Chapter 396

964 100 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် 27 CHAPTER (396) ရန်သူများ ရောက်ရှိလာခြင်း

မနက်အစောပိုင်းတွင် သတင်းတစ်ပုဒ်က ကူးလန်ဂြိုဟ်အနှံ့သို့ ဟာရီကိန်း မုန်တိုင်းသဖွယ် ပျံနှံ့သွားသည်။
ဂြိုဟ်ခေါင်းဆောင် ဟဲလန်နှင့် သူ၏ ကလန်တစ်ခုလုံး သုတ်သင်ခံလိုက်ရလေပြီ။
သတင်းအရ ဂြိုဟ်ခေါင်းဆောင်၏ အိမ်တော်၌ သွေးများက စမ်းချောင်းသဖွယ် စီးဆင်းနေပြီး အလောင်းများက တောင်လိုပုံနေသည်ဟု ဆိုသည်။
ဟဲကလန်မှ သိုင်းပညာရှင်များ၏ အရိုးများက သူတို့၏ ခန္ဓာကိုယ်ထဲမှ ရက်ရက်စက်စက် ဆွဲထုတ်ခံထားရသည်။ ထို့ကြောင့် ဂြိုဟ်ခေါင်းဆောင်၏ အိမ်တော်၌ စွတ်စွတ်ဖြူနေသော အရိုးများဖြင့် ပြည့်နှက်လို့နေသည်။
ဂြိုဟ်ပေါ်မှ လူတိုင်းသည် လူသတ်သမား၏ အသိုင်းအဝိုင်းကို ခန့်မှန်းနေကြသည်။
သို့သော် ထိုကလန်အား ငရဲမှ နတ်ဆိုးများက သုတ်သင်သွားသည်ဆိုတာကိုတော့ မည်သူမျှ မသိကြချေ။
ကူးလန်ဂြိုဟ်ရှိ မြို့တစ်ခု၏ ဆင်ခြေဖုံးရပ်ကွက်၌ ခြံဝန်းလေးနှင့် အိမ်တစ်အိမ် ရှိသည်။
ကူးရှုံးနှင့် ကူးမိန်တို့ ထိုသတင်းကို ကြားလိုက်ရစဉ်တွင် နှစ်ယောက်လုံး အကြီးအကျယ် ထိတ်လန့်သွားကြသည်။
ဘာရယ်ကြောင့်မှန်း မသိသော်လည်း သူတို့သည် ယဲ့ဖန် ဟူသော လူတစ်ယောက်ကို ရုတ်တရက် အမှတ်ရသွား၏။
ကူးမိန်၏ ထိတ်လန့်နေသော မျက်နှာ ကွယ်ပျောက်မသွားခင် သူမသည် ဘေးသို့ ခပ်သွက်သွက် လှည့်၍ ကူးရှုံးကို မေးလိုက်သည်။
“ရှုံး၊ အစ်ကိုယဲ့ မနေ့ညက ဘယ်အချိန်လောက် ပြန်လာတာလဲ”
*ဟမ်*
ကူးရှုံး တစ်ဒင်္ဂမျှ မှင်တက်သွားသည်။ ထို့နောက် သူသည် မျက်မှောင်ကြုတ်ကာ စက္ကန့်အနည်းငယ်မျှ တွေးလိုက်သည်။
“ညကိုးနာရီတော့ နည်းနည်းကျော်မယ် ထင်တယ်။ ဘာ … အဲ့တိုက်ခိုက်မှုကို အစ်ကိုယဲ့ လုပ်တယ်လို့ မင်း ထင်နေတာလား”
ကူးရှုံးသည် ချက်ချင်း ထိတ်လန့်ကာ တုန်ယင်သွားပြီး ကပျာပယာ ခေါင်းခါ၍ ငြင်းဆန်လေသည်။
