Chapter 336

1K 121 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (23) CHAPTER (336) မသေမျိုး ခန္ဓာကိုယ်
ဒုန်း!
ယခုအချိန်တွင် ယဲ့ဖန်၏ ခွန်အားသည် ပြိုင်ဘက်ကင်းလှသည်။ မှော်ဝင်ပစ္စည်းအား သူ့လက်သီးကို သုံး၍ ဖျက်ဆီးလိုက်ပြီးနောက် ပတ်ဝန်းကျင်မှ မည်သူမျှ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ကြပေ။
*သူက မှော်ဝင်ပစ္စည်းကို သူ့လက်သီးကို သုံးပြီး ဖျက်ဆီးလိုက်တယ်*
*ဒါဆို သူ့လက်သီးတွေကလည်း မှော်ဝင်ပစ္စည်းပဲလို့ ပြောချင်တာလား။ မဖြစ်နိုင်ဘူးလေ*
အထူးသဖြင့် အလင်းတော် ဘုန်းတော်ကြီး၏ မျက်နှာက ထိတ်လန့်မှုများဖြင့် ဖုံးအုပ်သွားသည်။
သူသည် မျက်ခုံး တလှုပ်လှုပ်ဖြစ်နေရင်း တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထနေသည်။ သန်မာသော ရန်သူများနှင့် သူ ဆုံခဲ့ဖူးပါသည်၊ သို့သော် ယဲ့ဖန်သည် သူတို့အားလုံးထဲတွင် အထူးဆန်းဆုံးသူ ဖြစ်သည်။
ထိုစဉ် ယဲ့ဖန်သည် အလင်းတော် ဘုန်းတော်ကြီး၏ ခန္ဓာကိုယ်အား အလွန် ပြင်းထန်သော ခွန်အားဖြင့် ထိုးနှက်လိုက်သည်။
“ခွေးမသား”
အလင်းတော် ဘုန်းတော်ကြီး ဆက်တိုက် ကျိန်ဆဲလိုက်မိသည်။ သူ နောက်ဆုတ်လို့ရနိုင်မည့် လမ်းများက ယဲ့ဖန်၏ လက်သီးချက်ကြောင့် ပိတ်ဆို့ခံလိုက်ရသလို သူ ခံစားလိုက်မိသည်။
ထို့ကြောင့် သူ လုံးဝ နောက်ဆုတ်လို့မရသလို ရှောင်လို့လည်း မရပေ။
“တိုက်”
ယဲ့ဖန်နှင့် တိုက်ခိုက်ရန် ဖိအားပေးခံရသည်ကို သူ သတိပြုလိုက်မိသည်။ ထို့ကြောင့် သူသည် လက်သီးကို ဆုပ်၍ ယဲ့ဖန်အား ထိုးနှက်လိုက်သည်။
ဒုန်း!
သံမဏိ လက်သီးနှစ်ခု ထိပ်တိုက် တွေ့ဆုံသွားသဖြင့် ပြင်းထန်သော ပေါက်ကွဲမှု ဖြစ်ပေါ်လာသည်။ သို့သော် စက္ကန့်ပိုင်းအတွင်းမှာပင် အလင်းတော် ဘုန်းတော်ကြီး၏ လက်သီးသည် ကျိုးပေါက်သွားကာ သွေးများ ပန်းထွက်လာသည်။
“အား…”
အလင်းတော် ဘုန်းတော်ကြီးသည် အလွန် ထိတ်လန့်သွားရသလို ကြောက်လန့်ကြောက်သွားရသည်။ သူ နောက်သို့ ဆက်တိုက် ဆုတ်ခွာနေ၏။
သို့သော် ယဲ့ဖန်သည် လူတစ်ယောက်၏ အရိုး၌ ကပ်တွယ်နေသော သန်ကောင်ကဲ့သို့ သူ့အား ထပ်ကာတလဲလဲ ထိုးနှက်နေသည်။
ထို့နောက် ထိတ်လန့်ဖွယ်ကောင်းသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
ဝုန်း!
ယဲ့ဖန်၏ ပထမ လက်သီးချက်နှင့်အတူ အလင်းတော် ဘုန်းတော်ကြီး၏ လက်ပြင်ရိုး ကျိုးသွားသည်။ ဒုတိယ လက်သီးချက်နှင့်အတူ သူ၏ ဘယ်ခြေထောက် အက်ကွဲကာ သွေးနှင့် အသားစများက နေရာအနှံ့သို့ လွင့်စဉ်သွားသည်။
တတိယမြောက် လက်သီးချက်က သူ၏ ဝမ်းဗိုက်အောက်ပိုင်း ဖောက်ထွင်းသွားသည်။
….
