွန် လေးစားမိသွားသည်။
ထိုစဉ် ယဲ့ဖန်က လက်တစ်ဘက်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလိုပင် ပုရွက်ဆိတ် တပ်ဖွဲ့ကြီးက ကောင်းအိမ်တော်အတွင်းရှိ အခန်းများထဲသို့ လှစ်ခနဲ ပြေးဝင်သွားကြသည်။
တစ်ခဏမျှ အကြာတွင် သူတို့သည် ထူးဆန်းသည့် ကျောက်တုံးများစွာကို ဆွဲယူလာကြသည်။ ထူးဆန်းသော ကျောက်တုံးများအားလုံးသည် ထိပ်တန်း အရည်အသွေးများ ဖြစ်သည်။ ထိုကျောက်တုံး အားလုံးသည် တလက်လက် တောက်ပနေသော အလှဆင်ထားသည့် ပုံစံများရှိသည့် သလင်းကျောက်များ ဖြစ်သည်။
ထို့နောက် ယဲ့ဖန်သည် ထိုထူးဆန်းသော ကျောက်တုံးများပေါ်၌ ထူးဆန်းသည့် မှော်စာလုံးများကို သူ၏ ဓားကဲ့သို့ လက်ချောင်းများဖြင့် ရေးဆွဲလိုက်သည်။
ထိုထူးဆန်းသော ကျောက်တုံးများပေါ်၌ မှော်စာလုံးများ ရေးဆွဲပြီးသောအခါ ယဲ့ဖန်က လက်ကို ဝှေ့ယမ်း၍ အမိန့်ပေးလိုက်သည်။
“သွားကြ”
ထို့နောက်တွင် ပုရွက်ဆိတ်တပ်ဖွဲ့ကြီးက ကျန်းရှီမြို့၏ အရပ်မျက်နှာအနှံ့သို့ ပြေးထွက်သွားကြသည်။ ထို့အပြင် ယဲ့ဖန်က လေထဲသို့ လက်ညှိုးညွှန်ကာ ထူးဆန်း၍ ဆန်းကြယ်နက်နဲသော ဝင်္ကပါကို တည်ဆောက်လိုက်သည်။
ထို့နောက် သူသည် ကောင်းအိမ်တော်ခန်းမ၏ ခေါင်မို့ပေါ်သို့ ခုန်တက်ကာ ဟစ်အော်လိုက်သည်။
“စတင်စမ်း”
ထိုထူးဆန်း၍ ဆန်းကြယ်နက်နဲသော ဝင်္ကပါသည် ချက်ချင်းဆိုသလို ကောင်းကင်အနှံ့ ဖြန့်ကျက် သွားသည်။ ဆက်၍ ဖြစ်ပေါ်လာသော မြင်ကွင်းကား အလွန်ထိတ်လန့်စရာ ကောင်းလှသည်။
ဝုန်း!
ရုတ်တရက် ကောင်းကင်၌ မိုးကြိုးပစ်ခြင်းနှင့် လျှပ်စီးလက်ခြင်းတို့ ပေါ်ပေါက်လာသည်။ ထို့နောက် လေနှင့်အတူ ရေခီစွမ်းအင်စုများ ရောက်ရှိလာသည်။ထို့အပြင် နတ်ဆိုးချီဓာတ်များက ကျန်းရှီမြို့သို့ ရွာကျလာသည်။
ရေခီစွမ်းအင်နှင့် နတ်ဆိုးချီဓာတ်တို့ ပေါင်းစပ်သွားသည့်အခါ နှစ်ခုစလုံးက ကောင်းကင်၌ ထိုက်ချိပုံစံ ဖြစ်ပေါ်လာကာ ဘေးပတ်လည်ရှိ ရေခီစွမ်းအင်နှင့် နတ်ဆိုးချီဓာတ်များကို စုပ်ယူသွားသည်။
ရေခီစွမ်းအင်များ မိုးရေစက်ကဲ့သို့ ပေါများလာပြီးနောက် ရေခီစွမ်းအင် မြူခိုး ဖြစ်ပေါ်လာသည်။ နတ်ဆိုးချီဓာတ်များက အနက်ရောင် တိမ်တိုက်များ ဖြစ်သွားပြီး နေကိုတောင် ကာဆီးသွား၏။
ထို့သို့ ဖြစ်နေခိုက်တွင် ယဲ့ဖန်၏ နောက်လိုက်များသည် အလွန်များပြားလာသည့် ရေခီစွမ်းအင်များက သူတို့ကိုယ်ထဲ၌ တလိပ်လိပ် တိုးလာသလို ခံစားလာရသည်။
တဖျစ်ဖျစ် တဖြောက်ဖြောက် မြည်သံများနှင့်အတူ သူတို့သည် တစ်ဆို့ကြန့်ကြာနေသော အဆင့်မှ ချိုးဖောက်၍ အဆင့်တက်သွားနိုင်ကြသည်။
ဆရာသခင်အဆင့်။
ဆရာသခင် အထွတ်အထိပ်အဆင့်။
ဒဏ္ဍာရီ တစ်ပိုင်းအဆင့်။
ဒဏ္ဍာရီ အလယ်အလတ်အဆင့်။
ဒဏ္ဍာရီ အထွတ်အထိပ်အဆင့်။
နှစ်ဝက်ခန့် ကန့်သတ်ခံထားရပြီးနောက် ညအဖွဲ့သားများ၏ ကျင့်ကြံမှုအဆင့်များသည် မကြံစဖူး ကျစ်လစ်၊ခိုင်မာ၍ ပေါင်းစည်းလာသည်။
ရေခီစွမ်းအင်နှင့် နတ်ဆိုးချီဓာတ်များနှင့် ပြည့်နှက်လာပြီးနောက် သူတို့အားလုံးသည် တစ်ဆို့နေသော အဆင့်များမှ လျင်မြန်သော အရှိန်အဟုန်နှင့် အဆင့်တက်လာကြသည်။
သူတို့ မြင့်မားသော အဆင့်သို့ တက်ရောက်လာသလို မြို့တစ်ဝိုက်တွင် တဖျစ်ဖျစ် တဖြောက်ဖြောက် မြည်သံများစွာ ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now