“မဖြစ်နိုင်ဘူး၊ အစ်ကိုယဲ့က ဆန်းကြယ်တဲ့သူဆိုတာကို ငါ လက်ခံတယ်၊ ဒါပေမယ့် ဂြိုဟ်ခေါင်းဆောင်ရဲ့ အိမ်တော်ထဲမှ သိုင်းပညာရှင်တွေ အများကြီး ရှိနေတာလေ။ ဂြိုဟ်ခေါင်းဆောင် ဟဲလန်ကလည်း နတ်ဘုရား အရှင်သခင်အဆင့်ပဲ။ အစ်ကိုယဲ့က သန်မာတယ်ဆိုရင်တောင်မှ သည်လိုကိစ္စမျိုးကို သူ ဆောင်ရွက်နိုင်မှာ မဟုတ်ဘူး”
ကူးမိန်သည်လည်း ကူးရှုံး နည်းတူ တွေးမိပါသည်၊ သို့သော် သူမသည် မရည်ရွယ်ဘဲ ယဲ့ဖန်နှင့် ပတ်သက်နေလိမ့်မည်ဟု တွေးနေမိသေးသည်။
ကူးလန်ဂြိုဟ်၌ ထိုကဲ့သို့ ကိစ္စမျိုးအား လုပ်ဆောင်နိုင်သူဟူ၍ ယဲ့ဖန် တစ်ဦးတည်းသာ ရှိမည်ဟု သူမ အလိုလို သိနေသည်။
“ရှုံး၊ မိန်။ မင်းတို့ တကယ် ပြန်ရောက်နေတာပဲ”
ကူးရှုံးနှင့် ကူးမိန်တို့ စကားဆက်ပြောနေစဉ်တွင် အပြင်ဘက်မှ ရွဲ့တဲ့တဲ့ ပြောသော အသံကို ရုတ်တရက် ကြားလိုက်ရသည်။ သူတို့ ချက်ချင်း ထိတ်လန့်သွားကြသည်။
သို့သော် သူတို့ ထရပ်လိုက်သည်နှင့် လူဆယ်ယောက်က သူတို့ကို ဝိုင်းထားလာသည်။
သူတို့အားလုံးသည် အလွန်သန်မာသော ချီဓာတ်များ ပိုင်ဆိုင်ထားသည့် နတ်ဘုရား ဆရာသခင်အဆင့်များ ဖြစ်ကြသည်။
သူတို့ အတူတကွ ရပ်နေကြသဖြင့် သူတို့၏ ကြောက်မက်ဖွယ် ချီဓာတ်များက ကူးရှုံးနှင့် ကူးမိန့်တို့အား ကြောက်ရွံ့စေပြီး တုန်ယင်သွားစေခဲ့သည်။
“ကူးထျန်း မင်း …”
လူငယ်တစ်ယောက် လျှောက်လာနေသည်ကို မြင်ပြီး ကူးရှုံး၏ မျက်နှာက ချက်ချင်း တင်းမာသွားသည်။
ထိုသူသည် ကူးရှုံး၏ ညီ ကူးထျန်း ဖြစ်သည်။ သူတို့သည် သွေးသား တော်စပ်သော်လည်း စိတ်ဓာတ်ချင်း မတူပေ။ ကူးထျန်းသည် ယုတ်မာ၍ ဝတ်ကျေတမ်းကျေ အလုပ်လုပ်ရင်း အကွက်ချောင်းနေတတ်သူ ဖြစ်သည်။ သူသည် အမြဲ ကူးမိန်အား ကူးထို့နှင့် လက်ဆက်စေချင်ခဲ့သည်။ သို့သော် ကူးရှုံးနှင့် ကူးမိန်တို့က သူပြောသည့်စကားကို အသည်းအသန် ငြင်းဆန်ခဲ့ကြသည်။
သို့သော် ကူးထျန်းသည် ဘယ်သောအခါမှ လက်မလျော့ခဲ့။ သူသည် ကူးမိန်ကို ဆွဲ၍ သူမအား ကူးထို့၏ ခုတင်ပေါ်သို့ ပစ်တင်ခဲ့သေးသည်၊ သို့သော် အဆုံးသတ်တွင်တော့ ကူးရှုံးက သူမအား ကယ်ဆယ်နိုင်ခဲ့သည်။
ထိုအချိန်မှစ၍ ကူးရှုံးနှင့် ကူးမိန်တို့သည် ကူးထျန်းနှင့် လုံးဝ ရေစက်ဖြတ်လိုက်လေတော့သည်။ မထင်မှတ်ဘဲ ကူးထျန်းက သူတို့နှင့် ဆက်၍ ပြောဆိုဆက်ဆံချင်နေသေးသည်။