လက်သီးချက်များနှင့်အတူ အလင်းတော် ဘုန်းတော်ကြီးသည် သူ၏ ခန္ဓာကိုယ် တစ်လက်မချင်းစီ ထိုးနှက်ခံနေရသဖြင့် စူးစူးဝါးဝါး အော်ဟစ်နေမိသည်။
အလွန် ဆိုးရွားလှအောင် ကိုယ်လက်အင်္ဂါများ ဖျက်ဆီးခံထားရသဖြင့် သူ့ပုံစံသည် အလွန့်ကို စိတ်မချမ်းမြေ့ဖွယ်ကောင်းလှသည်။
ယခုအချိန်တွင် ကြည့်နေသူများသည် ယဲ့ဖန်အား အလွန်တရာမှကို ကြောက်လန့်မိသွားကြသည်။ ကြောက်စရာ အကောင်းဆုံးသော အလင်းတော် ဘုန်းတော်ကြီးက ယဲ့ဖန်၏ ဖိနှိပ်ညှင်းပန်းလိုသော ပုံစံအောက်၌ ဖိနှိပ်ခံနေရမည်ဟု သူတို့ လုံးဝ တွေးထင်ထားမိခြင်း မရှိခဲ့ပေ။
ခဲလ်ဆာနှင့် သူ့လူများသည် အေးစက်သော ချီဓာတ်များက ခေါင်းစခြေအဆုံး ဖြတ်သန်းသွားသည်ဟု ခံစားလိုက်ရသဖြင့် ပြင်းထန်စွာ တုန်လှုပ်လာကြသည်။
“မဖြစ်နိုင်ဘူး ဒီကောင်က ဒဏ္ဍာရီအဆင့်ပဲ ရှိတာလေ”
ခဲလ်ဆာသည် မျက်ခုံးတလှုပ်လှုပ်ဖြစ်ကာ သူ့ရင်ထဲမှ ကြောက်စိတ်က ခန္ဓာကိုယ်တစ်ခုလုံးအား စိုးမိုးလာသလို ခံစားလိုက်မိသည်။
သို့သော် ဤမျှနှင့် အဆုံးမသတ်သေးပေ။
“သေလိုက်တော့”
ထိုကဲ့သို့ ခက်ထန်သော အသံနှင့်အတူ ယဲ့ဖန်သည် အလင်းတော် ဘုန်းတော်ကြီးအား အကြိမ်ကြိမ် အခါခါ ထိုးနှက်လေတော့သည်။
ဝုန်း!
တိုက်ပွဲဝန်းကျင်မှ မြေကြီးတစ်ခုလုံး ပုံပျက်ပန်းပျက် ဖြစ်ကာ သူ၏ လက်သီးချက်ကြောင့် မြေဆီလွှာသည် အောက်သို့ နိမ့်ဝင်သွားသည်။
အလင်းတော် ဘုန်းတော်ကြီးသည် အလွန် ကြောက်စိတ်မွှန်ကာ ယဲ့ဖန်၏ လက်သီးချက်များက သူ့ကိုယ်ပေါ် ကျရောက်လာသည်ကို ကြည့်နေရုံသာ တတ်နိုင်တော့၏။
ဝုန်း!
ရဲရဲနီသော သွေးများက လေထဲသို့ ပန်းထွက်လာသည်။ အလင်းတော် ဘုန်းတော်ကြီး၏ ခန္ဓာကိုယ်တစ်ခုလုံး အရိုးအစအနပင် မကျန်လောက်သည်အထိ ပေါက်ကွဲသွားလေတော့သည်။
တိတ်ဆိတ်ခြင်း!