“ဟီးဟီး … ရှုံး၊ မိန်။ မတွေ့ရတာ ကြာပြီနော်”
ကူးထျန်းက သူတို့နှစ်ယောက်အား မချိုမချဉ်မျက်နှာပေးနှင့် ထိုအစ်ကိုကြီးနှင့် ညီမလေးက သူ၏ မိသားစုဝင်မဟုတ်သယောင် နှုတ်ဆက်လာသည်။ သူတို့သည် သူ မြင့်မားသော အဆင့်အတန်းအား ရရှိရန် နင်းချချင်သည့် လှေကားထစ်များ သာသာပင် ဖြစ်သည်။
“ကူးထျန်း မင်း ဘာအတွက် ဒီကို လာတာလဲ”
ကူးရှုံးက ဒေါသထွက်နေသော မျက်လုံးများဖြင့် အော်လိုက်သည်။ ထိုအခါ ကူးထျန်းက တင်းမာသော မျက်နှာထားဖြင့် ပြောလာသည်။
“ရှုံး ထပ်ပြီး အပြစ်မရှိသလို ဟန်ဆောင်မနေစမ်းပါနဲ့။ ငါက မင်းတို့ကို ဒုတိယ သခင်လေး ကူးထို့ ဘယ်ရောက်နေသလဲဆိုတာ မေးမလို့ လာတာ”
*ဘာ*
သူ့စကားကြောင့် ကူးရှုံးနှင့် ကူးမိန်၏ မျက်နှာပေါ်၌ ကြောက်စိတ်များ ဖုံးလွှမ်းလာသည်။ ထို့နောက် ကူးရှုံးက လိမ်ပြောလိုက်သည်။
“မင်းက ကူးထို့ရဲ့ လက်ပါးစေလေ။ သူ ဘယ်မှာလဲဆိုတာ မင်း ရှင်းရှင်းလင်းလင်းကို သိထားမှာပဲလေ။ ငါတို့က ဘယ်သိမလဲ”
“မင်း မသိဘူး ဟုတ်လား”
ကူးထျန်း၏ အပြုံးက မနှစ်မြို့ဖွယ်ကောင်းလာပြီး လန့်ချင်စရာ ကောင်းလာပြီး သူက ဆက်ပြောလာသည်။
“ကောင်းပြီလေ၊ မင်းက သူ ဘယ်မှာလဲဆိုတာကို မပြောချင်မှတော့ ငါက မင်းပါးစပ်ဟလာအောင် လုပ်ပေးရမှာပေါ့”
ထိုသို့ပြောပြီး ကူးထျန်းက အခန်းထဲ အတင်းဝင်လာသည်။ ထို့နောက် သူတို့သည် ခြေသံများစွာကို ကြားလိုက်ရပြီး ရှင်းလင်းပြတ်သားသော မျက်နှာထားနှင့် လူငယ်တစ်ယောက် ဖြည်းညှင်းစွာ ဝင်ရောက်လာသည်ကို မြင်လိုက်ရသည်။
ထိုသူကို မြင်သည်နှင့် ကူးရှုံးနှင့် ကူးမိန်တို့ နှစ်ယောက်လုံး ပြာနှမ်းသွားသည်။
ကူးယန်ပါလား။
ကူးထို့၏ အစ်ကိုကြီး ဖြစ်သလို ကူးလန်ဂြိုဟ်၏ နံပါတ်တစ် နတ်ဘုရား ဆရာသခင်အဆင့် သိုင်းပညာရှင်လည်း ဖြစ်သည်။
ကူးယန်သည် တစ်ချိန်က သူ့ထက် အဆင့်လေးဆင့် မြင့်သော နတ်ဘုရား သေနာပတိအဆင့် တစ်ယောက်အား သတ်ခဲ့ဖူးသည်။
ထိုအချိန်မှစ၍ ကူးယန်သည် ကူးလန်ဂြိုဟ်ပေါ်၌ ထူးဆန်းသော နံပါတ်တစ် နတ်ဘုရား ဆရာသခင်အဆင့် သိုင်းပညာရှင်အဖြစ် ကျော်ကြားလာသည်။
သူ သည်လောက် မြန်ဆန်စွာ ရောက်ချလာလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့မိပါ။ ကူးယန်၏ ခြေလှမ်းတိုင်းက ကူးရှုံးနှင့် ကူးမိန်တို့အား မြေကြီးထဲသို့ ဝပ်ဆင်းသွားအောင် နင်းချေလိုက်သလိုပင်။
ကူးယန် ရပ်လိုက်သည်နှင့် ကူးရှုံးနှင့် ကူးမိန်တို့ သူတို့ကိုယ်ပေါ် အလွန်ကြီးမားသော ဝန်တစ်ခု ပစ်တင်လိုက်သလို ခံစားလိုက်ရသည်။
ကြောက်မက်ဖွယ်ကောင်းလှသည်။
သူတို့မျက်လုံးထဲတွင် ကူးယန်သည် နတ်ဆိုးကဲ့သို့ ကြောက်မက်ဖွယ် ကောင်းလှသည်။
သူသည် သူ၏ ရန်သူများအား ခြေလှမ်းနှင့်ပင် အပြင်းအထန် ဒဏ်ရာရအောင် လုပ်နိုင်နေသည်။ သူ၏ ခွန်အားကား အံ့မခန်းပင်။
“ပြောမလား အသေခံမလား”
ကူးယန်က ကူးရှုံးနှင့် ကူးမိန်တို့ကို စိုက်ကြည့်ကာ ပြင်းထန်၍ သန်မာသော ချီဓာတ်တို့နှင့်အတူ မေးလိုက်သည်။
“ငါ့ညီကို ဘယ်သူ သတ်တာလဲ”
သူ့ညီကို နတ်ဘုရား ဆရာသခင်အဆင့် ခုနစ်ယောက်က ကာကွယ်ပေးထားသည်ကို ကူးယန် သိသည်။ ထို့ကြောင့် ကူးရှုံးနှင့် ကူးမိန်တို့က ကူးထို့အား တစ်စက်ကလေးမျှ ထိခိုက်အောင် မလုပ်နိုင်ချေ။
ထိုသို့ဖြစ်သောကြောင့် ကူးထို့ကို သတ်လိုက်သော အခြားတစ်ယောက် ရှိကိုရှိနေလိမ့်မည်။
ကူးယန်၏ ကြုံးဝါးသံအဆုံးတွင် ကူးရှုံးနှင့် ကူးမိန်တို့၏ မျက်နှာများက ချက်ချင်း ဖြူဖတ်ဖြူရော် ဖြစ်သွားသည်။
ဤသည်ကို ကြည့်ပြီး ကူးထျန်းက လှောင်ပြုံးပြုံး၍ ပြောလိုက်သည်။
“ရှုံး၊ မိန်။ အမှန်အတိုင်း ပြောလိုက်စမ်းပါ”
“အမှန်အတိုင်း ပြောရရင် ငါက မင်းတို့ရဲ့ စကြဝဠာ ကိုဩဒိနိတ်ကို ကူးထို့ကို ပေးလိုက်တာ။ အဲ့ဒါကြောင့် ကူးထို့က မင်းတို့ကို ဖမ်းမိသွားတာ။ ဒါပေမယ့် ငါတို့ ဒုတိယသခင်လေးရဲ့ အလောင်းကို စကြဝဠာထဲမှာ ရှာတွေ့ခဲ့တယ်”
ကူးထျန်းက ခက်ထန်သော အကြည့်များဖြင့် ဆက်ပြောလာသည်။
“မင်းနဲ့အတူ အနက်ရောင်ဝတ်စုံနဲ့ လူရွယ်တစ်ယောက် ကူးလန်ဂြိုဟ်ကို ပြန်လာတာကို တစ်ယောက်ယောက်က မြင်လိုက်တယ်။ အဲ့လူက ကူးထို့ကို သတ်လိုက်တဲ့သူပဲ ဖြစ်ရမယ်”
“သူ ဘယ်သူလဲဆိုတာ ငါ့ကို ပြောစမ်း”
….