ယခုအချိန်တွင် ဘေးပတ်လည်မှ ကြည့်နေသူများအားလုံး ငြိမ်သက်ကာ တိတ်ဆိတ်သွားကြသည်။
အခြား နတ်ဘုရားအဆင့် ငါးယောက်နှင့် နတ်ဘုရားတစ်ပိုင်းအဆင့် တစ်ယောက်တို့တောင်မှ တိုက်ခိုက်နေရာမှ ရပ်ကာ တွေတွေကြီး ငေးနေကြသည်။
လေထုထဲမှ သွေးမိုးများကို ကြည့်ရင်း နတ်ဘုရားအဆင့်များတောင်မှ ကြောက်စိတ်ဝင်ကာ ချမ်းစိမ့်စိမ့် ဖြစ်လာကြသည်။
*သေပြီလား*
နတ်ဘုရားမမြို့တော်မှ နောက်လိုက်များသည်လည်း အလွန်တရာမှကို အံ့အားသင့်သွားကြသည်။ နတ်ဘုရားအဆင့် တစ်ယောက် အသတ်ခံရသည်ကို သူတို့ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ပြီး အထူးသဖြင့် လက်သီးချက်ကြောင့် ပေါက်ကွဲသွားသည်ကို ယခုမှ မြင်ဖူးခြင်း ဖြစ်သည်။ အံ့ဩစရာ ကောင်းလိုက်ပါဘိ။
ဝုန်းခနဲ အသံနှင့်အတူ ခဲလ်ဆာနှင့် အခြားသူများ ပြာနှမ်းနေသော မျက်နှာထားနှင့်အတူ ဖင်ထိုင်ရက် လဲကျသွားကြသည်။
ယဲ့ဖန်၏ ရက်စက်မှုက သူတို့အား လိပ်ပြာလွင့်ထွက်သွားအောင် ခြောက်လှန့်လို့နေ၏။
သူတို့စိတ်ထဲတွင် ယဲ့ဖန်သည် ရက်စက်သော သားရဲကဲ့သို့သော မကောင်းဆိုးဝါးဟု မြင်ယောင်လာသည်။
သို့သော် အလင်းတော် ဘုန်းတော်ကြီးအား ပေါက်ကွဲအောင် လုပ်လိုက်ပြီးနောက် ယဲ့ဖန်၏ မျက်နှာ၌ အံ့ဩသွားဟန် ပေါ်လာသည်။
“မသေမျိုး ခန္ဓာကိုယ်၊ စကြဝဠာထဲက ထိပ်တန်း ပြိုင်ဘက်ကင်း ခန္ဓာကိုယ်ဆယ်ခုထဲက တစ်ခုပါလား”
*ဘာ*
ယဲ့ဖန်၏ ဆိုလိုရင်းကို မည်သူမျှ နားမလည်ကြပေ။ သို့သော် ထိုအချိန်တွင် အလင်းတော် ဘုန်းတော်ကြီး၏ ခက်ထန်သော အသံကို သူတို့ကြားလိုက်ကြသည်။
“ယဲ့ဖန် ခွေးမသား”
အခြားသူများ နားဝေတိမ်တောင် ဖြစ်နေစဉ်မှာပင် အလင်းတော် ဘုန်းတော်ကြီး၏ သွေးစက်များက လွင့်ပြယ်သွားခြင်း မရှိဘဲ လျင်မြန်စွာ သိပ်သည်းလာသည်ကို သတိပြုလိုက်မိသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ ခြေထောက်များ ပြန်လည် ဖွဲ့စည်းလာသည်၊ ထို့နောက် ပေါင်လယ်၊ ဝမ်းဗိုက်အောက်ပိုင်း၊ ရင်ဘက်၊ ပခုံးနှင့် လက်မောင်းများ ဖြစ်ပေါ်လာသည်။
နောက်ဆုံးတွင် သူ၏ဦးခေါင်းပါ ပြန်လည်ထွက်ပေါ်လာ၏။ အလင်းတော် ဘုန်းတော်ကြီး အသက်ပြန်ရှင်လာလေပြီ။
....
ဤသည်ကို ကြည့်ပြီး အခြားသူများအားလုံး ထပ်မံ၍ တွေဝေသွားကြသည်။ အလင်းတော် ဘုန်းတော်ကြီးသည် သွေးစက်များအဖြစ် ပေါက်ကွဲသွားပြီးတာတောင်မှ အသက်ရှင်နေဦးမည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့မိကြပေ။
*မဖြစ်နိုင်ဘူးလေ*
သာမန်လူများသာမက နတ်ဘုရားအဆင့် ငါးယောက်နှင့် နတ်ဘုရားတစ်ပိုင်းအဆင့် ခြောက်ယောက်ပါ အကြီးအကျယ် ထိတ်လန့်သွားကြသည်။
သို့သော် ယခုအချိန်တွင် အလင်းတော်ဘုန်းတော်ကြီးသည် အခြားသူများ၏ တုံ့ပြန်မှုကို မသိချင်ယောင် ဆောင်ထားသည်။
ထိုအစား သူသည် ယဲ့ဖန်အား မုန်းတီးစွာ စိုက်ကြည့်နေ၏။
“မင်းက ငါ့ကို ပြန်လည်ရှင်သန်လာအောင် လုပ်ဖို့ ဖိအားပေးတဲ့ ပထမဆုံးသူပဲ။ ဒီလိုဆိုမှတော့ မင်းရဲ့သေခြင်းတရားအတွက် မင်း ဂုဏ်ယူသင့်တယ်”
အကြွင်းမဲ့ အာဏာရှင်ဆန်လှ၏။
အလင်းတော် ဘုန်းတော်ကြီး၏ စကားကြောင့် နတ်ဘုရားမ၏ နောက်လိုက်များ စိတ်လှုပ်ရှားမှုကြောင့် သွေးပွက်ပွက်ဆူလာသည်။
*မသေမျိုး ခန္ဓာကိုယ်*
*ဒါ တကယ့်ကို မသေမျိုး ခန္ဓာကိုယ်ပဲ*
နတ်ဘုရားမ၏ နောက်လိုက်များသည် ရူးသွပ်စွာ ဟစ်ကြွေးလာကြသည်။
“အလင်းတော် ဘုန်းတော်ကြီး”
“အလင်းတော် ဘုန်းတော်ကြီး”
“အလင်းတော် ဘုန်းတော်ကြီး”
ယခုအချိန်တွင် သူတို့ရင်ထဲ၌ အလင်းတော် ဘုန်းတော်ကြီး၏ နေရာ၏ အဆင့်အတန်းက မြင့်မားလာပြီး နတ်ဘုရားမတို့၏ ဧကရီအပြင် သူသည်လည်း သူတို့၏ စံပြပုဂ္ဂိုလ် ဖြစ်လာသည်။
မသေမျိုး။ သူသည်လည်း သန်မာလွန်းလှသည်။
သူတို့၏ ဟစ်ကြွေးသံများကို နားထောင်ပြီး အလင်းတော် ဘုန်းတော်ကြီးသည် ကျေနပ်သွားသလို ပြုံးလိုက်မိသည်။
“ဟားဟား ... ယဲ့ဖန် မင်းက အင်အားကြီးပါတယ်၊ အဲ့တော့ကော ဘာလုပ်ရမှာလဲ။ ငါက မသေမျိုးကွ၊ မင်း ငါ့ကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ။ ဟားဟား ....”
ထိုသို့ပြောပြီး အလင်းတော် ဘုန်းတော်ကြီးက ဟားတိုက်ရယ်မောလေသည်။ သူ့စိတ်ထဲတွင် မသေမျိုးဟူသည်ကား မလွှမ်းမိုးနိုင်ဟု အဓိပ္ပာယ်ပေါက် ထင်မြင်နေ၏။
သို့သော် ထိုစဉ် မောက်မာစွာ ဟားတိုက်ရယ်မောနေသော အလင်းတော် ဘုန်းတော်ကြီးကို ကြည့်ပြီး ယဲ့ဖန်က မထီမဲ့မြင် အပြုံးနှင့် ပြောလိုက်သည်။
“ထိပ်တန်း ပြိုင်ဘက်ကင်း ခန္ဓာကိုယ်ဆယ်ခုထဲက တစ်ခုဖြစ်တဲ့ မသေမျိုးခန္ဓာကိုယ်လား၊ အဲ့တော့ ဘာလုပ်ရမှာလဲ”
“ငါ မင်းကို သေစေချင်ရင် မင်း အသက်မရှင်နိုင်ဘူး”
ထိုသို့ပြောပြီး ယဲ့ဖန်က အလင်းတော် ဘုန်းတော်ကြီးထံသို့ ထပ်၍ ပြေးဝင်သွားသည်။
ဒုန်း! ဒုန်း! ဒုန်း!
ယဲ့ဖန်က ရှေးဟောင်း သားရဲကောင်ကဲ့သို့ အလင်းတော် ဘုန်းတော်ကြီးအား အဆက်မပြတ် ထိုးနှက်နေသည်။
ဝုန်း!