ကူးထျန်း၏ စကားကြောင့် ကူးရှုံးနှင့် ကူးမိန်တို့၏ မျက်နှာများ ပြာနှမ်းသွားသည်။ သူတို့နှစ်ယောက်လုံး ပြာနှမ်းနေသော မျက်နှာများဖြင့် ကူးထျန်းအား စိုက်ကြည့်လာကြသည်။
“ကူးထျန်း မင်း ဘယ်လိုလုပ် အပြင်လူတစ်ယောက်ကို မင်းမိသားစုဝင်တွေကို ထိခိုက်အောင် လုပ်ဖို့ ကူညီပေးရတာလဲ”
“မျိုးမစစ်ကောင်။ ကူးထျန်း မင်းက ကျေးဇူးကန်းပြီး ရက်စက်တဲ့လူပဲ”
သူက ငမိုက်သားပင်။
သူတို့၏ ကျိန်ဆဲသံများကို ကြားပြီး ကူးထျန်း၏ မျက်နှာ တင်းမာသွားသည်။
“ကောင်းတယ်၊ သိပ်ကောင်းတယ်”
ထိုသို့ပြောပြီး ကူးထျန်းက တစ်ဘက်လှည့်ကာ ကူးယန်အား တလေးတစား ပြောလိုက်သည်။
“သခင်လေး၊ သူတို့က အရမ်းခေါင်းမာပြနေကြတယ်။ သခင်လေး သူတို့ကို သေစေချင်သလား၊ ရှင်စေချင်သလားဗျ”
ကူးထျန်း၏ စကားကြောင့် ကူးယန်က ခေါင်းညိတ်၍ ခြေကိုမြှောက်ကာ ကူးရှုံးအား အားနှင့် ကန်ကျောက်လိုက်သည်။
ဝုန်း!
ကူးရှုံး၏ ရင်ဘက် ချက်ချင်း ထောက်ခနဲ ကျိုးသွားသည်။ ထို့အပြင် ကူးရှုံးသည် လေး၊ ငါးမီတာခန့် လွင့်ထွက်သွားပြီးမှ ပြန်လဲကျသွားသည်။ ထို့နောက်တွင်မူ သူ သွေးအန်လေတော့သည်။
ကူးမိန်၏ မျက်နှာထက်တွင် အကြောက်တရားတို့ စိုးမိုးလာသည်။ သူမ ကူးရှုံး ထနိုင်ရန်အတွက် ကူညီပေးရန် ပြင်လိုက်စဉ်တွင် ကူးယန်က သူမလည်ပင်းကို ညှစ်၍ ပင့်မြှောက်လိုက်သည်။
“မိန်”
ကူးရှုံး အလွန် ထိတ်လန့်ကာ ထပ်မံ၍ သွေးအန်မိသည်။ သူ၏ အပြုအမူကို ကြည့်ပြီး ကူးယန်က ရက်စက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
“ဒါ မင်းရဲ့ နောက်ဆုံးအခွင့်အရေးပဲ။ ငါ့ညီကို သတ်သွားတဲ့ အဲ့အနက်ရောင်ဝတ်စုံနဲ့ လူရဲ့ နာမည်ကို ပြောစမ်း။ သူ ဘယ်မှာလဲ”
“မင်း သူ့နာမည် ပြောရင် မင်းညီမ အသက်ရှင်မယ်။ အေး မပြောဘူးဆိုရင်တော့ မင်း ညီမ သေကို သေရမယ်”
တောက်!
ကူးရှုံး၏ နဖူး၌ ချွေးများ စို့တက်လာသည်။ ကူးရှုံး အကျပ်ရိုက်လို့နေ၏။
တစ်ယောက်က သူ၏ အသက်သခင် ကျေးဇူးရှင်၊ နောက်တစ်ယောက်က သူ့ညီမလေး။
….
“ရှုံး … မလုပ်နဲ့ … အဲ့ဒါကို ဘယ်တော့မှ မရွေးချယ်လိုက်နဲ့ …”
ကူးရှုံး ချီတုံချတုံ ဖြစ်နေစဉ်တွင် ကူးမိန်က အားကုန်သုံး၍ အော်ဟစ်လာသည်။ သူမ၏ အပြုအမူက ကူးယန်အား လုံးဝ ဒေါသထွက်သွားစေသည်။
“သောက်ကောင်မ၊ မင်း ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”
ထိုသို့ပြောပြီး ကူးယန်က ကူးမိန်ကို လည်ပင်းညှစ်သတ်ရန် ကြံစည်လိုက်သည်။ ထိုစဉ် တံခါးဝသို့ လှမ်းလာသော နောက်ထပ် ခြေသံတစ်သံကို သူတို့ ကြားလိုက်ရသည်။
ထိုခြေသံကို ကြားပြီး လှည့်ကြည့်လိုက်သော အခန်းထဲမှ လူများအားလုံး အလွန်အမင်း တုန်ယင်လာကြသည်။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now