အလင်းတော် ဘုန်းတော်ကြီး၏ ခန္ဓာကိုယ် ထပ်၍ ကိုယ်အင်္ဂါ အစိတ်အပိုင်းများကပေါက်ကွဲသွားကာ နေရာအနှံ့သို့ လွင့်စဉ်သွားသည်။
တစ်ခဏကြာသော် သူ့ခန္ဓာကိုယ်အား ပြန်လည်ဖွဲ့စည်းရန် ပြင်လာသည်။ သို့သော် ထိုသို့ ဖွဲ့စည်း၍ မပြီးသေးခင်တွင် ယဲ့ဖန်က ထပ်မံ၍ လက်သီးချက်များ ထိုးသွင်းလာသည်။
ဝုန်း! ဝုန်း! ဝုန်း!
ဘေးပတ်လည်မှ လူတိုင်း ကြက်သီးတဖြန်းဖြန်း ထသွားကြသည်။ သူတို့သည် အလင်းတော် ဘုန်းတော်ကြီး ပေါက်ကွဲလိုက်၊ ပြန်လည် ဖွဲ့စည်းလိုက် ဖြစ်နေသည်ကို အဖန်တလဲလဲ မြင်နေရသည်။
သို့သော် သူသည် သူ့ခန္ဓာကိုယ်အား တစ်ကြိမ် ပြန်လည်ဖွဲ့စည်းလိုက်တိုင်း သူ အနည်းငယ် ပို၍ အားနည်းလာသည်။
တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်။
….
ဆယ်ကြိမ်ခန့် ဖောက်ကွဲခံရပြီးနောက် အလင်းတော် ဘုန်းတော်ကြီးသည် အလွန် ချည့်နဲ့လာသည်။
“ခွေးမသား”
အလင်းတော် ဘုန်းတော်ကြီး ဒေါသအိုး ပေါက်ကွဲနေ၏။ အချိန်တိုလေးအတွင်း၌ လူတစ်ယောက်က သူ့အား ဆယ်ကြိမ်ခန့် ဖောက်ကွဲနိုင်သည်ကို သူ မယုံကြည်နိုင်ချေ။
ထို့ပြင် သူ ဆက်၍ ခန္ဓာကိုယ်အား ဖွဲ့စည်းနေပါက သူ အမှန်တကယ် သေဆုံးသွားလောက်သည်ဟု ခံစားမိနေသည်။
အလင်းတော် ဘုန်းတော်ကြီးသည် ဦးရေပြားများ စပ်ဖျဉ်းဖျဉ်း ဖြစ်လာသလို ခံစားနေရသည်။ ထို့နောက် သူက ဟစ်အော်လိုက်သည်။
“ခင်ဗျား အခု ထွက်လာလိုက်ရင် ကောင်းမယ်။ ခင်ဗျားက ကျုပ်သေမှာကို ထိုင်ကြည့်ချင်နေတာလား”
*အမ်*
အလင်းတော် ဘုန်းတော်ကြီး၏ စကားကြောင့် အခြားသူများ တစ်ခဏမျှ မှင်တက်သွားကြသည်။ ထို့စဉ် ထူးဆန်းသော ခပ်အက်အက် အသံတစ်ခုကို သူတို့ ကြားလိုက်ရသည်။
“ဟားဟား … မသေမျိုး ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ အလင်းတော် ဘုန်းတော်ကြီးက ပုရွက်ဆိတ်လိုကောင်ကြောင့် ဆယ်ကြိမ်ဆက်တိုက် ပေါက်ကွဲသွားရလိမ့်မယ်လို့ ကျုပ် ထင်မထားမိဘူး။ စိတ်ဝင်စားစရာပဲ၊ တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတယ်”
ထိုသို့သော တင်းမာပြီး ရိသဲ့သဲ့ စကားအဆုံး၌ ထူးဆန်းသော အနက်ရောင် မြူခိုးတစ်ခုက လေထုအတွင်း ပျံ့နှံ့လာ၏။
ထို့နောက် အနက်ရောင် မြူခိုးသည် သိပ်သည်းလာပြီးနောက် အိုမင်းနေသော အဘိုးအိုတစ်ယောက် အသွင်ပြောင်းသွားကာ မြေကြီးပေါ် ဆင်းသက်လာသည်။
သူသည်ကား အနောက်တိုင်း တစ္ဆေနတ်ဘုရားပင်။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now